Han Thit Naing သတင်းပဒေသာ
တပ်သိမ်းမြေများအား ပိုင်ရှင်အစစ်အမှန်များထံပြန်ပေးလိုကြောင်း
          တပ်သိမ်းမြေများအား ပိုင်ရှင်အစစ်အမှန်များထံပြန်ပေးလိုကြောင်း
          ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၁၈ရက်၊ ၂၀၁၅ခုနှစ်
 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းကျေးရွာရှိ လယ်ဧက ၃၀၀ကျော်ခန့်ကို စစ်တပ်မှသိမ်းဆည်းထားခဲ့သည့်အတွက် လယ်ပိုင်ရှင်များက ပြန်လည်ရယူလိုကြောင်း သြဂုတ်လ ၁၇ရက်က ရန်ကုန်မြို့၃၆လမ်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
          ၁၉၉၁-၁၉၉၂ခုနှစ်တွင် ရန်ကုန်တိုင်းဒေသတွင်း  ရှမ်းချောင်းကျေးရွာရှိ လယ်ဧက ၃၀၀ကျော်ကို ခမရ(၅၃၂)စစ်တပ်မှသိမ်းယူခဲ့ပြီး အဆောက်အဦးများ၊ ဆိုင်ခန်းများ ဖွင့်လှစ်ထားသည်။ တချို့နေရာများကို လယ်မြေအဖြစ်ဆက်လက်ထားရှိပြီး သီးစားချထားခဲ့သည်။  ရွာမြေများကိုလည်း ဖျက်သိမ်းပြီး ရှမ်းချောင်း ရပ်ကွက်ပြုလုပ်သည်။ ဖျက်သိမ်းခဲ့သောရွာနေအိမ်များအစား  ရှမ်းချောင်းရပ်ကွက်တွင် ပေ၄၀၊ ၆၀ ပြန်ပေးသော်လည်း မိသားစုတစ်စုလျှင် ကျပ်ငွေ ၁၂၀၀၀ပေးသွင်းရသည်။
မပေးလျှင် ထိုမြေကွက် မရပေ။
         ယခုအခါ တပ်သိမ်းလက်ကျန်မြေအလွတ် (၁၁၅) ဧကအား  မြေပိုင်ရှင်(၂၇)ဦးမှ ပြန်လည်ရယူ လိုကြောင်း၊ စစ်တပ်မှပြန်ပေးမည်ဟုစာရင်းကောက်ခိုင်းခဲ့သော်လည်း ယခင်ကျေးရွာဥက္ကဌမှ မြေပိုင်ရှင်၂၇ဦးကို ၃၂ ဦးဟု စာရင်းပိုပြသဖြင့် စာရင်းကွာဟမှုကြောင့် ပထမအကြိမ်တွင် နစ်နာကြေးမရခဲ့ပေ။ ယခုတစ်ကြိမ်တွင်လည်း လယ်ဧကတစ်ခုမှမရှိသူ ဦးဇော်ဝင်းဆိုသူမှ
လက်ရှိအုပ်ချုပ်ရေးမှူးနှင့်ပေါင်းပြီး လယ်မြေ (၁၁၅)ဧက အားလုံးအား ၄င်းမြေဟု စာရင်းတင်မည်ဟုပြုလုပ်နေသဖြင့် မြေပိုင်ရှင်အစစ်များကသက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း (၂၇) ဧကသိမ်းဆည်းခံ ဒေါ်တင်မေမှပြောသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts