သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အပြစ်ပေးချိန်တန်ပြီ

ငြိမ်းချမ်းအေး – အပြစ်ပေးချိန်တန်ပြီ
(သည်လေဒီးစ်နယူးစ် / မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၅

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး နှစ်ပတ်လည် ကာလကို တခေါက် ဖြတ်သန်းခဲ့ရပြန်ပါပြီ။  ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေရဲ့ မိုးရေစက်တွေအောက်မှာ နိုင်မြန်မာရဲ့ ‘ကမ္ဘာမကြေဘူး’ ကို လွန်ခဲ့တဲ့ ၂၇ နှစ်က ကျောင်းသား လူထု သံပြိုင်ဟစ်ခဲ့ကြသလို အခုလည်း ပြည်သူအများ ထပ်မံဟစ်ဖို့ အဖြစ်ဆိုးတွေ ကြုံနေရပြန်ပါတယ်။  ဒါကတော့ နိုင်ငံတဝှမ်း မုန်တိုင်း မိုးရေများ၊ မြစ်ရေကြီးခြင်းနဲ့အတူ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးဒုက္ခဒဏ်တွေပါပဲ။  ‘သဘာဝအန္တရာယ်ပဲ အစိုးရလည်း ဘယ်တတ်နိုင်ပါ့မလဲ’၊ ‘ဝါထပ်လို့ ရေကြီးတာပါ’ ဆိုတဲ့ အပြော၊ အသိ၊ ဦးနှောက်လောက်နဲ့ ပစ်စလက်ခတ် တာဝန်မဲ့ နှလုံးသားမဲ့ နေတတ်သူ လူတွေကြီးစိုးနေတော့ လူထုဟာ သဘာဝဒဏ်ကို မတန်တဆ ထပ်တိုး နှစ်ဆခံနေရတယ်။  အစိုးရသတင်းစာများကလည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ရေကြီးသတင်း၊ လူသေသတင်းတွေကို လှိုင်လှိုင် အသားပေးတင်ရင်း ကိုယ့်ဆီက ကပ်ဆိုးကို ဖော့ပြကြ၊ အစိုးရရဲ့ လုပ်ရည်ကိုင်ရည် မရှိမှုကို အသာနောက်ထိုး ဝါဒဖြန့်နေကြသေးတယ်။  လူဦးရေ အချိုးအစား နောက်ခံအခြေအနေ မတူတာကိုကျ အသာ ဝှက်ထားကြတယ်။

ဦးထွန်းလွင်လို မိုးလေဝသပညာရှင်က လွန်ခဲ့တဲ့ လကတည်းက ဒီလို ရာသီဥတု ဖောက်ပြန်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ဆော်သြခဲ့ပေမယ့် တာဝန်ရှိ၊ တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အစည်းတွေက အကောင်းဆုံးကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်။  လူထု အသက်၊ အိုးအိမ်၊ စည်းစိမ်ဆက်စပ်ကိစ္စတွေဟာ တရားလက်လွတ် မျက်ကွယ်ပြုခြင်းခံခဲ့ရတယ်။  အရေးပေါ်အခြေအနေကြေညာဖို့တောင် တိုင်းပြည် တဝက် ရေလွှမ်းချိန်အထိ နှောင့်နှေးနေခဲ့သေးတယ်။  အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်စွမ်းတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီယူဖို့ကိုလည်း တလွဲဆံပင်ကောင်း ကြန့်ကြာခဲ့ပြန်တယ်။

အခု ၂၀၁၅ ရေဘေးဒုက္ခဟာလည်း ၂၀၀၈ နာဂစ်မုန်တိုင်းအချိန်လိုပဲ အစိုးရရဲ့ သဘာဝအန္တရာယ် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု အရည်အချင်း မရှိကြောင်း၊ ပြင်ဆင်မထားကြောင်းကို ထင်ထင်ရှားရှားပြသနေတယ်။  ၂၀၀၈ ကာလ ခေါင်းဆောင်သူ စစ်ဗိုလ်ချုပ်များပဲ အခုလည်း ဝတ်စုံလဲ အုပ်ချုပ်နေတာဆိုတော့ လူထုကို အကျိုးပြု ကာကွယ်မယ့် အစိုးရတရပ်မှာ ရှိရမယ့် အရည်အသွေးမပြည့်မီတာဟာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။  ဒီဖြစ်စဉ်မှာ အဓိက ထင်ရှားခဲ့တာက ‘မိဘပြည်သူများ’ ဘယ်လောက်ပဲ စကားအလှ အသံကောင်းဟစ်နေပေမဲ့ လူထုအပေါ် အမှန်တကယ် စေတနာမရှိ၊ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ တရားကို လက်တွေ့မကျင့်သုံး၊ လက်ကိုင်မထားဘူး ဆိုတာပါ။

နောက်တချက်ကတော့ အတွေးအခေါ်ဟောင်းတွေ မပြောင်းသေးဘူးဆိုတာနဲ့ စစ်ဗိုလ်ချုပ်ကြီးများ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံမှာပါ အလေးထားထည့်သွင်းခဲ့တဲ့ စစ်ရေးအမြင်၊ ကာကွယ်ရေးအမြင်၊ လုံခြုံရေး အမြင်တွေကို အခြေခံပြီးပဲ နိုင်ငံရဲ့ အရေးအရာတိုင်းကို၊ လူထုရဲ့ အသက်အန္တရာယ် ဆက်စပ်ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းချင်တယ် ဆိုတာပါ။  နိုင်ငံတကာ အကူအညီ တမ်းမယူဘူးဆိုတာ ၂၀၀၈ နာဂစ်လိုပဲ လုံခြုံရေးကို ဦးစားပေးစဉ်းစားတာပါ။  ၂၀၀၈ တုန်းက နောက်ဆုံးမှာ ကုလ၊ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အကူအညီယူဖို့ကို နိုင်ငံရေး၊ စီးပွားရေးအရ စစ်ဗိုလ်ချုပ်ကြီးများ အမြဲ မှီခိုအားထားခဲ့ရတဲ့ တရုတ်နိုင်ငံက ဝင်ညှိပေးခဲ့ရတယ်။  အကူအညီ မယူရင် အနောက်အုပ်စုရဲ့ ကယ်ဆယ်ရေးတပ်တွေ အလုံးအရင်းနဲ့ တိုင်းပြည်ထဲ ဝင်လာမှာကို အိမ်နီးချင်း တရုတ်နိုင်ငံ မလိုလားတာကြောင့် စစ်အစိုးရအပေါ် ဖိအားပေးခဲ့ခြင်းပါ။

တကယ်လည်း နိုင်ငံတကာ ဥပဒေတွေ သဘောတူထားတဲ့ စာချုပ်တွေအရ တိုင်းပြည် တပြည်ရဲ့ အစိုးရဟာ လူထု လူအများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့ရင်၊ အစိုးရကိုယ်တိုင်က လူထုရဲ့ အသက်ကိုအန္တရာယ်ပြု ခြိမ်းခြောက် နေရင် ကုလဦးဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတပ်တွေက အင်အားသုံး ဝင်ရောက် ကာကွယ်ခွင့်ရှိတယ်။  အစိုးရ တရပ်ရဲ့ အဓိက တာဝန်ဟာ တိုင်းသူပြည်သား လူမျိုး၊ ဘာသာ မခွဲ အားလုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အကာအကွယ်ပေးဖို့၊ စောင့်ရှောက်ဖို့၊ စည်ပင်ဝပြောအောင်လုပ်ဖို့နဲ့ လွတ်လပ်ခြင်း၊ တရားမျှတမှုရှိခြင်း၊ တန်းတူညီမျှရေးကို ဖော်ဆောင်ဖို့ပါပဲ။  ဒီလို အရေးကြီးအဓိက လုပ်ရမယ့် အလုပ်တာဝန်တွေကို စစ်ဗိုလ်ချုပ်ကြီးများရဲ့ အရင် မဆလ၊ နဝတ၊ နအဖ အမည်အမျိုးမျိုးနဲ့ အစိုးရများ ခေတ်အဆက်ဆက် ပျက်ကွယ်ခဲ့သလို အခု ဒီမိုကရေစီအရပ်သား အစိုးရ အမည်ခံတဲ့ အချိန်ထိလည်း အလုံးစုံ ဖြည့်ဆည်းမပေးနိုင်၊ အာမ မခံနိုင် တာဝန်မကျေ ဖြစ်နေဆဲပါပဲ။

ကျွန်တော်တို့ တိုင်းသူပြည်သား လူအများကတော့ ဘာသာရေးအဆုံးအမနဲ့ ရောင့်ရဲကျေနပ်လွယ်၊ သည်းခံနိုင်စွမ်းသူများမို့ တခုခု ဘေးဒုက္ခအတိကပ်ဆိုက်ရင် ကံကံ၏ အကျိုး၊ ၀ဋ်ကံ ကို ဗဟိုပြု ချဉ်းကပ်စဉ်းစား ‘ဖြေ’ တွေးလေ့ရှိကြတယ်။  အမှန်တော့ ၀ဋ်ကံ ချည်းမဟုတ်ပါ။  လူလို မနေရ၊ ခွေးတိုးဝက်ဝင် ဖြစ်ချင်တိုင်းဖြစ် သေရင်တောင် ဦးကျော်သူတို့ရဲ့ နာရေးကူညီမှု ပေါ်လာလို့ တူတူတန်တန် လူအဆင့်အတိုင်းမီ ဂုဏ်သိက္ခာရှိ သေရရှာတဲ့ တိုင်းပြည်မှာ လူဆိုး၊ စနစ်ဆိုးများ ဖန်တီးခဲ့တဲ့ လူကို လူလို အဆက်အဆံမခံရခြင်း အကြောင်းကြီးက အဓိကပါ။

လူတယောက်ရဲ့ အခြေခံ အခွင့်အရေး ဖြစ်တဲ့ ရုပ်ခန္ဓာ ကျန်းမာ၊ သက်ရှည် အနာရောဂါ ကင်းရေး အတွက်ဆိုရင် အဘိဓမ္မာကျမ်း အလိုအရ ‘ကမ္မံ စိတ္တံ ဥတု အာဟာရောစေတိ’ လို့ ဆိုပါတယ်။  ဒီခန္ဓာကိုယ် ရုပ်ကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်းကတည်းက ကံတရားက စီမံ ခဲ့တာဆိုပြီးလည်း ဘာသာ အယူဝါဒအရ ယုံကြည်ကြတယ်။  ဒါပေမဲ့ ဒီ ကမ္မ စိတ္တ ဥတု အာဟာရ ၄ချက်မှာ ရှောင်လွယ်မရတာ မှန်ပေမယ့် ကံ ကိုတော့ အဓိကထား စဉ်းစားလို့မရပါ။  ကံဆိုတာ  လူ့ အလုပ်ပါ။  ဥတု၊ အာဟာရကို ဗဟိုပြုပြီး စဉ်းစားဖို့လည်း လိုပါတယ်။

ဥတု ဆိုတာမှာ တောတောင် သစ်ပင် သဘာဝ ဝန်းကျင် ရာသီဥတုနဲ့ နေထိုင်ရှင်သန်ရတဲ့ လူလုပ်ဝန်းကျင်ဆိုတာတွေပါ ပါတယ်။  ကျန်းမားရေးနဲ့ ညီညွတ် သန့်ရှင်း တဲ့ အနေအထိုင် ပတ်ဝန်းကျင်မျိုး၊ အသက် အိုးအိမ် စည်းစိမ် တည်တံ့ခိုင်မြဲနိုင်တဲ့ စနစ်အဖွဲ့အစည်းမျိုး ရှိခြင်း/ မရှိခြင်း က လူသားတွေရဲ့ ရုပ်ခန္ဓာကိုယ်ကြီး ကျန်းမာစေသော အကြောင်းတရား ဖြစ်သလို လူသား ဘဝ စည်ပင်ဝပြော အဆင့်တန်းမီ Quality of Life ကောင်းစေခြင်း အကြောင်းလည်း ဖြစ်ပါတယ်။  အလားတူ လူသား ရောဂါရစေသော အကြောင်းတရား၊ လူသားဘဝတွေ ချွတ်ခြုံကျ ဓားမနောက်ပိတ်ခွေး ဖြစ်စေခြင်း အကြောင်းလည်း ဖြစ်ပါတယ်။  ထို့အတူပဲ အစားအစာ အာဟာရ ကလည်း ဒီ ရုပ်ကြီးကို ဖန်တီးပြုပြင်တဲ့ သြဇာရှိတယ်။  ခန္ဓာကိုယ်ကို သြဇာဖြစ် စည်ပင် တိုးပွားစေနိုင်သလို၊ ယုတ်လျော့စေနိုင်တယ်။

ဆိုချင်တာက လူဆိုး၊ စနစ်ဆိုးတွေ ရာစုဝက်ကျော် ထင်တိုင်းကြဲ ခဲ့တဲ့ တိုင်းပြည်မှာ နိုင်ငံသားအားလုံး သက်ရှည်ကျန်းမာ စည်ပင်ဝပြော လူလိုသူလို လူတမ်းစေ့ နေနိုင်ဖို့ ပတ်ဝန်းကျင် ဥတု ရာသီ စနစ်တခု၊ အာဟာရ ပြည့်မီ စားသောက်နိုင်တဲ့ လူမှု-စီးပွား-ကျန်းမာ ဖွံ့ဖြိုးတိုးတက်တဲ့ စနစ်တခု မတည်ရှိခဲ့ခြင်းကိုပါ။  အမေရိကန် အစိုးရ CIA Factbook မှတ်တမ်းအရ ဆိုရင် မြန်မာပြည်ရဲ့ ပျမ်းမျှ လူ့သက်တမ်းဟာ ၆၆ နှစ်ပဲ ရှိပါတယ်။  ဒေသတွင်းက ထိုင်း၊ ကမ္ဘောဒီးယား တွေထက် နည်းပါတယ်။  ကမ္ဘာ့အဆင့်မှာ ၁၇၁ ရောက်နေပါပြီ။  ဒါဟာ ကံစီမံရာ ကံကျွေးချ ဖြစ်နေခြင်းမဟုတ်ပါ။  အစိုးရတရပ် တာဝန်ယူ ဖော်ဆောင်ရမယ့် နိုင်ငံစနစ်မမှန် ပျက်ယွင်းခြင်းကြောင့်ပါ။  အုပ်စိုးသူ အစိုးရများ ဆယ်စုနှစ်များစွာ အာဏာတခုတည်းအတွက်ကြည့် ကိုယ်ကျိုးရှာ လူတစုကောင်းစားရေး မပြတ်ရှေးရှုခဲ့ကြလို့ပါ။

သဘာဝ ဥတုရာသီကိုကြည့်ရင်လည်း ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များနဲ့ အပေါင်းအပါ ခရိုနီ တစု စိတ်တိုင်းကျ သစ်တောတွေခုတ် စီးပွားရှာခဲ့ကြလို့ အခု တောတွေပြုန်း၊ တောင်တွေကုန် တောင်ကတုံးဖြစ်၊ လွင်တီးခေါင်ဖြစ် မြေဆီမြေလွှာတွေ ပျက်စီး မိုးခေါင်ရေရှား၊ ဒါမှမဟုတ် မိုးကြီးရေလျှံ တလှည့်စီ ဖြစ်နေတဲ့ လက်ရှိ တိုင်းပြည်ရာသီဥတုကို တွေ့မြင်ရပါမယ်။  မုန်တိုင်းမိုးတွေကြီးချိန် ရေကို သဘာဝအရ ထိန်းထားနိုင်တဲ့ မြေလွှာ ဂေဟ စနစ် အလုံးစုံ ပျက်ယွင်းကုန်ပြီမို့ ကြီးကျယ်တဲ့ ရေလွှမ်းမိုးမှုတွေ၊ ရေကြီးရေလျှံမှုတွေ ဖြစ်နေရတာပါ။  အခု လူထုခမျာ ဒီလို စနစ်မကောင်းခြင်း၊ လူတစု ကိုယ်ကျိုးစီးပွားအတွက် သစ်ခုတ်ခဲ့ခြင်းရဲ့ ဒဏ်ကို ခါးစည်းခံနေရတာပါ။  ခံလည်း ခံရသေး နံလည်း နံသေး အခြေအနေက ဒီလို စစ်အစိုးရများနဲ့ ပေါင်း စီးပွားဘီလူး အစားကျူးခဲ့သူများက အခု အလှူရှင်ကြီးများအဖြစ် နာမည်ကောင်းဝင်ယူခွင့် ရနေခြင်းပါပဲ။  ပြည်သူ့ဘဝ နာရ၊ ခံရ နာကြည်းခံပြင်းဖွယ်ပါပဲ။

စနစ်ဆိုး၊ လူဆိုးတွေကနေ လူတွေကို နာစေနေတယ်၊ လူတွေကို သတ်နေတယ်။  စနစ်က ဖန်တီး ပေးလိုက်တဲ့ ဥတု (သဘာဝ/လူလုပ် ပတ်ဝန်းကျင်၊ ဈေးကွက်) နဲ့ အာဟာရ (အစားအသောက် ရည်အသွေး) က လူတွေကို သတ်နေတယ်။  စနစ်ဆိုးဟာ တခါ တခါ ဘီလူးဆိုင်းတီးကာ လမ်းပေါ်မှာ အမေရိကန်အနောက်ပိုင်း နွားကျောင်းသားစတိုင် သေနတ်ပစ် လူသတ် ပြတတ်တယ်။  ဒါမျိုးကို လူတွေက မြင်သိ၊ ခံစားကြတယ်။  အခု နှစ်လည် ရှစ်လေးလုံး အထိမ်းအမှတ်လို အောက်မေ့ပွဲတွေ လုပ်ကြတယ်။  ဒါပေမဲ့ တကယ်တော့ စနစ်ဆိုးဟာ တိတ်တဆိတ် လူသတ်နေတာကတော့ နေ့စဉ်ပါပဲ။

တိုင်းသူပြည်သား လူအများဟာ  ဒီမင်း ဒီစိုး ဒီသူခိုး ဒီမိုး ဒီလေ ဒီလူတွေ မင်းမူနေသရွေ့၊ ဒီစနစ်ဆိုး တည်တံ့သရွေ့ လူလိုမနေရသလို လူလို သေရမှာလည်း မဟုတ်ပါ။  ဒါတွေအားလုံးဟာ နိုင်ငံသားအားလုံးရဲ့ အခြေခံ နိုင်ငံသား အခွင့်အရေး၊ လူသားအားလုံး ရရှိခံစားရမယ့် အခြေခံ လူသားအခွင့်အရေးများဖြစ်တဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးကို ချိုးဖောက်ခံနေရခြင်းတွေပါ။  ဂုဏ်သိက္ခကို အလေးထားတဲ့ ဒီမိုကရေစီ စစ်စစ်တိုင်းပြည်တွေမှာဆိုရင်တော့ ဒီလို အစိုးရမျိုးဟာ ချက်ချင်း သူ့ဘာသာ နှုတ်ထွက်ရပါတယ်၊ ဒါမှမဟုတ် လူထုက နှုတ်ထွက်ခိုင်းပါတယ်။

အခုတော့ အရောင်အမျိုးမျိုးပြောင်း အာဏာထိုင်ခုံကို မလွတ်တမ်း ဆုပ်ကိုင်ထားလိုသူ မျက်နှာပြောင်လှတဲ့ စစ်ဗိုလ်ချုပ်ကြီးများဆိုတော့ အဲဒီလို တာဝန်ယူ၊ တာဝန်ခံမှုမျိုး ရှိမယ် မျှော်လင့်လို့ မရပါဘူး။  ဒါပေမဲ့ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာတော့ လူထုဟာ မဲဆန္ဒလက်နက်ကို အသုံးချ တာဝန်မကျေတဲ့ စစ်ဗိုလ်ချုပ်တွေကို တန်ပြန်လို့ရပါတယ်။  ဒီရွေးကောက်ပွဲကိုမှ အရင့်အရင် အချိုးအကျင့်တန်တွေနဲ့ မဲလိမ်၊ မဲခိုး၊ ခြိမ်းခြောက်မဲ၊ ကြိုတင်မဲ တမလွန်မဲတွေသုံး လိမ်လည်လှည့်ဖြားဦးမယ်ဆိုရင် မပြိုလဲ မပျက်စီး မယိမ်းယိုင်တဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်၊ အလုပ် စုစည်းမှု ‘လူထုအင်အား – People Power’ နဲ့ ကိုယ်ကျိုးစီးပွားရှာ အာဏာရူး တဘို့တည်းသမားတွေကို ထိုက်တန်တဲ့ အပြစ်ပေးရမှာ ဖြစ်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

၀၆ ၊ သြဂုတ် ၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ ၂၊ အမှတ်စဉ် ၇၃၊ ၂၀၁၅ ခုနှစ် သြဂုတ် ၀၇ ရက်၊ သောကြာနေ့ထုတ်၌ မူရင်းပုံနှိပ်ခဲ့သည်။  မိုးမခတွင်လည်း အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်သည်။

အပြစ်ပေးချိန်တန်ပြီ|| ငြိမ်းချမ်းအေး || ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး နှစ်ပတ်လည် ကာလကို တစ်ခေါက် ဖြတ်သန်းခဲ့…

Posted by The Ladies News on Monday, August 10, 2015


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts