သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ပရဟိတစိတ်မှ..ရှေ့သို့ နှင့် မောင်မိုးသူ

Cartoon ATH

မောင်မိုးသူ  – ပရဟိတစိတ်မှ..ရှေ့သို့ နှင့် မောင်မိုးသူ
မော်ဒန်သတင်းဂျာနယ်  ဩဂုတ် ၁၄ -၂၀၁၅

သည်နေ့ မြန်မာပြည်မှာ တစ်မျိုးသားလုံး ဘေးအန္တရာယ် ကြုံတွေ့လာတာနဲ့ တစ်ပြည်လုံးရှိ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူပြည်သားအားလုံး လူတန်းစားပေါင်းစုံ၊အရွယ်ပေါင်းစုံက ပရဟိတစိတ်တွေ ဖြစ်ပေါ်လာပြီး ရေဘေးအလှူငွေ ကောက်ခံကြ၊သွားရောက်လှူဒါန်းကြတာတွေကို ဝမ်းသာပီတိဖြစ်ရ၊ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။  အဲသည်ဖြစ်ပေါ်လာတဲ့ တစ်ခဲနက်ညီညွှတ်တဲ့စိတ်ကနေ ရှေ့သို့ ဘယ်လိုခရီးလှမ်းသင့်တယ်၊ဘယ်လိုထိရောက်အောင် လုပ်ကြမယ်ဆိုတာ စနစ်တကျပြင်ဆင်ထားကြဖို့ လိုအပ်လာပါပြီ။

သဘာဝဘေးအန္တရာယ်တွေ အမျိုးမျိုးရှိတဲ့အနက် ရေကြီးရေလျှံဖြစ်ရတဲ့ အရပ်ဒေသတွေဟာ ဘယ်နေရာဘယ်ဒေသတွေ ဖြစ်ပျက်တယ်ဆိုတာ အခုသိနေကြရပြီ ဖြစ်ပါတယ်။အဲသည် ဒေသတွေရဲ့ အပျက်အစီး ဆုံးရှုံးမှုတွေကို စနစ်တကျ စာရင်းပြုစုကြဖို့ လိုပါတယ်။ ပရဟိတအဖွဲ့အစည်းတွေက ဒေသအလိုက် စာရင်းပြုစုထားဖို့လိုပါတယ်။ အုပ်စုဖွဲ့ပြီး ဒေသအလိုက် ပျက်စီးဆုံးရှုံးသွားတဲ့ အိုးအိမ်များ၊လယ်ယာမြေများ၊ရေဘေးသင့်လူများနဲ့ ကျွဲနွားတွေပါ ဒေသအလိုက် စခန်းဖွင့်ပြီး ပြုစုထားဖို့ လိုပါတယ်။

ယခုအခါမှာ တယ်လီဖုန်းများရှိနေကြလို့ ဖြစ်ပျက်ရာအရပ်မှ ရေဘေးသင့်ပုဂ္ဂိုလ်များ၊ အပျက်အစီးများစာရင်းကို စနစ်တကျပြုစုပြီး အုပ်စုတစ်ဖွဲ့စီရဲ့ သတင်းပြန်ကြားရေးဌာနတွေ ဖွင့်ဖို့ လိုပါတယ်။သည်နေ့ခေတ်ဟာ အိုင်တီခေတ်ဖြစ်လို့ ကွန်ပျူတာနည်းပညာနဲ့ စနစ်တကျစုစည်းပြုစုထားတဲ့ အချက်အလက်စာရင်းတွေကို အဲသည်အုပ်စုက ပြုစုထားရင် ထောက်ပံ့ကူညီသူများကို အချက်အလက်နဲ့တကွ တင်ပြနိုင်မှာဖြစ်ပြီး ဒုက္ခရောက်နေကြသူများရဲ့ စာရင်းအတိအကျ၊သူတို့ဆီကို ဘယ်လိုသွားလာရမယ်၊  ဆက်သွယ်နိုင်မယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။

အဲသည်လို အုပ်စုဖွဲ့ပြီး ဆက်သွယ်ရေးစခန်းကို ဒေသအလိုက်၊အုပ်စုအလိုက် ဖွဲ့စည်းဖို့ဆိုတာ သည်နေ့ခေတ်မှာ မခက်ခဲတော့ပါဘူး။ အဲသည်လို စနစ်တကျရှိလာရင် လှူရတန်းရတာလည်း ဒုက္ခရောက်သူများထံကို ဒုတ်ဒုတ်ထိရောက်အောင် ကူညီနိုင်မှာဖြစ်ပါတယ်။ အပျက်အစီးများနဲ့ ပတ်သက်ပြီး ပြုပြင်ဆောက်လုပ်ဖို့ လိုအပ်တာတွေကိုလည်း ပြည့်ပြည့်စုံစုံ သိနိုင်တယ်။ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေလည်း ဘယ်လိုမျိုးတွေ လုပ်ရမယ်ဆိုတာတွေကို စိုက်ပျိုးနည်း ပညာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ညှိနှိုင်းပြီး ပြုလုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ မြစ်ချောင်းပိတ်ဆို့မှု၊ရေလျှံမှုများကိုလည်း စနစ်တကျပြုစုသိရှိထားမှ ဘယ်သို့ ဘယ်လို လုပ်နိုင်ကြမည်ကို သိနိုင်မှာ ဖြစ်ပါတယ်။

သည်နေ့ခေတ်မှာ ဆောက်လုပ်ရေးတွေမှာလည်း နိုင်ငံတကာ အကူအညီများနဲ့ သစ်ဝါးများမသုံးဘဲ ပလတ်စတစ်၊ ဖိုက်ဘာများကို အသုံးပြုနိုင်ကြဖို့ ကြိုးစားဖို့လိုပါတယ်။

ကြိုတင်ပြင်ဆင်မှုများလည်း လုပ်ထားကြဖို့ လိုပါပြီ။ရေကြီးရေလျှံဖြစ်တဲ့ဒေသတွေဟာ ယခုနှစ်လို ထူးခြားတဲ့နှစ်မဟုတ်လည်း နှစ်တိုင်းဖြစ်နေကျ ဒေသတွေ ရှိပါတယ်။ အဲသည်ဒေသတွေက ရေဘေးဒုက္ခသည်တွေဟာ မိသားစုတွေနဲ့ ကျွဲနွားတွေပါ သယ်ယူလာပြီး တာရိုးတွေပေါ်မှာ လာရောက်နေကြတာတွေ နှစ်တိုင်းမြင်တွေ့နေကျပါ။အဲသည်ဒေသက ရေဘေးဒုက္ခသည်တွေအတွက် Shelter house လို လုံခြုံရာစခန်းများတည်ဆောက်ဖို့ လိုပါတယ်။ရေကြီးလာရင် ရေဘေးသင့်ဒုက္ခသည်များ လာရောက်ခိုလှုံနိုင်ပြီး အဲသည် လုံခြုံရေးစခန်းမှာ အစားအစာတွေ၊ဆေးဝါးတွေ ဖြည့်ဆည်းထားဖို့ လိုအပ်ပါတယ်။

အဲဒါတွေဟာ အစိုးရတာဝန်ပဲဆိုပြီးပြောနေလို့ မဖြစ်တော့ပါဘူး။ ပရဟိတလူမှုအဖွဲ့အစည်းတွေ စုစည်းပြီး ပြည်သူ့အား ပရဟိတအားနဲ့ စုပေါင်းလုပ်ဆောင်လို့ရနိုင်ပါတယ်။အဲသည်လို ပရဟိတ လူမှုအဖွဲ့အစည်းများနဲ့ ဆက်သွယ်ပြီး နည်းပညာနဲ့ ပစ္စည်းပစ္စယအကူအညီတွေ တောင်းခံနိုင်ပါတယ်။ နိုင်ငံတကာမှာ အဲသည်လို ကူညီထောက်ပံ့နေတဲ့ အဖွဲ့စည်းတွေ၊ကုလသမဂ္ဂအပါအဝင် အလှူ ထည့်ဝင်ပေးကမ်းချင်တဲ့ အဖွဲ့အစည်းတွေ အများကြီးပါ။

ကျန်းမာရေးနဲ့ ပတ်သက်ပြီးပဲ ကြည့်ပါ။တီဘီ၊ငှက်ဖျားနဲ့ အိတ်ခ်ျအိုင်ဗီရောဂါများအတွက် ကူညီထောက်ပံ့နေတဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေ အများကြီးပါ။လှည့်လည် ကူညီနေတာ၊လှူဒါန်းနေတာ အထင်အရှားပါပဲ။ဒါပေမဲ့ အဲသည် နိုင်ငံတကာက လှူဒါန်းတဲ့ ပစ္စည်းတွေ၊ဆေးဝါးတွေဟာလည်း အဟောသိကံ မဖြစ်စေဘဲ လိုအပ်တဲ့ သူတွေဆီရောက်အောင် ပရဟိတ စိတ်ဓာတ်ရှိပြီးဖြစ်တဲ့ ပြည်သူတွေဆီကို အရောက်ပို့လုပ်ဆောင်နိုင်ကြပါတယ်။

ဥပမာတစ်ခုပြောရရင် နာရေးကိစ္စ၊ယခင်အခါက နေရေးထက် သေရေးက ခက်ခဲကြဖူးပါတယ်။ အဲသည်လိုအခြေအနေက မန္တလေးက လူထုဒေါ်အမာတို့ရဲ့အသင်း၊ဆရာဦးသုခ စတင်တည်ထောင်ခဲ့တဲ့ ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းတွေ ဖြစ်ပေါ်လာတဲ့အတွက် နာရေးကိစ္စတွေမှာ နိုင်ငံအနှံ့ နာရေးကူညီမှုအသင်းတွေ အများကြီး ဖြစ်ပေါ်လာကြတာ လက်တွေ့ မျက်တွေ့ဖြစ်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေက လုပ်ဆောင်လာကြတဲ့အတွက် ဦးကျော်သူ နာရေးအသင်းနည်းတူ ဝေဠုကျော်ရဲ့ လူမှုကူညီရေးအဖွဲ့၊ပြေတီဦးရဲ့ ပညာရေးဖောင်ဒေးရှင်းတွေ ပေါ်ပေါက်လာနေတာ၊ အောင်မြင်နေတာ အထင်အရှား ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရကလုပ်မှ မဟုတ်ပါဘူး။ပြည်သူ ပရဟိတအဖွဲ့အစည်းများကလည်း စနစ်တကျလုပ်ဆောင်ကြမယ်ဆိုရင် အောင်မြင်နိုင်မယ်ဆိုတာ အထင်အရှားပါ။

သည်တော့ သည်နှစ်မှာ မကြုံစဖူးထူးကဲတဲ့ ရေဘေးသင့်ပြည်သူများကို ဝိုင်းဝန်းအလှူခံ၊ ဝိုင်ဝန်းကူညီထောက်ပံ့ပေးခဲ့ကြတာလည်း အံ့ဩကုန်နိုင်ဖွယ် ဖြစ်ပါတယ်။ စာနယ်ဇင်းသမားများကတဆင့်၊ လုပ်ငန်းရှင် ဘဏ်သမားများကတဆင့်၊ ရေသန့်ကုမ္ပ္ပဏီများ ကိုယ်တိုင်ရော၊ တစ်ဆင့်ပေးလှူမှုရော တွေ့နေကြပါပြီ။

အဲသည် ပရဟိတစိတ်ကို အခြေပြုပြီး ရှေ့သို့ စနစ်ကျတဲ့ လူမှုအဖွဲ့အစည်းများ ၊ပြည်သူအားနဲ့ ပြည်သူတွေ စုပေါင်းလုပ်နိုင်ကြပါတယ်။ စနစ်တကျ လုပ်ဆောင်ဖြစ်ကြဖို့သာလိုတာပါ ။နိုင်ငံတကာက ကူညီချင်နေကြတဲ့အဖွဲ့အစည်းတွေလည်း အများကြီးမှ အများကြီးပါ။

ပရဟိတစိတ်မှ ရှေ့သို့ နှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts