News Yan Naung (Bo Ta Htaung)

Standard Chartered Bank နှင့် ဗြိတိသျှကောင်စီတို့ ရဲ့ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ပညာရေးအစီအစဉ် တိုးချဲ့လုပ်ဆောင်

 Standard Chartered Bank နှင့် ဗြိတိသျှကောင်စီတို့ရဲ့ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ပညာရေးအစီအစဉ် တိုးချဲ့လုပ်ဆောင်

ရန်နောင်(ဗိုလ်တထောင်)       မိုးမခ      ဩဂုတ် ၁၈ – ၂၀၁၅

 

 

          Standard Chartered  ဘဏ်နှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ရည်ရွယ်ထားသော ဘဏ္ဍာရေးဆိုင်ရာပညာပေးအစီအစဉ်ကို
မြန်မာနိုင်ငံတဝှမ်းတွင် ဆက်လက်တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  Standard Chartered ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ချုပ် Tina Singhsacha က  ဗြိတိသျှ သံအမတ်ကြီးအိမ်တော်၌  ဩဂုတ်လ (၁၅) ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

          Standard Chartered ဘဏ်၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ချုပ် Tina Singhsacha  က Standard Chartered ၏ ယုံကြည်ချက်မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် ဘဏ္ဍာရေးအခြေအနေနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရေးကို လက်လှမ်းမမီသောအခါ စီးပွားရေးနှင့် လူမှုရေးကျပ်တည်းမှုကို ဖြစ်စေသဖြင့်လူ့အဖွဲ့အစည်းကို  ထိခိုက်စေပါကြောင်း  ၊ငွေကြေးဝန်ဆောင်မှုပညာရေးကို လေ့လာခွင့်ရရန် ဖန်တီးပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စေခြင်း၊တစ်ဦးချင်းဝင်ငွေ တိုးတက်စေခြင်းနှင့် ဘဏ္ဍာရေးထိခိုက်မှုကိုလည်း ကာကွယ်ပေးနိုင်ခြင်းစသည့် ရလဒ်များ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Standard Chartered  သည် ဗြိတိသျှကောင်စီနှင့် ပူးပေါင်းကာ ဤပညာရေးအစီအစဉ်ကို အကောင်အထည် ဖော်ရခြင်းဖြစ်ကြောင်း၊ ဤအစီအစဉ်သည် ဘဏ်၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရေရှည်ရင်းနှီးမြှပ်နှံမှု၏ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဆက်လက်၍  လူမှုရေးတိုးတက်မှု
နှင့် အလုပ်အကိုင်အခွင့်အလမ်း ဖော်ထုတ်မှုများတွင်လည်း အဆင့်မြှင့်ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ဗြိတိသျှကောင်စီ မြန်မာ၏ ညွှန်ကြားရေးမှူး Kevin Mackenzie က ပြောကြားရာတွင် ဗြိတိသျှကောင်စီသည် ဤအရေးပါသော ပရောဂျက်ကို  Standard Chartered ဘဏ်နှင့် ပူးတွဲလုပ်ဆောင်ခွင့်ရ၍ များစွာဂုဏ်ယူမိကြောင်း ၊မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများရှိ စီးပွားရေးနယ်ပယ်အသီးသီးဖြင့် ဆက်စပ်လုပ်ကိုင်ခြင်းအားဖြင့် ဗြိတိသျှကောင်စီ၏ လူမှုစီးပွား  လုပ်ငန်းရှင်များအား ပံ့ပိုးပေးနေသည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံတဝှမ်းပြုလုပ်နေသော အခြားဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီပေးနေခြင်းတို့နှင့် ဆက်စပ်မှုရှိကြောင်း၊  အသေးစား၊ အငယ်စားနှင့်  အလတ်စားလုပ်ငန်းများ တွင် ပညာရပ်ဆိုင်ရာပံ့ပိုးမှုကို ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊စီးပွားရေး ဦးဆောင်သူများကွန်ယက်ကို  ဖန်တီးပေးခြင်းဖြင့်လည်းကောင်း၊ယခုအစီအစဉ်သည် စီးပွားရှာဖွေမှု ၊စွန့်ဦးတီထွင်မှုနှင့် တိုးတက်ကြီးပွားမှုတို့ကို ဖော်ဆောင်နိုင်သော အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          E4E ပညာရေးအစီအစဉ်တွင် ငွေကြေးလည်ပတ်မှုကိုစီမံခြင်း၊ရသုံးခန့်မှန်းတွက်ချက်ခြင်း၊စာရင်းအင်းပညာနှင့် စီးပွားရေးစီမံကိန်းရေးဆွဲခြင်းစသည့်ကဏ္ဍများပါဝင်မည်ဖြစ်ပြီး ဗြိတိသျှကောင်စီ၏ မြန်မာလူမှုစီးပွားကျွမ်းကျင်မှုအစီအစဉ်ကိုလည်း  ဤပညာရေးအစီအစဉ်က အထောက်အကူပြုပေးမည်ဖြစ်သည်။

          ဤအစီအစဉ်ကိုမြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ဗြိတိသျှကောင်စီမှ သင်တန်းဆရာ၊မ များကို မြန်မာနိုင်ငံတဝှမ်း အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ဤ အစီအစဉ်ကို ပို့ချနိုင်ရန် ပညာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများအပြင် လိုအပ်သောအကူအညီများကို ပံ့ပိုးပေးသွားခဲ့သလို သင်တန်းဆရာ၊မ များကလည်း မန္တလေး ၊မော်လမြိုင် ၊တောင်ကြီးနှင့် မုံရွာ မြို့များရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း ၃၆၈ ခုအား သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည်။ ၎င်းအစီအစဉ်ပြီးနောက် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ တိုးမြင့်လာစေရန်နှင့် စီးပွားရေးလုပ်ငန်းတိုးတက်မှု
၊ရေရှည်ဆောင်ရွက်နိုင်မှု အလားအလာများ တိုးတက်လာစေရန် ရည်ရွယ်ကာ ရွေးချယ်ထားသောစီးပွားရေးလုပ်ငန်းများအား  အကြံပေးခြင်းကို လုပ်ငန်း ၁၂ ခုအတွက် ပြုလုပ်ပေးခဲ့ပါသည်။ ယခုနှစ်တွင် Standard Chartered ဘဏ်နှင့် ဗြိတိသျှကောင်စီတို့မှ ပဲခူး၊ပုသိမ်၊ကျိုင်းတုံ နှင့် ပခုက္ကူ မြို့များရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် တိုးချဲ့  လုပ်ဆောင် သွားဦးမည် ဖြစ်ကြောင်းလည်း ထပ်မံသိရှိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts