စာစုတို

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – တွန်းချလိုက်ပါတော့ … မျှောချလိုက်ပါတော့ ..

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – တွန်းချလိုက်ပါတော့ … မျှောချလိုက်ပါတော့ ..
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၅

တကယ်တော့ ဖြစ်ပျက်ခဲ့သမျှ မုန့်လုံးစက္ကူကပ်ဆိုသလို စနစ်ဆိုကြောင့်လား လူကြောင့်လား … အဖြေကတော့ အဖြူအမဲ သဲသဲကွဲကွဲ မခွဲခြားနိုင်။ သေချာတာက ကိုယ့်ရဲ့ အမှိုက် ကိုယ်သိမ်း၊ ကိုယ်ခင်းတဲ့ဇာတ် ကိုယ်ကိုတိုင်ပဲသိမ်းဆိုတဲ့ အဖြစ်မျိုး ပါပဲ။

ဘယ်သူမပြု မိမိမှု ဆိုစကားကိုတောင် ရမယ်ရှာ ကိုးကားလို့မရအောင် အစဉ်အလာမပျက် တာဝန်လည်းမသိ၊ တာဝန်လည်း မယူနိုင်၊ မယူရဲ၊ သူဦးဆောင်နိုးနိုး ကိုယ်ဦးဆောင်နိုးနိုး၊ သတင်းဖုံးကွယ်ရနိုးနိုး၊ ဖွင့်ချရနိုးနိုး၊ မိုးပေါ်က ရွှေပေလွှာကိုပဲ စောင့်ရနိုးနိုးနဲ့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတဲ့ကိန်း၊ ကေသရာဇာခြင်္သေ့မင်း မြက်စားရမယ့်ကိန်း၊ အခုတော့ ပေါက်ဆိန်နဲ့ထွင်းနေတာတောင်မှ ခုတ်ရာတခြား ရှရာတခြား အဖြစ်ပါပဲ။

ဖြစ်ပျက်ခဲ့သမျှ အတိတ်က အဖြစ်တွေအားလုံးက တပုံစံထဲ တသမတ်တည်း၊ အစဉ်အဆက်မပြတ် ပုံစံတူချည်းပဲဆိုတော့ ရိုးရာအစဉ်အလာလိုလို ထုံးတမ်းစဉ်းစာလိုလို ဖြစ်ခဲ့ရတာတွေက တသွေးတသံ တမိန့်အောက် အာဏာရှင်အဖွဲ့မှာတော့ မထူးခြားလှတော့။ တခါ ပြဿနာကြုံရင် ဒီပုံသေနည်း နောက်တခါထပ်ဖြစ်ရင်လည်း ချို ငန် ချဉ် စပ် အတူတူ မပြောင်းလဲ။ ရှေးရိုးမပျက် အစဉ်အဆက် လုပ်ကိုင်ပုံက သူတို့အဖို့ ဒုံရင်းအတိုင်း မပြောင်းလဲနိုင်သေးပေမယ့် ဒီနေ့ ဒီအချိန်အခါ ဒီအဖြစ် ဆိုးကြီးမှာတော့ နောက်ကျော ဒဏ်ရာ ဒဏ်ချက်ဗရဗွနဲ့ အမာရွတ်အပြည့်နဲ့ ပြည်သူအဖို့တော့ အပြောင်းလဲကြီး ပြောင်း လဲသွားပါပြီ။

ကြယ်ကြွေချိန် တခဏ တောင်းဆုခြွေတာ ပြည့်ဝခဲ့ပြီလို့ ဆိုရမလို … ဂြိုလ်ဝင် ဂြိုလ်ထွက် နက္ခတ်လမ်းကြောင်းတည့်ပြီလို့ပဲ သတ်မှတ်ရမလို … လုပ်သင့်လုပ်ထိုက်ချိန် ကိုယ့်ဝတ္တရားတွေကို ပုံမှန်လုပ်ခဲ့ရင်တော့ ပြဿနာအထွေအထူး အငြင်းပွားစရာ မရှိ။ အခုတော့ အချိန်နဲ့ ဒီရေက မစောင့်ဆိုင်းနိုင်တော့ …။ ရေတွေက တက်ပြီးရင်း တက်၊ ဒုက္ခတွေက တိုးပြီးရင်း တိုး တိုးလာတော့ …. ကမ်းနေတဲ့လက်တွေ လှမ်းနေတဲ့လက် ချိတ်ဆက်မိသွားပါပြီ။ သောကမျက်ရည်နဲ့ ငြိမ်းအေးတဲ့ အပြုံး ထိတွေ့မိသွားပါပြီ၊ စိုးရိမ်အထိတ်တလန့် အော်သံနဲ့ အားပေးနှစ်သိမ့်သံ တပေါင်းထဲ စုမိသွားပါပြီ။

အပူသည်အချင်းချင်း၊ ဒုက္ခသည်အချင်းချင်း၊ အစဉ်အဆက် မျက်နှာမွဲ ကျောမွဲ ပြည်သူအချင်းချင်း၊ နားလည်မှု၊ စာနာမှု၊ အပြန်အလှန် နှစ်သိမ့်မှု၊ အတူတူ ပူးပေါင်းဆောင်ရွက်မှု … အစရှိတာတွေ၊ နားလည်သဘောပေါက်လေလေ၊ အခက်အခဲ ပြဿနာတခုကို အတူတူဖြေရှင်းအောင်မြင်တာတွေကို လက်တွေ့မြင်ရလေလေ၊ အုပ်စိုးသူ အရှင်သခင်တွေက ဟန်မ ဆောင် နိုင်လေလေ၊ တုန့်ပြန်ဆောင်ရွက်ပေးလိုက်တာက အိုးနင်း ခွင်နင်း တောင်ပြေး မြောက်ပြေး …။

ပြဿနာမဖြစ်ခင် ကြိုတင်အသိပေးကာကွယ်ရေးစီမံချက် ဘာဆိုဘာမှ မရှိခဲ့တာအသာထား၊ လက်ရှိရင်ဆိုင်ကြံတွေ့နေတဲ့ အခြေအနေအပေါ် အကူအညီပေးနေတာက တုံ့နှေးနှေး၊ နောက်ထပ်ကြုံမယ့် အပေါ်ပိုင်းရေတွေစုန်ဆင်းလာမယ့် အောက်ခြေပိုင်းဒေသအတွက် ကြိုတင်ပြင်ဆင်ထားဖို့အတွက်လည်း နားမလည်သဘောမပေါက်၊ ပြင်ဆင်ရကောင်းမှန်း လည်း မသိ၊ေ၀၀ါးဝါးဖြစ်နေတုန်း။

ပြဿနာက ဖော့တွေးတာထက် ပိုကြီးလာလေလေ၊ ဒဏ်ရာ ဒဏ်ချက်က ထင်တာထက် နက်ရှိုင်းလာလေလေ၊ အကူအညီ ပေးဖို့က ဘဲဥအစရှာမရလေလေ၊ ထုံးစံအတိုင်း အာဏာရှင် ၀တီအတိုင်း၊ အမူအကျင့်အတိုင်း အပြစ်လွတ်အောင် ရမယ်ရှာ အကြောင်းပြ ကာကွယ်နေကြပြီ။ အယောင်ယောင်အမှားမှား မပြောသင့် မဆိုသင့်တာတွေ ပြောထွက်လာပါပြီ။ မယောင်ရာ ဆီလူး အပြစ်တင်စကားတွေ ဆိုခဲ့ပါပြီ။ ချောင်ထိုးထားတဲ့ ပစ်ထားတဲ့ဥပဒေတွေ ထုတ်ပြပြီး ခြိမ်းခြောက်စကား ပြောထွက် ပါပြီ။

အချိန်နဲ့အတူ ဒုက္ခတွေကိုရင်းရင်း ဒီမိုး ဒီရေ ဒီလေအောက် ကြံ့ကြံ့ခိုင် ရင်ဆိုင်ရင်း ချိတ်မိတဲ့လက်တွေ ခိုင်မြဲလာပါပြီ။ သူငါ ကိုယ်စီ အပြုံးတွေလည်း တောက်ပလာပါပြီ။ အားပေးအော်ဟစ်သံတွေလည်း မိုးထိအောင် ဟိန်းထွက်လာပါပြီ။ အခြေအနေ ပေးတုန်း အခွင့်အခါကြုံတုန်း အင်အားတွေ စုမိနေတုန်း ပြည်သူတွေရှေ့ ယောင်ချာချာ မိုးတိုးမတ်တပ်ရပ်နေသူတွေ၊ ပြည်သူတွေရှေ့ ကပေါက်တိကပေါက်ရှာ မိန့်ခွန်းခြွေနေသူတွေ၊ ပြည်သူတွေရှေ့ အရေမရ မဖတ်မရ မစားရ၀ခမန်း စီမံကိန်းအကြောင်း ပြောနေသူတွေ၊ ပြည်သူတွေရှေ့ ဟန်ဆောင်ပန်ဆောင် နှမ်းဖြူနေသူတွေ ..အားလုံးအားလုံးကို စီးနေတဲ့ ရေမြောင်းထဲ တွန်းချလိုက်ပါတော့ . … မျှောချလိုက်ပါတော့ …။

ရေဆိုး ရေပုပ် အမှိုက်သရိုက်နဲ့အတူ အဝေးဆုံး အဝေးဆုံးကိုသာ ရောက်အောင်တွန်းချလိုက်ပါတော့ …မျှောချလိုက်ပါတော့ …။

အဲဒါမှ
ပတ်ဝန်းကျင်လည်း သန့်
ရေလည်း သန့်
နိုင်ငံလည်းသန့် ….။

မောင်မောင်လတ် (ရွှေအင်းလေး စာပေ)၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts