သရော်စာ မောင်လူရေး

မောင်လူရေး – ဖွတ်ဂါရာမ တဘောင်ကျ ပါတီဖွင့်ပွဲကြီး

Cartoon Sawn Ngo (2013)

မောင်လူရေး – ဖွတ်ဂါရာမ တဘောင်ကျ ပါတီဖွင့်ပွဲကြီး
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၅

ဖွတ်ဂါရာမတွင် နတ်ကတော်လှိုင်း ဓာတ်တော်လှိုင်းသာရှိခဲ့ရာမှ တတိယလှိုင်းအနေနှင့် ကာလသားပေါက်တို့၏ ရက်စ်အော်လှိုင်း၊ စတုတ္ထလှိုင်းအဖြစ် ကာလသမီးပေါက်တို့၏ ချက်ဖော်လှိုင်းတို့ဖြင့် ဒီရေမြင့်သစ်နေတော့သည်။

ယင်းလှိုင်းသစ်များသည် တရက်ခြား နှစ်ရက်ခြား၊ တခါတလေ တလခြား တထောင်စား ကျေးလက်သားဘဝကိုစွန့်ခွါပြီး မလေးရှား ထိုင်းတို့မှာ လူနေမှုဘဝဟန်ပန်များ မြှင့်တင်ဖို့သွားကြရာမှ ရွာကို အလည်ပြန်လာသူတို့နှင့် မြန်မာ့နည်းမြန်မာ့ဟန်ဟစ်ဟော့များ စပ်ကျထားသည့် ဖွတ်ပိုင်ယဉ်ကျေးမှုဖြစ်သည်။  ဒါတောင် အိမ်သာကြွေခွက်နှင့် အင်တာနက်မရှိသမို့ ရက်ရှည်မနေ ပြန်ကြလေ၍သာ တော်တော့သည်။

ယခုအခါ ဖွတ်ဂါရာမတွင် ပဉ္စမလှိုင်းသစ်ပေါ်လာပြန်သည်။ ကာလသားများကြားတွင်မက အကာလသားများ ကြားပါ တဝုန်းဝုန်းဖြစ်နေသည်။ စတုထ္ထလှိုင်းမှ ကာလသမီးပေါက်များ၊ ပထမလှိုင်းမှ နတ်ကတော်ပင်စင်စားများ အပျိုခေါင်းများလည်း ယင်းလှိုင်းကို စီးမည်ဆိုတော့ ဖွတ်ဂါရာမ ကြက်ဖတွေခမျာ ပဝါမကူ ရေမရှူကြေး ခွပ်လက်တပြင်ပြင် ဖြစ်နေကြပြီ။

ယင်းလှိုင်းသစ်သည် သာမညောင်ညမဟုတ်ချေ။ ယင်းလှိုင်းသစ်ဖြစ်ပေါ်လာဖို့ တဘောင်အရင်ပေါ်ထွန်းခဲ့ရာ ဒုတိယဓာတ်တော်လှိုင်းသားများလည်း ယင်းတို့နှင့် ဓာတ်သဘောပါသည်ဟုသဘောပိုက်ကြကာ “ပဉ္စမလှိုင်းကို ဝန်းရံကြ” ဟူသော ကြေညာချက်ပင် ထွက်ပေါ်လာသဖြင့် ပဉ္စမလှိုင်းကို လှိုင်းချုပ်လှိုင်းဟုပင် ကျွမ်းကျင်သူ အချို့က ပြောဆိုနေကြသည်။ အခြားရပ်ရွာများနည်းတူ ဖွတ်ဂါရာမလည်း ယင်းလှိုင်းကို စီးကြပေတော့သည်။ ယင်းလှိုင်းကား အခြားမဟုတ် ပါချေ။ ပါတီလှိုင်းတည်း။ တတိုင်းပြည်လုံး တအုံးအုံးနှင့် ပါတီဗုန်းပေါက်နေသလို ဖွတ်ဂါရာမလည်း ပေါက်လေတော့သည်။

ယနေ့ကား ဖွတ်ဂါရာမပါတီ ဆိုင်းဘုတ်တင်သည့်နေ့တည်း။

တဖက်မှာ နတ်ရုပ်ပေါ်တွင် ပုလင်းတင်ထားသောပုံ၊ အခြားတဖက်တွင် ရေဗြွတ်သေနတ်ပုံနှင့် သောက်သောက်လဲပါတီ ဟူသော စာသားသည်  ရောင်စဉ်ခုနှစ်သွယ်အောက်ခံမှာ ကြွားရရားနိုင်လွန်းလှသည်။ ဆိုင်းဘုတ်ထောင့်နှစ်ဖက်မှ သပြေရွက်များလည်း နေရောင်နှင့် ရွှန်းလက်နေသည်။

ပါတီဥက္ကဋ္ဌတဖြစ်လဲ အမိန့်ရထန်းရည်ဆိုင်ပိုင်ရှင်ဟောင်းငကန်းတေမှာ ပါတီ၏ရည်ရွယ်ချက်များကို စီဒီထစ်နေသည့်အသံမျိုးဖြင့် ရှင်းလင်းမိန့်ကြားနေသည်။

“ဘွန္တော သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ခင်ဗျား၊ သူတော်ကောင်းတို့သိပြီးဖြစ်တဲ့အတိုင်း ကျွန်တော်များသောက်သောက်လဲပါတီဟာ ဝါးတားပါတီ ရေပါတီဆိုတဲ့ တဘောင်နဲ့အညီပေါ်ပေါက်လာတဲ့ ထူးမြတ်တဲ့ပါတီကြီးဖြစ်ပါတယ် ခင်ဗျား။  (လက်ခုတ်သံများ၊ လက်ခေါက်မှုတ်သံများ) ။ ဒီတဘောင်ဟာ တတိုင်းပြည်လုံးကို ပြည်သူပြည်သားဆိုတဲ့ အောက်လက်ငယ်သားဘဝကနေ ဆွဲထုတ်ပြီး အားလုံးကို မင်းဖြစ်စေရမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ပေါ်ထွက်လာတာဖြစ်တယ်လို့ ဒုတိယဓာတ်တော်လှိုင်းခေါင်းဆောင် မဟာပဏ္ဍိတ ဖွတ်ဂူရာမက မိန့်ဆိုပါတယ်ခင်ဗျား။
အဲဒီမိန့်ဆိုချက်ကို ဦးထိပ်ရွက်ပြီးသကာလ ကျွန်တော်များထန်းရည်ဆိုင်မှာ ကာလသားတသိုက်ကိုပင့်ဖိတ်ပြီး တို့တတိုင်းပြည်လုံး တဘောင်နဲ့အညီ ဘယ်လိုမင်းဖြစ်အောင်လုပ်ကြမတုန်းဆိုတာကို ထန်းရည်တုန်းပြီး ထနောင်းခေါက်ကုန်တဲ့အထိ နေ့စဉ်ရက်စက် ဆွေးနွေးကြတဲ့အခါမှာ (အဟမ်း အဟမ်း) ဒီသောက်သောက်လဲပါတီကြီးဖြစ်ပေါ်လာတာပါဘဲ ခင်ဗျား။”

“ဆွေးနွေးပွဲမူဘောင်ကို ပြန်ပြောရမယ်ဆိုရင်တော့ကာ မြန်မာ့နည်းမြန်မာ့ဟန်တွေကို ကမ္ဘာကသိရှိလက်ဖျားခါစေတဲ့ ပြည်ကြီးခင်ကြီးများရဲ့ထုံးကို နှလုံးမူပြီး “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်” ဆိုတဲ့ မြန်မာစကားပုံကို မူချလိုက်ပါတယ်ခင်ဗျား။ အဲဒီမူကို အခြေခံပြီး “ဝါးတားပါတီ ရေပါတီ” ဆိုတဲ့တဘောင်ကို မဆန့်ကျင်စေဘဲ နိုင်ငံတော်ရဲ့ လက်ရှိ အခြေအနေကို ဆင်ခြင်ကြပါတယ်ခင်ဗျား။ အဲသလိုဆင်ခြင်တဲ့အခါမှာ ၈၈ အရေးအခင်းပြီးတာနဲ့ ဒီဘက် အဲအခု ၂၀၁၅ အထိ ၂၇ နှစ်တိုင်တိုင် အရက်ချက်စက်ရုံများ အရက်ဆိုင်များ ကျောင်းကြိုကျောင်းကြား ဘုရားကြို ဘုရားကြားထိ နိုင်ငံတော် အဆင့်သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်ခင်ဗျား။ ဒီဘက်သုံးလေးနှစ်အတွင်းမှာကို ပြည်ကြီးခင်သမ္မတဟာ နို့ပြတ်တာနဲ့တပြိုင်နက် “သက္ကရာဇ်၂၀၁၅ – နိုင်ငံသားတိုင်း အရက်သမား” ဆိုတဲ့ လက်မရွံ့ နှုတ်မရွံ့ခါင်းဆောင်ကြီးများရဲ့ရည်မှန်းချက်ကို  “အရက်အလုံအလောက်သောက်နိုင်ဖို့ အရက်လိုင်စင်ချပေးစို့” ဆောင်ပုဒ်နဲ့အညီ လိုင်စင်လေးသောင်းလောက် ထပ်မံချပေးတယ်လို့သိရပါတယ်ခင်ဗျား။ ”

” အရက်သောက်ခြင်းဖြင့် ခေတ်မီနိုင်ငံတော်ကြီးကို တည်ဆောက်အံ့ ဆိုတာကို နိုင်ငံသားကောင်းတယောက်ရဲ့အလုပ်မှန်းသိနေအောင်ဆိုပြီး နိုင်ငံတော်ကြီးရဲ့အမည်ကိုတောင် မြန်မာဘီယာဆိုပြီး နိုင်ငံတော်မော်ကွန်းဝင်ဘွဲ့ချီးမြင့်ခဲ့သလို ကိုယ့်အမျိုးအရောင် ကိုယ့်ဘာသာအရောင် ကိုယ့်သာသနာအရောင်ကိုလဲ ဘီယာရည်ဖြင့် ပြောင်လက်စေအံ့ဆိုတဲ့ နိုင်ငံတော်အဓိဋ္ဌာန်ကို နိုင်ငံသားတိုင်း စိတ်သန်နေအောင် မြန်မာ့ယဉ်ကျေးမှုမြို့တော်မန္တလေးကိုလဲ သီရိသုဓမ္မမန္တလေးဘီယာအဖြစ်ဘွဲ့တံဆိပ် ခပ်နှိပ်ထားတာကိုလဲ သိသိသာသာတွေ့ရပါတယ်ခင်ဗျား။”

“အဲဒီတော့ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ရမယ်ဆိုရင် အရက်ပေါ်အရက်ဆင့် အရက်နှင့်အရက်ကို အရက်လိုအရက်သွေး အရက်ရေးအရက်ရာ အရက်မှာအရက်သွင်း အရက်ချင်းအရက်ပြိုင် အရက်မြိုင်အရက်တောလုပ်ရမယ်ဆိုတာကို ကျွန်တော်များ တလုံးတဝတည်း ဆုံးဖြတ်ခဲ့နိုင်ပါတယ်။ …”

” နောက် ကျန်းမာရေးနဲ့ပတ်သက်ရင် ဆီထွက်သီးနှံတွေ တရုတ်ပို့၊ မဟုတ်တရုတ်ဆီတွေပြန်သွင်း။သီးနှံတွေတင်ပို၊့ မဟုတ်တရုတ်ဓာတုဗေဒ စားစရာသောက်စရာတွေပြန်သွင်း။ လျှပ်စစ်တွေရောင်း၊ မဟုတ်တရုတ်ကျောက်မီးသွေးစက်ရုံတွေပြန်သွင်း။ ဂက်စ်တွေရောင်း၊ ဖရောင်းတိုင်တွေ ဂက်စ်မီးခြစ်တွေ ပြန်သွင်း၊ ထင်းမီးဖို မီးသွေးမီးဖိုတွေသုံး။ ကျွန်းတွေ သစ်တွေရောင်း၊ မလုံမခြုံဝါးတဲတွေနဲ့နေခိုင်း။ ကျန်းမာရေး အသုံးစရိတ်တွေလျော့ချ၊ စစ်များများတိုက်။ အဲသလို အမျိုးမျိုးကျန်းမာရေးပျက်သထက်ပျက်ပြီး အသက် တိုသထက်တိုအောင် နိုင်ငံတော်အဆင့်စီမံချက်ချ လုပ်ဆောင်နေတာကိုလဲ လေ့လာတွေ့ရှိရပြန်တယ်။”

” အဲဒီစီမံကိန်းတွေ ပိုမိုအားကောင်းလာအောင် တပ်မတော်သားတွေရဲ့ငွေကြေးထည့်ဝင်မှုနဲ့ တပ်မတော် အကြီးအကဲတွေကိုယ်တိုင်ဦးဆောင်ပြီး အရက်ချက်စက်ရုံများ စီးကရက်စက်ရုံများကို တောင်သူတွေဆီက စိုက်ပျိုးမြေတွေသိမ်းပြီး တည်ထောင်လုပ်ကိုင်နေတာတွေကိုလဲ လေ့လာတွေ့ရှိရပါတယ်ခင်ဗျား။

” အဲသလို အသက်တိုပြီး အရက်ရှည်အောင် နိုင်ငံတော်အကြီးအကဲတွေဟာ ဘာ့ကြောင့်များ နိုင်ငံတော် အဆင့်ထား ဆောင်ရွက်နေကြပါလိမ့်ဆိုတာကို ကျွန်တော်များ ရက်ပေါင်းများစွာဆင်ခြင်သုံးသပ်ကာမှဘဲ ကျေနပ်စရာကောင်းလောက်တဲ့အဖြေကို ရခဲ့ကြပါတယ်။ အဲဒါကတော့ ကာကွယ်ရေးအမြင် ဖြစ်ပါတယ်ခင်ဗျား။”

“သလိုပါ သလိုပါ။ ကျွန်တော်များဖွတ်ဂါရာမမှာ လုံမပျိုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကာလသားတိုင်းက ဂေါ်ပြီဆိုရင် အဲဒီထဲက ဘယ်သူ့ကိုဂေါ်ပါသလဲ။ (ကွမ်းတောင်ကိုင် … ကွမ်းတောင်ကိုင် …) (ကာလသားများဆီက တခဲနက်အသံကြီး ပေါ်ထွက်လာသည်) အဲဒါပါဘဲခင်ဗျား၊ အင်မတန်လှတဲ့ ကွမ်းတောင်ကိုင်မလေး တဏှာရူးတွေလက်ထဲ ပါမသွားအောင် သူ့မိဘများက မကာကွယ်နိုင်သလို အင်မတန်မှ မြေပေါ်မြေအောက် တန်ဖိုးကြီးတဲ့ သဘာဝသယံဇာတပေါကြွယ်ဝတဲ့ ကမ္ဘာရွာရဲ့ကွမ်းတောင်ကိုင် ကျွန်တော်များနိုင်ငံတော်ကို ဥစ္စာရူးနိုင်ငံကြီးတွေလက်ထဲ ပါမသွားအောင် မကာကွယ်နိုင်ပါဘူးခင်ဗျား။”

” အဲဒီမှာ ဒီနိုင်ငံသမတလုပ်မဲ့သူဟာ ကာကွယ်ရေးအမြင်မရှိရင် ပွဲသိမ်းပြီပေါ့ဗျာ။ မလှတဲ့သူ အရုပ်ဆိုးတဲ့သူကို ဝိုင်းပိုးသူမရှိသလို ကျွန်တော်များတိုင်းပြည်ကိုလဲ မလှအောင် အရုပ်ဆိုးအောင် သယံဇာတတွေကုန်အောင် တတိုင်းပြည်လုံး မကျန်းမမာ အေပိုး ဘီပိုး စီပိုး တီဘီပိုးတွေ ကူးစက်ရောဂါတွေနဲ့ပြည့်နေအောင် လူတွေအားမရှိ၊ လုပ်ငန်းမကျွမ်းကျင်၊ လျှပ်စစ်မရတော့ ရင်းနှီးမြုပ်နှံမှုတွေမလာအောင် … အဲဒါတွေကို ဖြေရှင်း ပျောက်ကင်းအောင်လုပ်နိုင်တဲ့ ပညာတွေ မတတ်အောင် အကြွေးဖုံးနေအောင်လုပ်ထားလိုက်မယ်ဆိုရင် ဘယ်သူမှ သိမ်းပိုက်တော့မှာ မဟုတ်တော့ပါဘူးခင်ဗျား။”

(ကောင်းချီးပေးသံများ ပွက်လောညံနေသဖြင့် အရောင်ပါသောရေကိုသောက်ရင်း ဆက်ပြောဖို့ စောင့်နေသည်)

“အဲသလိုကာကွယ်ရေးအမြင်နဲ့ တတိုင်းပြည်လုံးချွတ်ခြုံကျဖို့ဆိုရင် အဓိကကတော့ အရက်ဘဲဖြစ်ပါတယ်ခများ။ အရက်ကသာ တိုင်းပြည်ကိုလဲ ချွတ်ခြုံကျ၊ ပြည်သူတွေကိုလဲ ဇရက်မင်းစည်းစိမ်ကို ပေးနိုင်မှာပါခမျာ။ တတိုင်းပြည်လုံး အရက်ကိုသာ နေ့မနားညမနား ရာသီသုံးပါးမရွေးသောက်နေကြမယ်ဆိုရင် ဝါးတားပါတီ ရေပါတီ တဘောင်ရဲ့အဓိပ္ပါယ်ဟာ  နိမ့်ကျသောပြည်သူပြည်သားအဖြစ်ကနေ မြင့်မြတ်သောမင်းအဖြစ်လို့ ပညာရှင်ဖွတ်ဂူရာမပြောတဲ့အတိုင်း ပြည်သူတွေအကုန်လုံးလဲ မင်း၊ အဲ … ဇရက်မင်းဖြစ်ပြီပေါ့ခင်ဗျား။

” အဲဒီတော့ သပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ခများ … ဝါးတားပါတီ ရေပါတီဆိုတဲ့ တဘောင်တော်နဲ့ ပေါ်ပေါက်လာတဲ့ ကျွန်တော်များ သောက်သောက်လဲပါတီကြီးသာ မဲအများစုရပြီး အစိုးရလဲဖွဲ့နိုင်မယ်၊ ကာကွယ်ရေးအမြင်ရှိတဲ့အတွက် ကျွန်တော်ငကန်းတွေသာ သမတကြီး ဖြစ်မယ်ဆိုရင် … နတ်ပွဲခြောက်လ သင်္ကြန်ခြောက်လ ကျင်းပမှာဖြစ်ပါတယ်ခင်ဗျား။”

(လက်ခုပ်တီးသံ လက်ခေါက်မှုတ်သံများ မရပ်မနားဖြစ်နေ၍ ပါတီတွင်း စည်းကမ်းထိန်းသိမ်းရေးမှုးများကိုယ်တိုင် ကွင်းအတွင်းဆင်းကာ ထိမ်းနေရသည်)

“လမ်းထောင့်တိုင်းမှာ အဖြူတဆိုင် အနီတဆိုင် ဖွင့်ပါမယ်ခင်ဗျား။  (ဟေးဟေးဆိုသောအသံများ အဆက်မပြတ်ထွက်နေပြန်သည်) ကျွန်တော်သာ သမ္မတကြီးဖြစ်ရင် မိဘပြည်သူများခင်ဗျား … ဆိုတဲ့ နိမ့်ကျတဲ့စကားရပ်အစား ဇရက်မင်းများခင်ဗျား … ဆိုတဲ့ မြင့်မြတ်တဲ့စကားရပ်ကို ပြောင်းလဲ သုံးစွဲပါမယ်ခင်ဗျား။”

(ကန်းတေ ကန်းတေ ကန်းတေ ကန်းတေ) (သံပြိုင်၊ အခွန်း ၂၀ခန့်)

“ဖွတ်ဂါဆွေရင်း ဇရက်မင်းတို့ခများ … ။ ကျွန်တော်များ ငကန်းတေဆိုတဲ့လူ၊ ငခွေး ဆိုတဲ့လူ၊ ငလေပန်း ဆိုတဲ့လူ၊ ငသေးလူး ဆိုတဲ့လူ၊ ငပိန်းတိမ် ဆိုတဲ့လူ အဲဒီလူတွေကို မကြည့်ပါနဲ့။ သောက်သောက်လဲပါတီရဲ့ (မူ) ကိုသာကြည့်ပြီး မဲပေးကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။”

တခဲနက် လက်ခုပ်သံများ ပေါ်ထွက်လာပြီးနောက်  …
” ဟလို ဟလို တက်စတီ ဝမ်းတူး သုံး … ၊ ပါတီဖွင့်ပွဲသို့ကြွရောက်လာသော မိဘပြည်သူ အဲ အဲ မိဖ ဇရက်မင်းတို့ရှန့် … အားလုံးသောက်ပြီးမှ ပြန်ကြဖို့ မေတ္တာရပ်ပါတယ်ရှန့် ။ အရက် ဘီယာ ထန်းရေ အလုံအလောက်စီမံထားပါတယ်ရှန့် …” ဆိုသော အခမ်းအနားမှူး ချက်ပေါ်လှိုင်းခေါင်းဆောင် ဂွက်ထော်ဂျွိုင်းရဲ့အသံကို မင်္ဂလာရှိစွာ ကြားလိုက်ရပြီးသကာလ…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts