သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ၂၇ နှစ်သား NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်

ငြိမ်းချမ်းအေး – ၂၇ နှစ်သား NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League For Democracy) ဗမာ့နိုင်ငံရေး၊ ဒီမိုကရေစီအရေးမှာ ဝင်ရောက်လှုပ် ရှားခဲ့တာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ၂၇ နှစ် ရှိပါပြီ။  NLD တကယ်စတင် တည်ထောင်ဖွဲ့ခဲ့တာက ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ပါ။  ဗိုလ်မှုးချုပ်ဟောင်းအောင်ကြီး၊ ဗိုလ်မှူးကြီးဟောင်းကြည်မောင် အစု၊ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး ဦးဆောင်တဲ့ မျိုးချစ်ရဲဘော်ဟောင်းများအစု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦးဝင်းတင် အပါအဝင် တတ်သိပညာရှင်များအစု၊ ၁၄ ဦးစီ ၃ စု စဖွဲ့ခဲ့တယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ တရားဝင် ကြေညာချက် အမှတ် (၁) ပြည်သူကို ထုတ်ပြန်တယ်။  “..ရဟန်း ရှင်လူ ကျာင်းသား ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ဒီမိုကရေစီတိုက်ပွဲကြီး အောင်ပွဲခံ သည်အထိ အရှိန်အဟုန် တိုးမြှင့်သွားနိုင်ရန်အတွက် ကျောင်းသား ပြည်သူ ရဟန်း ရှင်လူ လူတန်းစား အလွှာအသီးသီး ပါဝင်စုစည်းသော နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းလိုက်ပြီ..” ဆိုခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ NLD စဖွဲ့ဖို့ ပြင်ဆင် စိတ်ကူးတိုင်ပင်ဆွေးနွေးကြစဉ်အချိန် နိုင်ငံရေး ကနဦး ဘဝမှာကတည်းက သူဖော်ဆောင်မယ့် လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း ‘တည်’ ခဲ့နိုင်တယ်။  အဲဒီအချိန်မှာ စက်တင်ဘာ ၁၈ စစ်တပ်က အာဏာ ထိပ်သိမ်းမှု ဖြစ်ထားပြီးပြီ။  လူသတ်ပွဲ၊ လူဖမ်းပွဲတွေကလည်း ဆက်တိုက် ဖြစ်ခဲ့၊ မြင်ပြီးခဲ့ပြီ။  အဲသလိုအနေအထားမှာ ဒေါ် အောင်ဆန်းစုကြည်က အကြမ်းမဖက်ရေး ဂန္ဒီဝါဒကျင့်သုံးမယ်၊ ဥပဒေဘောင်အတွင်းက တိုက်မယ်၊ တောမခိုဘူး၊ လက်နက် မကိုင်ဘူး၊ မြေအောက်မလျှိုးဘူးဆိုပြီး ဖော်ဆောင်မယ့် နိုင်ငံရေးလမ်းစဉ် နည်းနာကို ချမှတ်ခဲ့တယ်။

NLD ဖွဲ့ရာမှာလည်း ဒီလမ်းစဉ်အတိုင်း အကြမ်းမဖက်ရေးဝါဒစွဲကိုင်ခဲ့တယ်။  NLD ဟာ ၁၉၈၈ လူထုအရေးတော်ပုံကြီး နောက်ပိုင်း နဝတစစ်အစိုးရ ဖိနှိပ်မှု ပြင်းထန်ချိန်၊ နိုင်ငံရေး အကဲဆတ်ချိန်တွေမှာ တပ်မှူးဟောင်းတချို့ စစ်တပ်နဲ့ ရန်မ များချင်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ သမိုင်းဖြစ်စဉ်တွေရှိခဲ့ပေမယ့် အဲဒီကာလ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး ရှစ်လေးလုံး လူထုအုံကြွမှုကြီးနဲ့အတူ ရေချိန်မြင့်နေချိန်မှာ ပြည်သူ့ရှေ့က မားမားရပ် မကြောက်တရားပြ ဦးဆောင်နိုင်ခဲ့တယ်။  ထိုက်သင့် တဲ့ နိုင်ငံရေးတိုက်ပွဲ ဖော်ဆောင်မှုတွေ လုပ်ခဲ့နိုင်တယ်၊ မူဝါဒတွေ ချပြနိုင်ခဲ့တယ်၊ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့တယ်။

အခု (၂၇) နှစ် ကြာခဲ့ချိန်မှာ..။

လက်ရှိတိုင် ဗမာ့ဒီမိုကရေစီခရီးကြမ်းမှာ NLD ဟာ အငြင်းပွားဖွယ်မရှိ တပ်ဦးက ခေါင်းဆောင်နေရာရှိနေဆဲပါ။  ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာအထိ ဖွဲ့စည်းစဉ်က ရန်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီလဲ။  NLD ဟာ လူထု လူတန်းစားအသီးသီးရဲ့ ထောက်ခံမှု အများဆုံး ရှိဆဲဆိုတာလည်း အမှန်ပါ။  ဒါပေမဲ့ ပြည်သူ့အားကို ဘယ်လောက် ကိုးစား ယုံကြည် အကြမ်းမဖက်တော်လှန်ရေးလုပ်ငန်းစဉ်တွေ ဦးဆောင်ဖော်ဆောင်နိုင်ခဲ့သလဲ။

ပထမမေးခွန်းအတွက် လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ဖွဲ့စည်း ပုံပြင်ရေးနဲ့ စတင်ချိန်ကတည်းက ကိုင်ဆွဲလာတဲ့ ရှစ်လေးလုံးရည်မှန်းချက် ဒီမိုကရေစီပန်းတိုင်ခရီး မမြောက်သေးတာကတော့ ထုတ်ပြောစရာမလိုအောင် ထင်ရှားနေပါတယ်။  ဒုတိယမေးခွန်းအတွက်လည်း NLD ဗဟို ခေါင်းဆောင်ပိုင်းရဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုဖြစ်စဉ်တွေမှာ ဦးဆောင်မှု၊ ဝန်းရံမှုအားနည်းခဲ့ကြောင်းကို ၂၀၁၂ နောက်ပိုင်း နိုင်ငံတဝှမ်းဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား ငြိမ်းချမ်းတဲ့ သပိတ်တိုက်ပွဲတွေကို နိုင်ငံရေး မူဝါဒ၊ ရပ်တည်ချက်အရ ခိုင်မာတဲ့ ဦးဆောင်လမ်းညွှန်အားပေးဝန်းရံမှု မပြုခဲ့ခြင်းက အဖြေထင်ရှားပေးနေပါတယ်။  NLD ဗဟိုခေါင်းဆောင်ပိုင်းနဲ့ ဝန်းရံသူ ၈၈ မျိုးဆက်တွေ တက်ကြွတကြီးပါခဲ့တဲ့ အကြမ်းဖက်လူထုလှုပ်ရှားမှုတခုဖြစ်တဲ့ ၄၃၆ ပြင်ရေး လူထုလက်မှတ်ထိုးလှုပ်ရှားမှု အချည်းနှီး ဖြစ်ခဲ့ခြင်းကလည်း ဥပမာအဖြစ်ပြသခဲ့ပါတယ်။

အနှစ်သဘောမှာတော့ ၂၇ နှစ် အကြာမှာ အကြမ်းမဖက် စစ်အာဏာရှင် ဆန့်ကျင်ရေးကနေ စစ်လွှတ်တော်ထဲဝင် စစ်ဖွဲ့ စည်းပုံကို ကျမ်းသစ္စာဆို အဆင့်ထိ ဖြစ်ခဲ့ရတယ်။  စစ်လွှတ်တော်ထဲမှာလည်း လက်ညှိုးထောင် ခေါင်းညိတ်အဆင့် မဖြစ် ရုံတမယ် မလှုပ်သာ မလှည့်သာ အတုန့်အနှောင်ခံခဲ့ရတယ်။  ၂၀၁၅ အလွန်မှာလည်း အစိုးရဖွဲ့ဖို့အရေး မသေချာ၊ ဖွဲ့စည်းပုံချုပ်ကိုင်ကန့်သတ်မှုတွေကြောင့် ‘ကိုယ့်လူတွေ’ လွှတ်တော်မှာ များလာကောင်းပေမဲ့ အရေးအကြောင်း ဖြစ်လာချိန်၊ လူထု အကျိုးနဲ့ စစ်အုပ်စုအကျိုး စစ်တပ်အာဏာ ထိပ်တိုက်တွေ့မှုတွေဖြစ်လာချိန်တိုင်း ‘သူ့ဘက်သား’ ပဲ ၂၀၁၂- ၂၀၁၅ အတိုင်း ၂၀၁၅ အလွန်မှာလည်း ဖြစ်ဖို့များလျက်ပါပဲ။  ဒါက ငြင်းမရတဲ့ အခြေခံသဘောအနေအထား အချက်ကြီး ‘the bottom line’ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဟာ ‘ဥပဒေဘောင်အတွင်း’ ဆိုတာရယ်၊ ‘တရားဝင်မှု’ ဆိုတာရယ်ကို စတင်ချိန်ကတည်းက အမြဲ အလေးထားခဲ့ပါတယ်။  ၂၀၁၂ နောက်ပိုင်း စစ်လွှတ်တော်နိုင်ငံရေးလမ်းကို လျှောက်၊ ပါတီမှတ်ပုံပြန်တင်ခြင်းကိုက အမေရိကန် အပါအဝင် အနောက်အုပ်စုက ပထဝီနိုင်ငံရေး၊ အရှေ့တောင်အာရှ ဒေသတွင်းကို တရုတ်နိုင်ငံနဲ့အပြိုင် လွှမ်းမိုး အာဏာချိန်ခွင့်လျှာညှိလိုမှု Blessing ရှိနေပြီဖြစ်တဲ့ ဝတ်စုံလဲ စစ်တပိုင်းအစိုးရအသစ် သတ်မှတ်ပြဋ္ဌာန်းတဲ့ ‘တရားဝင်မှု’ ကို လိုချင်လို့ ဖြစ်ခဲ့ရတာပါ။  ပြင်းပြင်းထန်ထန် ခါးခါးသီးသီး အကျောက်အကန် ကန့်ကွက်စရာ မရှိပါ။

ဒါပေမဲ့ မေးခွန်းထုတ်ရာမှာက ‘ဘယ်သူက ဘယ်သူတွေကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေလဲ’၊ ‘ဘယ်သူက သတ် မှတ်တဲ့ တရားဝင်မှုလဲ’ ဆိုတာပါ။  ဒါကို စောကြောဆန်းစစ်ဖို့ နိုင်ငံရေးကစားကွက်တွေအကြား၊ ရှုပ်ထွေးမှုတွေအကြား၊ စစ် အုပ်စုရဲ့ အောက်လုံး ခြေထိုးမှုတွေကြားမှာ အမှီအခိုကင်း လွတ်လပ် လမ်းဖောက်တတ်တဲ့ နောက်လိုက် အစုအဖွဲ့ တည် ဆောက်မထားနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီမှာ တကိုယ်တော် ဦးဆောင်ကြဲရင်း အခုအချိန်မှာ လိုအပ်တဲ့ မေးခွန်းတွေထုတ်ဖို့၊ ပြန်လည်သုံးသပ်ဖို့ အားနည်း နှုတ်နည်းသွားနေတယ်လို့ ထင်မြင်ယူဆရပါတယ်။

‘မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဆန့်ကျင်ကြ’ အစား ‘တရားဥပဒေစိုးမိုးရေး’ ဆိုတာကိုသာ တွင်တွင် ကျယ်ကျယ် သုံးစွဲလာခဲ့တယ်။ စစ်တပိုင်းအစိုးရရဲ့ ဥပဒေပြု လွှတ်တော်မှာ ဝင်ရောက် ပါဝင်နေပေမယ့် ‘မတရား ဥပဒေ ပပျောက်ရေ’ ကိုတော့ ထိရောက်အောင် မလုပ်နိုင် ဖြစ်ခဲ့ရတယ်။  ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပြီး ချိန်မှာ နှစ်ငါးဆယ်ကျော် တိုင်းပြည်မှာ ဗိုလ်ကျနိုင်ငံရေး ပါးဝအံတိုနေပြီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းများက တမ်းပြီး ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ရာထူးကိုပေး သူ့သြဇာ ကျယ်ပြန့် လူထုချစ်မှု လောင်းရိပ် အကာအကွယ်ကိုယူ အသုံးချခံထိခဲ့တယ်။  ဒါကို လိမ္မာပါးနပ် အလုပ်နဲ့ရှောင်မှုတိမ်းမှု၊ ဒါမှမဟုတ် လုပ်ပိုင်ခွင့်အာဏာထဲက လူထုအကျိုးကာကွယ်မှုတွေ ထိထိရောက် ရောက် မလုပ်ခဲ့နိုင်ပါဘူး။  ‘တိုင်းပြည်အတွက် အသုံးချခံပါတယ်’ ဆိုတဲ့ လက်တွေ့ မူဝါဒ အနှစ်သဘော မဖော်ဆောင်နိုင်တဲ့ စကားအလှသာ ဖြစ်ခဲ့ရတယ်။

ဥပမာ – အသုံးချခံအဖြစ် လက်ပံတောင်းတောင်ကိစ္စမှာ လက်လွတ်စပယ်တွေ ဇွတ်အတင်း လုပ်ခဲ့ပြောခဲ့ရတယ်။  ‘မီးလောင် ဗုံး’ ကနေ ‘မီးခိုးဗုံး’ ဖြစ်ခဲ့ရတယ်။  တရားရုံးတောင် မတင်နိုင်သေးတဲ့ ရဟန်း ပြည်သူအပေါ် အကြမ်းဖက်ခဲ့သူ အာဏာကိုင်အုပ်စိုးရမ်းကားသူများရဲ့ လက်ကိုင်တုတ် တရားခံများကို ‘သံသယ အကျိုးခံစားခွင့် ရှိတယ်’  ဆိုပြီး အခမဲ့ မေတ္တာရိက ရှေ့နေလိုက်ပေးခဲ့တဲ့အထိ စကားတွေကို အံ့သြတုန်လှုပ်ဖွယ် ကြားခဲ့ရတယ်။  ဒေသခံ လူထုခမျာ ‘နောက်ဆုံး မြေလည်း ဆုံး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆုံးခဲ့ရတယ်’ ဆိုပြီး ဝမ်းနည်းတကြီး ရင်ဘတ်စည်တီး ထုတ်ပြောရခဲ့တဲ့ အဖြစ်တွေ ဖြစ်ခဲ့ရတယ်။

၂၀၁၄ ဒီမိုကရေစီပညာရေး ကျောင်းသာလှုပ်ရှားမှုဆိုလည်း စစ်လွှတ်တော်နိုင်ငံရေး အတွင်းကပဲ၊ အကြမ်းမဖက်မူဘောင် ထဲက လုပ်သာတဲ့ အလုပ်၊ ဦးဆောင်မှုတွေကို NLD ခေါင်းဆောင်ပိုင်း ပါးနပ်ကျွမ်းကျင် Smart ကျကျ မချနိုင်ခဲ့တဲ့အပြင် အောက်ခြေ ပါတီဝင်များကိုတောင် ပါတီလှုပ်ရှားမှုမဟုတ်တဲ့ လမ်းပေါ်ထွက်နိုင်ငံရေးမှာ မပါရ၊ မကူရ စာထုတ်တဲ့ အဆင့် အထိ ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ ဒီနှစ်ခုက မြင်သာတဲ့ လယ်သမား၊ ကျောင်းသား ဖြစ်စဉ်တွေကို ထုတ်နှုတ်ခြင်းသာပါ၊  အ လားတူ ဖြစ်စဉ်တွေ အများကြီး ဖြစ်ခဲ့ပါတယ်။  နှမြောတသ ယူကျုံးမရတွေချည်းပါပဲ။

ဒါပေမဲ့ ဒီလို စစ်ဗိုလ်ချုပ်ကြီးများ အလိုကျ ‘နိုင်ငံရေး လိုက်လျောမှု’ အတွက် အဆုံးသတ်ရလဒ် အခုအချိန်မှာ ဘာအကျိုးမှ မထွက်၊ အလျှော့အတင်း၊ အပေးအယူသဘောတောင် အရာမထင် မကျန်ခဲ့ဖူးဆိုတာကို အထွက်ခတ် ခတ်နေတဲ့ စစ်ဗိုလ် ဟောင်းများ အစိုးရ၊ စစ်တပ်ပါတီနဲ့ စစ်အုပ်စုရဲ့ ၂၀၁၅ နိုင်ငံရေးဖြစ်စဉ်တွေက ပြနေပါတယ်။  လက်နက်ကိုင်ထား လျက်ရှိသူ လက်ရှိစစ်ခေါင်းဆောင်ပိုင်းရဲ့ သဘောထားကိုလည်းလေ့လာကြည့်ပါဦး။

လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်း သြဂုတ် ၂၀၊ ၂၁ ရက်နေ့ ရေဒီယို မေးမြန်းခန်းအထိ စာနယ်ဇင်း တွေ့ဆုံ ဖြေကြားမှုတိုင်းမှာ တပ်မတော်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ သဘောထားတွေက တပ်မတော်ရဲ့စစ်မှန်တဲ့သဘောထားတွေကို ပြနေပါတယ်။  တပ်မတော်က အနာဂတ်နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ  ဆက်လက်ပါမယ်၊ အချိန်အပိုင်းအခြား ပြောလို့မရဘူး၊ ဒို့တာဝန်အရေးသုံးပါး မထိပါးနိုင်တဲ့အထိ ပါနေရမယ်၊ တပ်မတော်ရဲ့ ပြည်ထောင်စုကြီး မပြိုကွဲဖို့ ကာ ကွယ်ရမယ့် တာဝန် အစရှိတဲ့ ဗိုလ်နေဝင်း-ဗိုလ်စန်းယု မဆလခေတ်ကနေ ဗိုလ်စောမောင်-ဗိုလ်သန်းရွှေ နဝတ၊ နအဖ ခေတ်အထိ ကိုင်ဆွဲလာတဲ့ အပ်ကြောင်းထပ် သဘောထားနဲ့ တပ်မတော်အဓိက စစ်ဝါဒမဏ္ဍိုင် သမိုင်းအမြင်ကိုပဲ ကိုင်စွဲနေလျက်ပါပဲ။  ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားမှုကိုပါ မပြောင်းလဲကြောင်းကို ၅၉-စ သမ္မတအရည်အချင်းကန့်သတ်မှုနဲ့  ဗိုလ်မင်းအောင်လှိုင် ရဲ့ သားသမီးမြေးအထိ နိုင်ငံသား ဖြစ်သူတွေပဲ လက်ခံနိုင်မယ်၊ တပ်မတော်နဲ့ ကြည်ဖြူသူ သမ္မတ ဖြစ်တာပဲ လက်ခံတယ်ဆိုတဲ့ RFA မြန်မာပိုင်းကို ဖြေကြားခဲ့မှုတွေက သက်သေပြနေပါတယ်။

ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် အားစိုက်သလို ရွေးကောက်ပွဲ အလွန်မှာလည်း အမှန်တကယ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ နည်းဗျူဟာ ပြန်လည်သုံးသပ်မှု၊ ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင် ချမှတ်မှုတွေ ရှိဖို့ လိုနေပါတယ်။  အခုလည်း ရှိတယ် ဆိုရုံနဲ့ မရပါ။  လက်ရှိအနေအထားက အကောင်းဆုံးမဖြစ်ခဲ့လို့ ဘာမှ မပြောင်းခဲ့တာဆိုတာကို လက်ခံ၊ ဝန်ခံနိုင်ရပါမယ်။  ဒါတွေအပြင်  NLD မှာ တခြား တာဝန်ခံ ဖြေရှင်းစရာ တိုင်းပြည် အရေးအရာတွေလည်း အများကြီး ကျန်နေပါသေးတယ်။

၂၆ နှစ်ပြည့် ၂၀၁၄ နှစ်ပတ်လည်တုန်းက NLD က ကြေညာချက်ထုတ်ခဲ့ပါတယ်။  လတ်တလော တာဝန် ၂ ရပ် ရှိတယ် ဆိုခဲ့ပါတယ်။  ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်ရေးနဲ့ ဖွဲ့စည်းပုံပြင်ရေး ၂ ချက်ပါ။  NLD လွှတ်တော် နိုင်ငံရေး ဝင်ခဲ့ရခြင်း အကြောင်း တချက်ဖြစ်တဲ့ ပြည်တွင်းစစ်  ရပ်စဲရေး အတွက် အရေးပါတဲ့ ဖက်ဒရယ်ကိစ္စကို ဦးထိပ်တင်ဆဲဖြစ်နေတာ ဝမ်းသာစရာပါ။  အရင်ကတည်းကလည်း တိုင်းရင်းသားလူနည်းစုအဖွဲ့အစည်းများက ယုံကြည်လို့ ဒုတိယပင်လုံ ညီလာခံ ဖြစ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် တာဝန် သက်နှင်းပေးခဲ့တဲ့ မဝေးသေးတဲ့ သမိုင်းရှိပါတယ်။

ဒါပေမဲ့ NLD အနေနဲ့ တိုင်းရင်းသားလူမျိုးစု နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်း မဟာမိတ်ပြု၊ ယုံကြည်မှု အခိုင်အမာ တည်ဆောက်မှု ဘယ်အတိုင်းအတာအထိ လုပ်နိုင်ခဲ့ပြီလဲ။  အခု ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် NLD ဟာ တိုင်းရင်းသားလူနည်းစု ပါတီများနဲ့ မဟာဗျူဟာမြောက်တဲ့ ပူပေါင်းမှု၊ သဘောတူညီမှုတွေ မတည်ဆောက် နိုင်ခဲ့ပါဘူး။  တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ ကိုယ်စားလှယ် ဝင်ရောက် ယှဉ်ပြိုင်မှု ရှောင်ပေးမှု၊ နားလည်မှုယူမှုတွေလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။  ပါတီအတွင်းမှာပဲ လူနည်းစု တိုင်းရင်းသား လူမျိုး၊ ဘာသာဝင်တွေကို ဦးစားပေး စဉ်းစား လွှတ်တော် အမတ် ကိုယ်စားလှယ်လောင်းရွေးပါတယ် ဆိုတဲ့ မူပဲ ချနိုင်ခဲ့ပါတယ်။

ဒီကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမှာကို ချမှတ်ထားတဲ့ ပါတီမူတွေဖြစ်တဲ့ အမျိုးသမီး၊ ပညာတတ်၊ လူငယ်၊ တိုင်းရင်းသား နဲ့ ပါတီအပေါ် နှစ်ရှည်လများသစ္စာစောင့်သိခဲ့သူ ဦးစားပေးမယ်ဆိုတဲ့ အချက်တွေကို တကယ်ရွေးချယ်ချိန်မှာ အပြည့်အဝ မလိုက်နာနိုင်ခဲ့ပါဘူး။  ဥပမာ – ပညာလည်းတတ် လူငယ်လူရွယ်ပိုင်းလည်းဖြစ်၊ ဒီမိုကရေစီအရေး၊ နိုင်ငံရေးသြဇာနဲ့ သမိုင်း လည်းရှိသူ ဒေါက်တာ ညိုညိုသင်း၊ ကိုကိုကြီးတို့ကို တရားဝင်ပါတီဝင်အဖြစ် တလျှောက်လုံး ရပ်တည်ခဲ့တာမဟုတ်ဆိုတဲ့ အချက်ကိုကြည့်ပြီး မရွေးခဲ့တာဟာ မူအရဆိုရင် လက်ခံရမှာပါ။

ဒီမူဟာ အခြား ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေကိုပါ တပြေးညီသက်ရောက်ရပါမယ်။ ပါတီဗဟိုက နောက်ဆုံး အတည်ပြုလိုက်တဲ့ တခြားရွေးချယ်မှုစာရင်းမှာ ဒီမူကို ဆန့်ကျင်တာတွေ အများကြီးပါနေတော့ ဒီကိုယ်စားလှယ်ရွေးချယ်မှု အငြင်းပွားမှုတွေဟာ လူအများကြား သတင်းဖြစ်၊ စာနယ်ဇင်းပေါ်ရောက်၊ မလိုလားအပ်ဘဲ ပါတီတွင်းနဲ့ ဝန်းရံသူ ဒီမိုကရေစီအင်အားစုများကြား စည်းလုံးရေးပြိုကွဲစရာ ဖြစ်ခဲ့ရသလို၊ NLD နဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်အပေါ် မဖြစ်မနေ ယုံကြည်မျှော်ကိုး အားထားနေကြရတဲ့ လူထုလူအများအတွက်လည်း စိတ်ရှုပ်ထွေးစရာ၊ အမြင်အတွေး ဝေဝါးစရာ ဖြစ်ခဲ့ပါတယ်။  ပါတီတွင်း ဒီမိုကရေစီမရှိမှု၊ ဗဟိုချုပ်ကိုင်မှုများမှု၊ ခိုင်မာသြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အပ ခေါင်းဆောင် တွေ မမွေးထုတ်နိုင်မှု၊ အချင်းချင်း သွေးထိုး၊ သွေးကွဲ နေရာလုမှု စတဲ့ လူထု အားလျော့စရာသတင်းတွေ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရတယ်။

နို့ပေမဲ့ အာဏာထိုင်ခုံလုပွဲတွေမှာ ပိုမိုပွဲကြမ်း၊ လက်နက်သုံးအဓမ္မစရိုက်ကို သမိုင်းစဉ်လာမပျက် ထုတ်သုံးခဲ့တဲ့ စစ်တပ် ပါတီကြံ့ခိုင်ရေးရဲ့ ဖြုတ်ထုတ်ပွဲသတင်းတွေ ဆက်တိုက်တက်လာခဲ့တော့ လူထုလူအများကြားမှာ အဖြူ၊ အမည်းတော့ သဲကွဲနေသေးပါတယ်။  နိုင်ငံရေးရုပ်ပျက်မှုတော့ တဆုံးအလွန်အကျွံ မဖြစ်သေးဘူးလို့ NLD ထောက်ခံသူများကြား ဖော့ သုံးသပ်လို့တော့ ရပါတယ်။  စစ်အုပ်စုရဲ့ ဘယ်တော့မှမပြောင်းတဲ့ (မပြောင်းမယ့်) အာဏာဆုပ်ကိုင်ရေးလမ်းစဉ် နည်းနာ ဟောင်းတွေ ကျင့်သုံးမြဲဖြစ်ကြောင်းဟာ စားနေကျ ဇာတ်တူသားဇာတ်လမ်းတွေခင်း၊ လက်နက်အားကိုး အင်အားသုံးပြီး ဗိုလ်ရွှေမန်းကို သင်းသတ်ခဲ့ခြင်းနဲ့ ပြခဲ့တယ်။

ဒီဖြစ်စဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုပို အမြင်ဝါးစရာ မှတ်ချက်တချို့ပြုခဲ့ပါတယ်။  လူထုအကျိုးစီးပွားတွေကို တသက်လုံး မိသားစုအင်ပါယာအလိုက် ဗိုလ်ကျခြယ်လှယ် ဝါးမြိုနေတဲ့ ဗိုလ်ရွှေမန်း ‘မိတ်ဆွေစစ်’ စကားလုံး မလိုအပ်ဘဲ သုံးခဲ့ပါတယ်။  တကယ်တော့ ဒီလို မဟာမိတ်ဖြစ်ကြောင်းပြလိုမှုဟာ ဗိုလ်သိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်နဲ့ ပါတီ၊ စစ်တပ် အင်အားပူးပေါင်း ရေရှည် အာဏာနိုင်ငံရေးမြဲဖို့ စနစ်တကျ ကြံစည်နေတဲ့ လက်ရှိနိုင်ငံရေး အကျည်အတည်း၊ လွှတ်တော် နိုင်ငံရေး ဖြစ်စဉ်အတွက်ကို အသုံးမတည့်ပါဘူး။  မူဝါဒသဘောအရဆိုလည်း လူထုရန်သူအကြီးစားကို “မိတ်ဆွေစစ်’ ဆိုခဲ့ခြင်းဟာ လူထုခေါင်းဆောင်တယောက်အနေနဲ့ အင်မတန် အမြှော်အမြင်ကိုအခြေမခံဘဲ စကားပြောရာ ရောက်ခဲ့ပါ တယ်။

အာဏာနိုင်ငံရေး စကားလုံးအလှ သီအိုရီပျက်တွေ ဖြစ်တဲ့ ‘ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေ ဖြစ်တယ်’ ဆိုတာ လူထုခေါင်းဆောင် တယောက်အနေနဲ့ ဘယ်လိုနိုင်ငံရေး အခြေအနေမျိုးမှာမှ မသုံးသင့်ပါဘူ။  လက်ရှိနိုင်ငံရေး အခြေအနေအရလည်း ဆိုခဲ့သ လို ဒီစကားက အပေါင်းလက္ခဏာဆောင်တဲ့ အထောက်အကူ မဖြစ်ပါဘူး။

ဗိုလ်ရွှေမန်း ကျဆုံးခြင်း ဖြစ်စဉ်မှာ လူထု အမြင်အာရုံကြည်လင် လမ်းမှန်၊ ကမ်းမှန် မြင်ရေး အတွက် လိုအပ်တဲ့ ဦးဆောင်မှုသြ ဝါဒတွေလည်း လူထုခေါင်းဆောင်နဲ့ လူထုပါတီက မပြုလုပ်နိုင်ခဲ့ပါဘူး။  တကယ်တော့ စစ်အုပ်စုသမိုင်းမှာ အာဏာနိုင်ငံရေး၊ ထိုင်ခုံလုရေးအတွက် ဖြုတ်ထုတ်သတ်တွေ အများကြီး ရှိခဲ့ပေမယ့် စည်းလုံး ခိုင်မာ ရပ်တည်ချက် မူဝါဒ တသားတည်း မပြောင်းလဲတဲ့ တူညီတဲ့ စစ်အုပ်စု ဘုံစီးပွား၊ ဥစ္စာ အာဏာ အကျိုး ၊ ဘုံရည်မှန်းချက် ပန်းတိုင် (အနာဂတ် နိုင်ငံရေး ဦးဆောင်လိုမှု) နဲ့ တိုင်းပြည်မှာ လိုအပ်လို့ တပ်မတော်က မဖြစ်မနေ ပါခဲ့၊ ပါနေ၊ ဆက်လက် ပါရဦးမယ် ဆိုတဲ့ စစ်အုပ်စု သမိုင်းအမြင် မယိမ်းမယိုင် မကွဲမပြား ရှိနေမြဲ ရှိနေကြောင်းကို သြဇာရှိသူ ခေါင်းဆောင်က ပြည်သူကို ချမပြနိုင်ခဲ့ပါဘူး။  ပိုမို မူဝါဒ ပိုင်းအားနည်း၊ ပိုမို အမြင်မှား ခံယူချက်လွဲစေမယ့် စကားအပြောအဆိုတွေသာ အခုအချိန်အထိ ကြားခဲ့ရပါတယ်။

ဆွေးနွေးခဲ့သမျှဟာ ၂၇ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းအကျဉ်းနဲ့ မျက်မှောက် ပကတိနိုင်ငံရေး အခြေအနေပါပဲ။  ရွေးကောက်ပွဲမှာ NLD ကို ဝန်းရံဖို့၊ အားပေးဖို့ ဆိုတာ အငြင်းပွားစရာ မရှိ၊ ခေါင်ေးဆာင်တွေ ရန်သူမိတ်ဆွေ မကွဲဖြစ်နေပေမယ့် မဲဆန္ဒရှင် အခြေခံလူထုကတော့ အမြင်မစောင်း မလွဲ၊ ပြည်သူ့အန္တရာယ် ရန်စွယ်တွေကို မဲလက်နက်နဲ့ တနိုင်တာဝန်ကျေ တွန်းလှန် နိုင်ငံရေးတာဝန်ကျေဦးမှာ မလွဲဧကန်ပါပဲ။  ဒါပေမဲ့ ရှစ်လေးလုံး စစ်အာဏာရှင်ဆန့်ကျင်၊ ဆိတ်သုဉ်းရေး ရန်မှန်းချက်ပန်းတိုင် ၂၀၁၅ အလွန်မှာ အောင်မြင်အဆုံး သတ်ဖို့ရာတော့ လူထုဒီမိုကရေစီပါတီ NLD အနေနဲ့ မူဝါဒ နည်းလမ်းပိုင်း ပါးနပ်ဖို့လိုသလို မှန်ကန်ရဲရင့်ပြတ်သားဦးဆောင်နိုင်ဖို့ လိုနေပါတယ်။  ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူနည်းစုအဖွဲ့များနဲ့ နည်းဗျူဟာကျ ပူးပေါင်းရေး၊ ကိုယ့်ဘက်က ပါတီကြီးအနေနဲ့ ဦးဆောင်ဆွေးနွေး သဘောထားကြီးမှုတွေ ပြဖို့လိုနေပါတယ်။  ပါတီရဲ့ ဒေါ်အောင်ဆန်း စုကြည်အလွန် ခေါင်းဆောင်မှုအကျပ်အတည်း ဖြေရှင်းရေး၊ ပါတီတွင်း ဒီမိုကရေစီအပြည့်ရှိရေး၊ ဗဟိုချုပ်ကိုင်မှု ဖြေလျော့ ရေးအတွက်လည်း ပြင်ဆင်ရပါမယ်။

နိဂုံးချုပ်ရရင် စက်တင်ဘာလဟာ ပြည်သူကို ဦးဆောင်နိုင်စွမ်းနဲ့ အခွင့်အရေး အပြည့်ရှိနေတဲ့ NLD မွေးနေ့ နှစ်ပတ်လည် အချိန်အခါကောင်း ဖြစ်သလို ၁၉၈၈ စက်တင်ဘာ ၁၈ ဒုတိယအကြိမ် စစ်အာဏာသိမ်း သွေးစွန်းမိုက်ကန်းခဲ့မှု ဝမ်းနည်းဖွယ် နှစ်လည်လည်း ဖြစ်ပါတယ်။  ၂၇ နှစ်ပြည့် မွေးနေ့ရှင် NLD ဟာ အရွယ်ကောင်၊ အချိန်ကောင်း၊ စုစည်းမှုကောင်းကောင်းနဲ့ စစ်အာဏာရှင်စနစ် ပြောင်းလဲတည်ရှိနေမှု အစုစု၊ သမိုင်းတကျော့ပြန်မှု အလီလီတွေကို အမှန်တကယ် ရပ်တန့်နိုင်ကာ စစ်အုပ်စုသမိုင်းနိဂုံးချုပ်ပေးနိုင်ဖို့ မျှော်ရည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NlD သမိုင်းအဆုံးသတ် လှနိုင်ပါစေ။

ငြိမ်းချမ်းအေး
သြဂုတ် ၂၁၊ ၂၀၁၅ (စာပြီးရက်စွဲ)

(ဆက်သွယ်ရန် နှင့် ပြန်လည်ဝေဖန်ရန် – nyeinchanaye81@gmail.com)

 Cover Credit: PHOTOGRAPH BY PLATON FOR TIME  Jan. 10, 2011


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – ၂၇ နှစ်သား NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်
  1. ဒေါ်အောင်ဆန်းစုကြည်နဲ့ NlD အမိုင်းအဆုံးသတ်လှနိုင်ပါစေ။ ဆိုတဲ့ နောက်ဆုံး ဆုတောင်းဟာတော့ဖြင့် အတ္တနောမတိကို လှစ်ပြနေလွန်းတယ် ။
    ဆောင်းပါးတစ်ပုဒ်လုံး သယ်လာတဲ့ စာရေးသူရဲ့ စေတနာ သဘော အပြု သဘောသုံးသပ်ချက်တွေ ကိုပါ လွှင့်ပစ်လိုက်ရသလို ဖြစ်တယ် ။
    ဒေါ်စု ကိုရော ၊ NLD ကိုရော အဆုံးသတ်ပစ်စေချင်တဲ့အထိ ဗမာ့ နိုင်ငံရေး အချိုးအကွေ့ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ အထိ ဆန္ဒရှိလာကြတာ ၀မ်းနဲ ဖို့ ကောင်းလှတယ် ။
    စေတနာဟံ ဘိက္ခဝေ ကမံ္မ ၀ဒါမိ လို့ ဘုရားဟောရှိပါတယ် ။ အများကောင်းကျိုး ဝေဖန်ထောက်ပြတဲ့ စာမှာ ရင်မှ ဖြစ်တဲ့ အတ္တနောမတိ ကို ဖုံးထားသင့်တယ် ထင်ပါ၏ ငြိမ်းချမ်းရေ ။

    1. သမိုင်းစာလုံးပေါင်း မှားသွားတယ်။ ကိုဖိုးစီ ‘သမိုင်းအဆုံးသတ်လှနိုင်ပါစေ’ ကို ဘယ်လို အနက်ကောက် ချဲ့ယူလိုက်လို့ အလိုမကျ ဖြစ်သွားရသလဲ။ သမိုင်းတခု အဆုံးသတ် လှစေဖို့ သဘောသက်သက်ပါ။

      NLD ရဲ့ သမိုင်းနိဂုံး၊ NLD မပါ ဗမာ့နိုင်ငံရေး က ကျနော် ပြောရုံနဲ့ မဖြစ် သမိုင်းမှာ အလုပ်မမှန်ရင် သူ့ဘာသာ ရှောင်လွဲမရမယ့် ကိစ္စပါ။ ကျနော် ဒါကိုလည်း မရည်ရွယ်ခဲ့ပါဘူး။

      နောက်တခုက ဒ်ါအောင်ဆန်းစုကြည် အလွန် NLD မှာ NLD နိဂုံး မဖြစ်အောင် ကျနော်တို့ အားလုံး ပြောရမယ် ဆိုရမယ်။

      စိတ်ခံစားမှု အတ္တကို ရှေ့တန်းမတင်ဖို့လည်း အမြဲ ကြိုးစားနေပါတယ်။ အမှန်တော့ NLD အကြောင်း ပြောနေရခြင်းကကို စိတ်ခံစားမှု တိမ်းညွတ်လွန်းခဲ့လို့ ဖြစ်နေတာမျိုးပါပဲ။ မလိုမုန်းထားရှိလို့မှ မဟုတ်တာပဲ။

      ကျနော့် စာပါတဲ့ ဂျာနယ်၊ မဂ္ဂဇင်း တွေ NLD စာကြည့်တိုက် လှူတော့ လူတချို့က hypocrite ဆိုခံရတယ်။ ကျနော်တို့က စိတ်ကုန်တာ တပိုင်း၊ ချစ်စိတ်မပြယ်တာ တပိုင်းနဲ့ အမှန်တိုင်း ရှုမြင်သုံးသပ်တာက တကဏ္ဍစီပါပဲ။

Comments are closed.