ကဗျာ မှတ်စုမှတ်တမ်း ကျော်ဟုန်း

ကျော်ဟုန်း – ဖမ်းဆီးခံရဆဲ ဗကသ ကျောင်းသား၊ကျောင်းသူ၊ ဝန်းရံပြည်သူတို့ရဲ့ တော်လှန်ကဗျာများ

ကျော်ဟုန်း – ဖမ်းဆီးခံရဆဲ ဗကသ ကျောင်းသား၊ကျောင်းသူ၊ ဝန်းရံပြည်သူတို့ရဲ့ တော်လှန်ကဗျာများ
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၅

ဒီမိုကရေစီပညာရေးစနစ် ပေါ်ထွန်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော  ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူ များကို  လက်ပံတန်းတွင် မတရားဖမ်းဆီး ချုပ်နှောင်ထားပါသည်။ ၎င်းတို့ထဲမှ ဆန္ဒနှင့်ယုံကြည်ချက်များ ဖော်ကျူးထားသော  အချုပ်ထောင်အတွင်းရေးသားခဲ့သည့် ကဗျာများကို  မိုးမခပရိသတ်အတွက်  ပြန်လည်ဖော်ပြလိုက်ပါသည်။
======

• ငါတို့ ကျောင်းသား

ခေတ်အဆက်ဆက်
အသက်၊ သွေးကြွေး ပေးဆပ်
တိုက်ပွဲဝင်သွားသော
ကျောင်းသားတွေရဲ့
ဝိဉာဉ်တွေ ပူးကပ်၊

စစ်အာဏာရှင်
တည်ရှိနေသ၍
တိုက်ပွဲဝင်နေဦးမှာ
ငါတို့ ကျောင်းသား။

ဟန်နီဦး  (ဗကသများအဖွဲ့ ချုပ်)
======

• ၂၇ နှစ်တိုင် ရွာတဲ့မိုး

အဲဒီတုန်းက
တပြည်လုံးကိုသည်းမယ့်
မိုးခါးကြီး စရွာတော့
အင်းစိန် R.R.T ထဲက သွေးစက်တွေ
တံတားဖြူပေါ်က သွေးစက်တွေ
မြေနီကုန်းလမ်းဆုံက သွေးစက်တွေ
မြောက်ဥက္ကလာအဝိုင်းက သွေးစက်တွေ
ဆူးလေဘုရားဝန်းကျင်က သွေးစက်တွေ
တတိုင်းပြည်လုံးက သွေးစက်တွေ
ဒီသွေးစက်တွေ၊ စိတ်ဓာတ်တွေကို
ရာဇဝင်မှာ စာမတင်အောင်လို့ တဲ့
မိုးခါးရေတွေနဲ့ 
လမ်းပေါ်တွေ၊ လူပေါ်တွေ
တိုက်စား ပွန်းဖဲ့ချေဖျက်ခဲ့ပေမယ့်
တစ်ကိုးရှစ်ရှစ်ရဲ့ ကမ္ဗည်းက
ပြည်သူတွေရင်ထဲထိ
ပဲ့တင်ဟီးခဲ့တယ်။

ကိုဖုန်းမော်ပေါ် ရွာတဲ့မိုး
ကိုစိုးနိုင်ပေါ် ရွာတဲ့မိုး
ခုထိလည်း တစွေစွေနဲ့ ၊

ကချင်ဆရာမလေး ၂ ယောက်ပေါ် ရွာချ
ကိုပါကြီးပေါ် ရွာချ
ဒေါ်ခင်ဝင်းပေါ် ရွာချ
ပြည်ထောင်စုပေါ် ရွာချ
ဇူလိုင်မှာ ရွာချ
သြဂုတ်မှာ ရွာချ
စက်တင်ဘာမှာ ရွာချ
မဲနေဆဲ၊ သဲနေမြဲ
ကျုပ်တို့ ကသာ မတားနိုင်သေးတာ
သူတို့ မိုးက ကောင်းနေတုန်း။     ။


မင်းသွေးသစ် (ဗကသများ အဖွဲ့ ချုပ်)

=====

ကျက်သရေမဲ့

အာဏာရှင် တခေတ်လုံး
ကျောင်းဖွင့်ချိန်တွေက
ကျက်သရေ ကင်းမဲ့။
အောင်မြင့်ဟန် (ဝန်းရံပြည်သူ )

ထောင်ချောက်
ရဲတပ်ရင်းများ
အရှေ့  အနောက်
တောင် မြောက် ညှပ်လို့ 
ချီတက်ခဲ့ နေရာများ
ပိတ်ဆို့ ရိုက်နှက် ဖန်းဆီးကြ ၊

ကျောင်းသား၊ ကျောင်းသူ
ဝန်းရံပြည်သူ
ရာဇသံလည်း မကြောက်
အာဏာမာန်လည်း မကြောက် ၊

ငါတို့  …
သားကောင်တွေ မဟုတ်ကြောင်း
သူတို့ ကောင်းကောင်းသိပြီလေ။

မောင်မေတ္တာ ( ABSDF – 209)
=======• အမှောင်ထဲက ကြွေးကြော်သံဆန်တဲ့ ကဗျာ

အမှောင်ရဲ့အကြောင်း စကားကောင်းကြရင်း
အမှောင်ထဲမှာပိတ်မိခဲ့ကြ ငါတို့ ဟာ
လမ်းပျောက်ရှာဖွေသူ ကြယ်လေးတွေကို
နေရာကွက်ကွက်လေးမှာသာ ကြည့်ငေးရင်း
အနိုင်အရှုံးအကြောင်း မေ့စရာရှိတာမေ့
လွမ်းစရာရှိတာ လွမ်းနေရုံ
ငါတို့ မှာ ဝှက်ဖဲ မရှိဘူး၊
ဒီတော့ ခြေပစ်လက်ပစ် ပြုတ်ကျကည်အထိ
လည်စင်းခံခဲ့ရတယ်။

ကျမျက်ရည်ချောင်းလို့ ၊ ဦးပုညလို တင်စား မတတ်
ကြင်သူခင်သူ ဇနီးမောင်နှံတွေ၊ မိဘ သားချင်းတွေ
သွေးနဲ့ မျက်ရည်ကိုသာ ပိုင်ဆိုင်ခဲ့ရတယ်။

သာမန်လူတွေထက် ခံနိုင်ရည်ပိုခဲ့တဲ့ ငါတို့ ဟာ
ငါတို့ ခံနိုင်ရည်ထက်ပိုတဲ့ ညှဉ်းပမ်းရေးကိရိယာအောက်
ခံနိုင်ရည် တစက်မှ မရှိတော့ဘူးဆိုရင်တောင်
ဒီတိုက်ပွဲဆက်နွှဲရန် ငါစည်းတွေပြတ်ရင်း
အောင်လံနီနီ ပွင့်ဝေစေဦးမယ်။

ငါတို့ ရဲ့ ခရီးရှည်ချီတက်ပွဲ
ရန်သူရဲ့ ခံတပ်မြို့ တွေ
သေမင်းတမန် တောင်ကြားတွေ
အဆိပ်သင့် သံဆူးကြိုးတားဂိတ်တွေကျော်
ငါတို့  ဒီမိုကရေစီပင်မစစ်ကြောင်း
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ
မတ်လ တော်လှန်ရေးကို ပြောင်မြောက်စေလိုလည်း
ခုတော့ ထောင်တန်းလျားလေးရဲ့
တဖက်တိုက်တန်းမှာ
ငါးဆယ်ဝပ် မီးလုံးလေးတွေ လွမ်းမောဖွယ်
ထောင်ထဲမှာပဲ ထောင်တွေ ထပ်ကျခဲ့ရတယ်။

အဆောင်ထဲကနေ တန်းတွေ တိုက်တွေ
နံရံထဲက နံရံတွေ၊ အကျယ်တွေ အကျဉ်းတွေ
မီးခိုးတရှိုက်ဆိုပေမယ့်
ဂုဏ်သိက္ခာအရ တိုက်ပွဲဆင်
ဒီလိုနဲ့ 
ထောင်ထဲမှာပဲ ထောင်တွေ ထပ်ကျခဲ့ကြတယ်။

ရာဇဝင်အိုရဲ့  နုပျိုဆဲ တခါတရံတွေအကြောင်း
တနေ့ တော့ ရယ်ရယ်မောမော
ငါတို့ ပြန်ပြောနိုင်ကြဦးမှာပါ။    ။

ရွှေကြယ်မိုး
(ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ထောင်ထဲအတူတူရောက်လာကြသူများထဲမှ
တိုက်ပွဲဆင်ရင်း ထောင်ထဲတွင် ထောင်ထပ်ကျသော(သို့ မဟုတ်) တိုက်ပိတ်ခံရဲဘော် ၇ ဦးသို့ )

•  ဒီမိုကရေစီ ပန်း

အသက်တွေ
ဘဝတွေနဲ့ 
ပေါင်းသင် စိုက်ပျိုး၊

နှလုံးသွေးနဲ့ 
ရင်းနှီးလို့ 

ဖူးပွင့်လာမယ့်
ပန်းတပွင့်
(အားလုံးအတွက် ဖြစ်စေ။)

သီဟဝင်းတင် (ဗကသများအဖွဲ့ ချုပ်)
======

• ထောင်ဝင်စာ စကား -၂

တိမ်မဖုံးပါဘဲ
ပြတင်းတချပ်စာ ကောင်းကင်ကြောင့်
လပြည့်ည၊ လပြည့်ဝန်း
အကွယ်မြန်လှချည့်
ငါ့မှာ ခေါင်းပြူထွက်ခွင့် မရှိ၊
(အလွမ်းတွေ အစာမကြေဘူး မိန်းမရယ်..)။

အစစ
အကုန်လုပ်ပေးရတယ်၊
သမီး ၁၊ သား ၁၊
ကူဖော်လောင်ဖက် မရှိ
ဖြစ်ရဲ့လားကွယ်။

(နောက်ဆံမတင်းနဲ့ ၊
အိမ်အတွက် မပူနဲ့ ၊
ခင်ဗျား ကျန်းမာရေးပဲ ဂရုစိုက်၊
ထွက်ဆိုချက်တွေ၊
ယုံကြည်ချက် မပျောက်စေနဲ့ )
ချစ်လိုက်ရတာ မိန်းမရယ်….။

အောင်မြင့်ဟန် (ဝန်းရံပြည်သူ)
(ချစ်ဇနီးသို့ )

=====

• အဖေမသေဘူး သား

အသုံးမကျတဲ့
အဖေတယောက်ပါ သား၊

သားရေ…
ဘဝဆိုတာ
တိုတိုလေး
ချိုအောင် နေကြ….တဲ့၊
သားလေးဘဝကတော့
ခါးသီးလှပေါ့။

ဒါပေမဲ့…
သမဂ္ဂကို
ဝန်းရံပြည်သူယောက်ရဲ့
တောက်ပခဲ့တဲ့ စိန်စ စိန်မှုန်တွေ
ဘယ်တော့မှ မကုန်ပါဘူး သားရေ…
အဖေ မသေဘူး၊
အဖေ ဘယ်တော့မှ မသေဘူး။    ။

မေတ္တာ  (ABSDF – 209)
======

•  ၈. ၈. ၈၈ ဥဒါန်း

၈၈ ဟာ အခမ်းအနားတခု မဟုတ်ဘူး
၈၈ ဟာ ပြယုဂ်တခု မဟုတ်ဘူး
၈၈ ဟာ ရောင်းကုန် မဟုတ်ဘူး
၈၈ ဟာ ကမ္ဘာမကြေတဲ့ နေ့ ။

၈၈ မှာ တေးသီငှက်တွေ တေးမသီဘူး
၈၈ မှာ တေးဆိုငှက်တွေ တေးမဆိုဘူး
၈၈ မှာ နိုက်တင်ဂေး ရောက်မလာခဲ့ဘူး
၈၈ မှာ နှလုံးသွေးတွေ ပေတရာပေါ်ရောက်ခဲ့တယ်။

၈၈ မှာ ငြိမ်းချမ်းရေးတရားတွေ မနာခဲ့ရဘူး
၈၈ မှာ အာဏာတည်မြဲရေးအတွက်
“ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊
ပစ်ရင် မှန်အောင်ပစ်တယ်” ဆိုတဲ့
စကားတွေပဲ နာခဲ့ရတယ်။

၈၈ မှာ ကျောင်းတက်ခေါင်းလောင်းသံတွေ မကြားရဘူး
၈၈ မှာ  ပစ်..ပစ် သေအောင်ပစ်ဆိုတာတွေပဲ ကြားရတယ်၊
၈၈ မှာ စာအံသံတွေ မကြားရတော့ဘူး
၈၈ မှာ တောက်ခေါက်သံတွေ၊ ငိုညည်းသံတွေပဲ ကြားခဲ့ရတယ်၊
၈၈ မှာ စာသင်ခန်းထဲ ကျောင်းသားတွေ မရှိဘူး
၈၈ မှာ စာသင်ခန်းထဲ  သူတို့ ရဲ့ ဝိဥာဉ်တွေပဲ ရှိခဲ့တယ်။

၈၈ နဲ့ ရဟန်း
၈၈ နဲ့ ပြည်သူ
၈၈ နဲ့ ကျောင်းသား
တသားတည်း ကျခဲ့တယ်။

၈၈ ကို ဖျောက်ဖျက်ဖို့ 
၈၈ ကို မေ့ပစ်ဖို့ 
၈၈ ကို ကျောခိုင်းဖို့ 
ဘယ်တော့မှ မစဉ်းစားနဲ့ ၊
၈၈ ဆိုတာ
ငါတို့ ရဲ့ ရင်ဘတ်ထဲမှာ
ကမ္ဘာတည်သရွေ့  ရှိနေမယ်။  ။

အေးအေးခိုင်  (သေ့ဘောဘိုး ၂၀၄ )
(ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူအပေါင်းအား ဦးညွှတ်အ လေးပြုလျှက်..)

အထက်ပါ ကဗျာများကို ဗန်ကူးဗားဘီစီ၊ ကနေဒါတွင်ကျင်းပသော (၂၇)နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ အခမ်းအနားတွင် ကနေဒါရောက် ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများနှင့် ဒီမိုကရေစီအင်းအားစုများကဖမ်းဆီးခံနေရဆဲ ဗကသအဖွဲ့ ကျောင်းသားကျောင်းသူများ၊ ဝန်းရံပြည်သူများကို ဂုဏ်ပြုသောအားဖြင့် ရွတ်ဆိုခဲ့ခြင်းဖြစ်ပါသည်။

ပြည်ပရောက် ဒီမိုကရက်တစ်များအနေနှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစုများနှင့် တသားတည်းရှိနေခြင်း၊ ဖမ်းဆီးခံကျောင်း သား၊ ကျောင်းသူများအတွက် စိတ်ဓါတ်ရေးရာ ၊ ယုံကြည်ချက်တူရာကို ပြသလိုခြင်းကြောင့် ရွတ်ဆို ဂုဏ်ပြုခဲ့ကြခြင်းဖြစ် ကြောင်း အခမ်းအနားကျင်းပရေးကော်မတီဝင်တဦးမှ ပြောကြားခဲ့ပါသည်။

ကျော်ဟုန်း

သရုပ်ဖော်ပန်းချီ – သန်းဌေးမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts