သတင်းဆောင်းပါး သူတို့အာဘော်

တိုးအောင်တက် – ရွှေမန်းနှင့် နိုင်ငံရေး သီအိုရီ

 တိုးအောင်တက် – ရွှေမန်းနှင့် နိုင်ငံရေး သီအိုရီ
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၅

သူရဦးရွှေမန်း ကြံ့ဖွံ့ပါတီမှအထုတ်ခံရတဲ့သတင်းနဲ့ပတ်သတ်ပြီး ဝေဖန်သံတွေ ထင်ကြေးတွေ ဆူညံနေပြီပေါ့။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့သူတွေကလည်း မြန်မာပြည် နောက်ပြန်လှည့်ပြီလား ပြည်တွင်းလူထုကလည်း ရွေးကောက်ပွဲတရားမျှတပါဦးတော့မလား၊ မီဒီယာတွေမှာလည်း အာဏာရပါတီကြီးရဲ့ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်လိုသော ဦး ရွှေမန်းလိုလူမျိုးနဲ့ တခြားလူထုဘက်ကိုဆောင်ရွက်ပေးလိုတဲ့သူတွေကို ဖယ်ရှားခြင်းဟာ ပြုပြင်ပြောင်းလဲရေးမှာ အနုတ် လဏ္ခာဆောင်တယ်။ မြန်မာတပြည်လုံးရေကြီးခဲ့သလိုဘဲ နိုင်ငံရေးမှာလည်း စိုးရိမ်ရေမှတ်ရောက်နေပြီလို့ ပြောကုန်ကြပြီ။ ဖြစ်နိုင်ချေရှိတဲ့သီအိုရီ (၂) မျိုးကို တင်ပြပါမယ်။

မြန်မာပြည်ဟာ ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုစတင်လာပြီးနောက် သူရဦးရွှေမန်းက ထူးခြားသူတဦး လို့ ဆိုရမှာပါ။

ဦးသိန်းစိန်သမ္မတဖြစ်လာပြီးနောက် ဦးရွှေမန်းက ဒုတိယသမ္မတနေရာယူမယ်လို့ သတင်းထွက်လာခဲ့သော်လည်း သူဟာ အစိုးရအဖွဲ့ထဲ မပါဝင်ခဲ့ဘဲ ပါတီယာယီဥက္ကဌအဖြစ်နဲ့ ပြည်သူ့လွှတ်တော်ထဲမှာဘဲ ကျန်နေခဲ့တယ်။ နောက်ပိုင်းမှာ လွှတ် တော်ဥက္ကဋ္ဌဖြစ်လာပြီး လွှတ်တော်လုပ်ငန်းတွေဘဲ ပိုအာရုံစိုက်လာခဲ့တယ်။ ဦးသိန်းစိန်အစိုးရက မြန်မာ့ဒီမိုကရေစီကို အမေ ရိကန်နဲ့ ဥရောပနိုင်ငံတွေက အသိအမှတ်ပြုဖို့ ပရိုမိုးရှင်းခရီးတွေထွက်ခဲ့ချိန်မှာ ရွှေမန်းကတော့ ပြုပြင်ပြောင်းလဲရေးပိုင်းတွေ ကို ပိုအာရုံစိုက်လာတယ်။ အတိုက်အခံတွေနဲ့ ရင်းနှီးမှုမိုပိုရလာပြီး ၂၀၁၂ က သတင်းစာရှင်းလင်းပွဲတခုမှာ ဒေါ်အောင် ဆန်းစုကြည်ဟာ အတိုက်အခံပါတီခေါင်းဆောင်ဆိုပေမယ့် အတိုက်အခံမဟုတ်တော့ပဲ မိမိတို့နဲ့အတူပူးပေါင်းပြီး ဆောင် ရွက်နေကြကြောင်း ဆိုလာခဲ့တယ်။ ဒီတုန်းက ဒေါ်စုဟာ လက်ပံတောင်းတောင်စီမံကိန်းရဲ့ စုံစမ်းစစ်ဆေးမှုကော်မတီဥက္ကဌအဖြစ်ဆောင်ရွက်ချိန်ဖြစ်တယ်။ အတိုက်အခံအချို့နဲ့တွေ့ဆုံခဲ့သလို ၈၈ မျိုးဆက်များနဲ့လည်း တွေ့ဆုံခဲ့သေးတယ်။

နိုင်ငံခြားခရီးစဉ်တွေတက်ရောက်တဲ့ ဦးသိန်းစိန်ဟာ စကားသိပ်မပြောဘဲ ရိုသေကျိုးနွံတဲ့ပုံတွေ့ရလို့ အမေရိကန်က ဦးသိန်း စိန်ကို ဗန်းပြသမ္မတအဖြစ်မြင်လာပြီး သတင်းတွေမှာ Listener in Chief လို့ခေါ်ခဲ့ပြီး ဦးရွှေမန်းကတော့ အမေရိကန်ကို ရောက်စဉ် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွေပြောခဲ့သလို လေ့လာသွားခဲ့ပါတယ်။ ဒီနောက် ဒေါ်စုနဲ့ ဦးရွှေမန်းတို့ ပိုမို ရင်းနှီးလာဟန်ရှိပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပုံကို မြင်တွေ့နိုင်တယ်။ တဖန်လူမျိုးရေးပြဿနာတွေကြီးထွားလာရာဦးရွှေမန်းက လူမျိုးရေးအဓိကရုဏ်းတွေကိုလက်မခံကြောင်း ၉၆၉ ကို အသိအမှတ်မပြုကြောင်းနဲ့ ဆူပူအောင်လှုံ့ဆော်သူ တွေကိုအရေးယူသွားမယ်လို့ ပြောခဲ့တယ်။ ဒီနှစ်ဆန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ ဦးရွှေမန်းဦးဆောင်ပြီး လွှတ် တော်မှာတင်သွင်းခဲ့တယ်။ မဲခွဲမဆုံးဖြတ်ခင် ဦးရွှေမန်းက ပြည်သူတွေလိုလားတဲ့ပြုပြင်ပြောင်းလဲမှုကိုလုပ်ကြဖို့ တိုက်တွန်းခဲ့ သေးတယ်။

ဒီလှုပ်ရှားမှုတွေကိုကြည့်ရင် ဦးရွှေမန်းဟာ တကယ်ပြုပြင်ပြောင်းလဲဖို့စိတ်ဝင်စားလာကာ ဒေါ်စုနဲ့ အပေးအယူမျှလာတာ တွေ့ရတယ်။ ပထမသီအိုရီအနေနဲ့ကောက်ချက်ဆွဲရရင် ပြုပြင်ပြောင်းလဲဖို့ ခြေလှမ်းကျွံလာတဲ့ ဦးရွှေမန်းနဲ့အုပ်စုကို ပြုပြင် ပြောင်းလဲဖို့ မလုပ်ချင်သူများ (သို့မဟုတ်) အဆင်သင့်မဖြစ်သေးသူများက ပါတီမှအနားပေးလိုက်ခြင်းဖြစ်တယ်။

ဒုတိယဖြစ်နိုင်ချေသီအိုရီကတော့ ဒီလိုပါ။ စစ်အစိုးရအုပ်စုဟာ ပြုပြင်ပြောင်းလဲမှုမလုပ်ခင် သူတို့စိတ်ကြိုက်အခြေခံဥပဒေကို ရေးဆွဲခဲ့တယ်။ သူတို့အတွက်လုံခြုံစိတ်ချရေးဟာ အရေးကြီးတယ်လို့ နိုင်ငံရေးဝေဖန်သူတွေက ပြုပြင်ပြောင်းလဲမှုမလုပ်ခင်ကတည်းက ဝေဖန်နေကြတယ်။ ယခင်ခေါင်းဆောင်ဟောင်းကြီးများရဲ့ အကြီးအကျယ်လာဘ်စားထားမှု ဒီမိုကရေစီတောင်း ဆိုသူတွေကို လူမဆန်စွာနှိမ်နှင်းခဲ့မှု လူ့အခွင့်အရေးချိုးဖောက်မှု တိုင်းရင်းသားတွေကို စစ်ဖြစ်ရာနယ်စပ်မှာ ရွာလုံးကျွတ် သတ်ဖြတ်ခဲ့မှုတွေဟာ သူတို့ရဲ့ထွက်ပေါက်ပိတ်ပြီး အချင်းချင်းစည်းလုံးနေခဲ့ကြတယ်။ သူတို့ချင်း အာဏာလွန်ဆွဲမှုမဖြစ်စေ ဘဲ စည်းလုံးခဲ့ကြတယ်။ ဦးရွှေမန်းရဲ့နောက်ကြောင်းပြန်ကြည့်ရင် သူလည်း မကင်းရာမကင်းကြောင်းပါခဲ့တယ်။ သူရဲ့အာ ဏာနဲ့ သားများစီးပွားရေးလုပ်ကိုင်ခဲ့ပုံ အနောက်တောင်တိုင်းတိုင်းမှူးဘဝက ကရင်ပြည်နယ်က တိုင်းရင်းသားတွေအပေါ်ကျူး လွန်ခဲ့မှုများ၊ ဒီပဲယင်းနဲ့ ရွှေဝါရောင်တော်လှန်ရေးတွေမှာ တာဝန်မကင်းသူတဦးဖြစ်တယ်။ သူက ဒီအုပ်စုကနေခွဲထွက်ပြီး ဒေါ်စုနဲ့ပေါင်းရင် သူလည်းလွတ်ပြီလို့မဆိုနိုင်သေးဘဲ ဘာကြောင့် သူကစွန့်ပြီးလုပ်သလဲ။ စစ်အစိုးရဟောင်းအုပ်စုကလည်း ဘာကြောင့် အခုမှ ထအရေးယူရသလဲ။ တကယ်တော့ ဦးရွှေမန်းဟာအရင်က စစ်ခေါင်းဆောင်ကြီးနဲ့ အလွန်နီးကပ်သူ တစ်ဦးဖြစ်ပြီး စစ်တပ်အသိုင်းအဝန်း ကြံ့ဖွံ့ပါတီထဲက ဘယ်လိုမှရှောင်မရတဲ့ အတွင်းစည်းထဲကလူဖြစ်ပြီး ဦးအောင်သောင်း လက်ရှိကာချုပ် မင်းအောင်လှိုင်တို့နဲ့လည်း တသားတည်းရှိခဲ့တယ်။ ခရိုနီဦးခင်ရွှေနဲ့လည်း ခမည်းခမက် တော်စပ်တယ်။ သူလိုလူမျိုးက တိုင်းပြည်မျက်နှာကြည့်ပြီး သူ့လူတွေထဲက ခွဲထွက်ရဲတဲ့ပုဂ္ဂိုလ်ထူးလား။ ခန့်မှန်းမရတဲ့နိုင်ငံရေးလောကမှာ ဘာမဆိုဖြစ်နိုင်ပြီး အပြင်ကသာမန်လူတယောက်အနေနဲ့ အတွင်းထဲကကိစ္စတွေ ခရေစေ့တွင်းကျ မသိနိုင်ပေမယ့် ဦးရွှေ မန်း တကယ်ပြောင်းဖို့ကြိုးစားတယ်ဆိုတာ မယုံနိုင်သူတွေအတွက် မယုံနိုင်စရာလည်းရှိတာမို့ သီအိုရီနှစ်ကိုဆွဲပါမယ်။

စစ်အစိုးရဟောင်းရဲ့ပြုပြင်ပြောင်းလဲရေးထိရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်အရေးပါပါတယ်။ သူမပါရင်အ နောက်အုပ်စုကယုံကြည်မှုမရနိုင်သလို လမ်းတဝက်က ရပ်ရနိုင်ပါတယ်။ ဒီနေရာမှာ ဒေါ်စုဟာ ဒီပြုပြင်ပြောင်းလဲမှုကို သံ သယဝင်ခဲ့ရင် စစ်အုပ်စုရဲ့ ဒီမိုကရေစီဟာ ရှေ့တိုးဖို့အမှန်တကယ်အခက်အခဲရှိပါတယ်။ ဒေါ်စုဟာ သံသယလည်း မကြာ ခဏဝင်ခဲ့ပါတယ်။ လက်ပတောင်းအရေးအခင်းတွေအပြီး မိတ္ထီလာအဓိကရုဏ်းတွေအပြီးမှာ ဦးသိန်းစိန်ဟာပြုပြင်ပြောင်းလဲ ဖို့ သတ္တိအလုံအလောက်မရှိဘူးလို့ ဆိုလာတယ်။ ဒါပေမယ့် သူမဟာ အတော်အတန်ငြိမ်နေတာတွေ့ရပြီး တချို့က အစိုးရဲ့ အကွက်ထဲပိတ်မိနေပြီဆိုသလို တချို့ကလည်း ဒီမိုကရေစီအပြောင်းအလဲမှာ တဖက်နဲ့တဖက် ယုံကြည်မှုပျောက်သွားမှာစိုးလို့ အတိုက်အခံမလုပ်ဘဲနေတာလားလို့ ထင်ကြေးပေးကြတယ်။

တကယ်တော့ ဝှက်ဖဲက ဦးရွှေမန်းဖြစ်နိုင်တယ်။ ဒေါ်စုဟာ ဦးရွှေမန်းနဲ့ရင်းနှီးလာပြီးနောက် ဒေါ်စုက ရွှေမန်းကို သူ့ဖက်ပါ အောင်စည်းရုံးနိုင်ခဲ့ပြီလို့ တွက်ဆခဲ့မယ်။ ဒီလိုဖြစ်အောင်လည်း ဦးရွှေမန်းက ဒေါ်စုနဲ့ အပေးအယူမျှလာခဲ့တယ်။ ဦးရွှေမန်းက ဒေါ်စုကို ပုဂ္ဂိုလ်ရေး အင်မတန်လေးစားမှုပြလာတယ်။ အခြေခံဥပဒေကို လွှတ်တော်တွင်းမှပြုပြင်နိုင်ရန် သူကူညီပေးမယ်လို့ အရိပ်အယောင်ပေးခဲ့ပြီး မဖြစ်သေးခဲ့ရင်လည်း နောက်အစိုးရသက်တမ်းမှာ ဆက်လုပ်ဖို့ကြိုးပမ်းသွားမယ်လို့ မျှော်လင့်ချက် ပေးခဲ့တယ်။ စစ်အုပ်စုဟောင်းက ဦးရွှေမန်းကို ဒီတိုင်းလွှတ်ထားမှာမဟုတ်ဘူး။ ဒီလိုဖြစ်လာအောင်စီမံခဲ့သလား၊ ရတဲ့ အခြေအနေကိုအသုံးချတာလား၊ ရွှေမန်းကိုယ်တိုင်ဖော်ဆောင်သလားမသိနိုင်ပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဒေါ်စုဘက်ကဘာလှုပ်ရှားမှုမှသိပ်မလုပ်နိုင်ဘဲလာမယ့်ရွေးကောက်ပွဲပေါ်မှာသာ အာရုံစိုက်နေအောင်ချုပ်ထားနိုင်ခဲ့တယ်။ ဒေါ်စုကိုမျှော် မှန်းချက်တွေပေးခဲ့တဲ့ရွှေမန်းကို ရွေးကောက်ပွဲနီးမှ လုပ်ပိုင်ခွင့်တွေကန့်သတ်လိုက်ခြင်းနဲ့ ရှောင်ထွက်ခြင်းလားဆိုတာ ဒုတိယသီအိုရီဖြစ်တယ်။ စစ်အစိုးရရဲ့ခေါင်းဆောင်ပိုင်းအာဏာလုပွဲဟာ တဖက်ကို တဖက်အပြတ်ရှင်းတတ်ပေမယ့် ရွှေမန်း ကို ဒီတိုင်းလွှတ်ပေးထားတာ အန္တရာယ်မရှိကြောင်းပြတာဘဲ။ နိုင်ငံတကာက ဝေဖန်မှာကြောက်လို့ မဖမ်းဘဲထားတာဆိုရင် လဲ အခုလိုဥက္ကဋ္ဌက အတင်းဖယ်ရှားခြင်းက နိုင်ငံတကာကို မကြောက်တာကိုပြနေတယ်။ လွှတ်တော်ဥက္ကဋ္ဌနေရာမှာတောင်ဆက်ထားဦးမယ်ဆိုတော့ အခုအထိပြဿနာမရှိသေးဘဲ ရွေးကောက်ပွဲပြီး နောက်ဒေါ်စုနဲ့ တွဲမရအောင်ပြုလိုရင်းသာဖြစ်ပုံရတယ်။

ဒီသီအိုရီနှစ်ခုမှာ တမျိုးမျိုးဖြစ်နိုင်သလို နှစ်ခုပေါင်းလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပေါင်းမလဲဆိုရင် ရွှေမန်းက အစက ရည် ရွယ်ချက်နဲ့ သူဘာသာသူ့ဖြစ်စေ အဖွဲ့အစည်းကခိုင်းလို့ဖြစ်စေ ဒေါ်စုကို လမ်းလွဲဖို့ချည်းကပ်ခဲ့ပေမယ့် နောက်ပိုင်း သူ့ထွက် ပေါက်ကိုမြင်သွားပြီး ဒေါ်စုနဲ့တကယ်ပေါင်းဖို့ကြိုးစားလာတယ်လို့ ယူစခြင်းပါဘဲ။ ခြေဥပြင်ရေးအဆို မအောင်မြင်တဲ့နောက်ပိုင်းဦးသိန်းစိန်အစိုးရကို ရွေးကောက်ပွဲထပ်မပြိုင်နိုင်ဖို့အထိ ကြိုးပမ်းလာတယ်။ ဒီမှာ စစ်တပ်ကလည်း ဦးရွှေမန်းဟာ တပ်မ တော်ကို သစ္စာဖောက်ဖို့ကြိုးပမ်းလာတာကြောင့် သူမဲရခဲ့တဲ့နယ်က တပ်မတော်သားများက အယုံအကြည်မရှိတော့၍ လွှတ် တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပေးဖို့ ပြန်လှန်ကြိုးပမ်းလာတယ်။ နောက်ဆုံးတော့ အားနည်းသေးတဲ့ ရွှေမန်းတို့အုပ်စု ဖယ်ခံလိုက်ရတယ်ဆိုတာပါဘဲ။

ဒီသီအိုရီအယူအဆများ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ မှန်တာတခုကတော့ အခုထိစစ်အစိုးရဟောင်းအုပ်စုဟာ ပြောင်းလဲဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတာပြနေဆဲဖြစ်ပြီး သူတို့တွေရဲ့ဘဝလုံခြုံမှုကိုထိပါးလာရင် မည်သူကိုမဆို ဖယ်ထုတ်နိုင် ဆဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

Photo credit : irrawaddy.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တိုးအောင်တက် – ရွှေမန်းနှင့် နိုင်ငံရေး သီအိုရီ
  1. အမတ်​ဖြစ်​ လာယင်​ ​တော့ စစ်​တပ်​ကလူဘဲ။
    အမတ်​ မဖြစ်​ရင်​​တော့ ပြု ပြင်​​ပြောင်းလဲ​ရေးကို လိုလားသူပဲ
    ဒါ ဟာ မှတ်​​ကျောက်​ ပဲ

  2. စိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်ပါ။ thanks
    သေချာတာကတော့ နောက်၅နှစ် ဦးသိန်းစိန်ပဲ သမ္မတ လုပ်ကိုလုပ်တော့မှာပါ။ NLD 51% အထက် မဲရမယ်ဆိုရင်တောင် 25% စစ်တပ်နဲ့ကြံခိုင်ရေးထောက်ခံတဲ့ ဦးသိန်းစိန်ပဲ သမ္မတလုပ်တော့မှာပါ။ ဒုသမ္မတ ရာထူးနဲ့ ဝန်ကြီးရာထူးတွေ ဦးရွှေမန်း (သို့မဟုတ်) NLD ရမယ်မထင်ပါဘူး။ မြန်မာခေါင်းဆောင်တွေက ခံယူချက်မတူရင် ပေါင်းမလုပ်တတ်သေးပါဘူး။ တိုင်းရင်းသား တပ်တွေလဲ ဝေစုခွဲပေးတဲ့ အဆင့်ပဲ ရှိနေဦးမှာပါ။ အသာရနေတဲ့ စစ်အာဏာရှင်တွေ အာဏာလုံးဝ ခွဲဝေပေးမှာမဟုတ်ပါဘူး။ အတိုက်ခံတွေကို (ဦးရွှေမန်းအပါဝင်) လွှတ်တော်ထဲပဲ .. အလုပ်များခိုင်းထားမှာပါ။
    .
    အကယ်၍သာ .. တယောက်ကွယ်လွန်သွားရင် .. စစ်ဖြစ်ရင်.. နောက်ဆုံး မြစ်ဆုံအရေးခင်းလို ပြည်သူတွေ တခဲနက်တောင်းဆိုလာရင် .. အစိုးရနဲ့အတိုက်အခံ ညွန့်ပေါင်းအစိုးရ ညီညွတ်လာနိုင်ပါတယ်။
    Personal View

Comments are closed.