ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ကမ္ဘာမကြေ ဥဒါန်းသစ်

 ငြိမ်းချမ်းအေး – ကမ္ဘာမကြေ ဥဒါန်းသစ်
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၅

သြဂုတ်လရဲ့ ပထမရက်များ..
ဟီရိုရှိးမား ငရဲပြည်ဖြစ်ခဲ့ရတယ်
ကူဝိတ်ကို အီရတ် ကျူးကျော်ခဲ့တယ်
မာရီလင်မွန်ရိုး သေခဲ့တယ်
ဂေးဘုန်းကြီး တစ်ပါးကို
အမေရိကန် အင်ဂလီကန်တွေ ရခဲ့တယ်..။

ထို့အတူ..

“ဘုရားခေတ်မှာဆိုရင် ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်..
ဒါပေမဲ့ …
အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်တယ်..”
ကြွေးကြော်ခဲ့တဲ့ (ဗမာပြည်ရဲ့) ကဗျာဆရာ တယောက်သေခဲ့တယ်..။

“ကျောင်းသားနဲ့ ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ..”  ဆိုခဲ့တဲ့
တော်လှန်ကျောင်းသား ကဗျာဆရာ မွေးဖွာရာ
ရှစ်လေးလုံး လူထုအုံကြွမှု
အရေးတော်ပုံကြီး  နှစ်လည်လည်း ဖြစ်တယ်..။

သမိုင်းရက်စွဲများ..
သွေးစွန်းမှုများ..
စစ်ပွဲများ..
သေဆုံးမှုများ..
အောင်ပွဲများ
ဆုံးရှုံးမှုများ..
သမိုင်းရဲ့ ဘာသာစကားများ..

သွေးမုန်တိုင်း တိုက်ခတ်ချိန်..
သွေးမော်ကွန်းတေးများ ဆိုညည်းချိန်..
သွေးမိုးရွာ သွေးချောင်းစီး သွေးမြစ်တွေ ရဲရဲနီချိန်..

သားပျောက်တဲ့ အမေများ..
သမီးပျောက်တဲ့ အဖေများ..

ဂျပ်ဆင်ထိပ်ကလရိပ်ပြာရဲ့ ငိုရှိုက်သံများ
အချစ်ပျောက်တဲ့ နှလုံးသားများ

ကလောင်ကိုဖယ် ရိုင်ဖယ်လွယ်ရသူများ
လွယ်အိတ်ကိုစွန့် ပြောက်ကျားအဝတ်ရုံရသူများ

ကျောင်းတော်ကထွက် တောထဲနက်ရသူများ
ထောင်ထဲ တန်းထဲရောက် နိုင်ငံတော်ပုန်ကန်သူများ

အမျှမဝေနိုင်သေးတဲ့ ယုံကြည်ချက်များ
ရေစက်မချနိုင်သေးတဲ့ ခံ့ထည်စိတ်ဓာတ်များ

သာဓု မခေါ်နိုင်သေးတဲ့ ဘဝခါးခါးများ
နာကြည်းဖွယ်  ခံစားချက်များ

ဟေ့..
နီစွေးတဲ့ သမိုင်းကြောင်းဟာ
လူထုအလောင်းကြားမှာ ရှိတယ်..။

ဟေ့..
တိုင်းပြည်အနှံ့
ကတ္တရာလမ်းတွေကို ခွာ
မြေကြီးတွေကို တူးဆွ
တောတောင်တွေဖြန့်ကျက်
ရာဇဝင်ရုပ်ရေး၊ သမိုင်းစစ်တမ်းထုတ်
သုတေသနလုပ်ကြည့်စမ်း..။

တော်လှန်သော
ဘုရားသား၊ ကျောင်းသား၊ ရဲသား၊ စစ်သား
အလုပ်သမား၊ လယ်သမား
လူထုအများရဲ့ မရိုင်းခဲ့တဲ့ သမိုင်းနောက်ခံနဲ့
တာဝန်ကျေ ခံထည် နီမြန်းတဲ့ ဂုဏ်ပုဒ်တွေ
ရှိနေတယ်..။

အို..
ကျဆုံးခဲ့သော တော်လှန်ရဲဘော်အပေါင်းတို့..

မပြီးပြတ်သေး တော်လှန်ရေးအတွက်
နီရဲတဲ့ ခွပ်ဒေါင်းသွေးကိုပက်ဖျန်း
နောင်တော်တို့ ဝိညာဉ် ပူးဝင်စေလော့..။

ခွပ်ဒေါင်းစိတ်ဓာတ် စီးဖျန်း
ခွပ်ဒေါင်းတရား ကျင့်ကြံ
အရိုးတွန်သံကျယ် တမလွန်က ယူဆောင်
လူထုအားအဖြစ် တည်ရှိစေလော့..။

ကျောက်ဆောင် ကျောက်သားလို
မယိမ်းယိုင် မယိုင်မလဲ မဖောက်မပြန်
ခိုင်မာကြံ့ခိုင်တဲ့.. ခွပ်ဒေါင်းသမိုင်းကို
ရိုင်းစေသူများအား လာရောက် ဆုံးမလော့..။

ရှစ်၊ ဆယ့်တစ် အလွန်မှာ
ရှစ်လေးလုံး စိတ်ဓာတ်ကို သယ်ဆောင်
ခွပ်ဒေါင်းအလံကို ခင်မြင့်မြင့် လွှင့်ထူ
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူမှုတရားမျှတမှုအတွက်
လူထုအရေးတော်ပုံခရီးလမ်း
အဆုံးသတ် အောင်ပွဲ ချီတက်ကြလော့..။

ငြိမ်းချမ်းအေး
သြဂုတ် ၈၊ ၂၀၁၅

(ရှစ်လေးလုံး လူထုတော်လှန်ရေးကြီး ၂၇ နှစ်ပြည့် အမှတ်တရဂုဏ်ပြု)

ခေါင်းစီး ဒီဇိုင်း – ဒီဇိုင်းဆရာ ကိုမျိုး (၈၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts