ဓာတ်ပုံသတင်း

(၆၅)နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံတွင် ကျင်းပ



(၆၅)နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား နယူးဇီလန်နိုင်ငံတွင် ကျင်းပ

(မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၅

ယနေ့ သြဂုတ်လ (၁၂)ရက်နေ့တွင်ကျရောက်သည့် (၆၅)ကြိမ်မြောက်ကရင့်အာဇာနည်နေ့ အခမ်းအနားအောက်မေ့အလေးပြုပွဲကို နယူးဇီလန်နိုင်ငံရောက် ကရင်အမျိုးသားထုက မန်ဂီရီရပ်ကွက်၊ အော်ကလန်မြို့တွင် NZKA ကရင်အမျိုးသားများအဖွဲ့ (နယူးဇီလန်) ၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ အခမ်းအနားကို နံနက် ၁၁ နာရီတွင်စတင်ကျင်းပခဲ့ရာ NZKA ဥက္ကဋ္ဌစောအာ့နန်းက အဖွင့်အမှာစကားအဖြစ် ကရင်တမျိုးသားလုံးလွတ်မြောက်ရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်စောဘဦးကြီးနှင့် အခြားသော တပ်ဗိုလ်တပ်မှူး ရဲဘော်များ၊ ပြည်သူတို့၏မျိုးချစ်စိတ်ဓာတ်၊ ယုံကြည်ချက်နှင့် ပေးဆပ်မှုများကို အောက်မေ့ဂုဏ်ပြုလိုခြင်းကြောင့် ယခုလိုကရင့်အာဇာနည်နေ့အခမ်းအနားကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းမိန့်ကြားခဲ့ပြီးပြီးနောက် အဖွဲ့၏နာယကဖြစ်သူ ဖဒိုနီနီ့ကလည်း လွန်ခဲ့သော (၆၅)နှစ်က ယခုလိုနေ့တွင်  ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ မျိုးချစ်ခေါင်းဆောင် ရဲဘော်များကျဆုံးခဲ့ရသည်ကို မေ့ဖျောက်မသွားကြရန် မျိုးဆက်သစ် ကရင်လူငယ်လေးများအား သမိုင်းလက်ဆင့်ကမ်း ပြောကြားသွားသည်။ 

 

ထို့ပြင် နာယက ဖဒိုနီနီက ကရင်အမျိုးသားများအနေဖြင့် အရှူံးပေးအညံ့ခံသည့် စိတ်ဓာတ်များ ကင်းစင်ပပျောက်အောင် မိမိတို့၏စွမ်းပကားကို အမြဲမြှင့်တင်နိုင်ရေးနှင့် မိမိကိုယ်ကိုယ် ကာကွယ် နိုင်သော အခွင့်အရေးရရှိရေး၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တိုးတက်ဖွံ့ဖြိုးခွင့်ရှိသော ပြည်ထောင်စုကိုပိုင်ဆိုင်နိုင်ရေးတို့အပြင် မိမိတို့၏ကံကြမ္မာကို မိမိတို့ဘာသာဖန်တီးနိုင်ရေးတို့ကို ကိုင်စွဲထားရန်လည်းလိုအပ်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ အခြားတိုင်းရင်းသားမဟာမိတ်များလည်းတက်ရောက်ခဲ့ကြောင်းသိရပြီး မြန်မာအမျိုးသားတဦးဖြစ်သူ ကိုဆယ်ပြားက ၈၈-လူထုအရေးတော်ပုံကာလ စစ်အာဏာသိမ်းချိန်တွင် မပြီးမြောက်သေးသောဒီမိုကရေစီတိုက်ပွဲဆက်လက်ဆင်နွှဲဝင်ရန် လွတ်မြောက်နယ်မြေသို့ ထွက်ခွာ လာစဉ် ကရင်အမျိုးသားများလွတ်မြောက်ရေး လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေသည့် ကရင် တော်လှန်ရေးခေါင်းဆောင်ကြီးများက ၄င်းတို့အပေါ် ဘ၀တူ အဖိနှိပ်ခံများအဖြစ် ရဲဘော်စိတ် အပြည့်အ၀ဖြင့် ကူညီအားပေးခဲ့မှုကိုကျေးဇူးတင်ရှိကြောင်း၊ ကရင်အမျိုးသားတို့၏တရားမျှသော တော်လှန်ရေး အောင်မြင်ပါစေကြောင်း ပြောကြားခဲ့သည်။ 

အခမ်းအနားတွင် ကရင်ယဉ်ကျေးမှုအမွေအနှစ်၊ စာပေ၊ ကရင်ဘာသာစကားတို့မမေ့ပျောက်အောင် စောင့်ထိန်းရာ၌ တက်ကြွထူးချွန်စွာပါဝင်ခဲ့သည့် ကရင်အမျိုးသားမျိုးဆက်သစ်လူငယ်များအား ဂုဏ်ပြုလွှာများပေးအပ်ခဲ့သည်။

 

 

အဆိုပါ အခမ်းအနားသို့ နယူးဇီလန်ရောက် ကရင်အမျိုးသားများ၊ ဧည့်သည်တော်များ အင်အား ၂၀၀ ခန့်တက်ရောက်ခဲ့ကြပြီး နေ့ ၂ နာရီတွင်အချိန်တွင် ရုပ်သိမ်းခဲ့သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts