မိုးမခကို ပေးတဲ့စာ

ဇာဝါရီ – မေတ္တာရှင် ကမ်းလက်များသို့

 

ဇာဝါရီ – မေတ္တာရှင် ကမ်းလက်များသို့

(မိုးမခ) သြဂုတ် ၇၊ ၂၀၁၅

 

ကူပါကယ်ပါ တစာစာ အော်စရာမလို၊ အလှူရေစက် လက်နဲ့မကွာတဲ့ မြန်မာလူမျိုးတို့အဖို့ အခုလို ကံကြမ္မာဆိုး မုန်တိုင်းမိုးလေဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ညီနောင်သွေးချင်းများကို ကူညီလက်ကမ်းဖို့ မခက်လှပါ။ ပြည်သူ့အကျိုး ဘာမှ နည်းမှန်လမ်းမှန် မလုပ်ဆောင် မဖြည့်စွမ်းနိုင်တဲ့ အစိုးရရဲ့  ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးကို မမျှော်လင့် စောင့်စားစရာမလို၊ ကျေးဇူးတင်စရာ မလိုဘဲ၊ တတိုင်းပြည်လုံး လူတန်းစားအလွှာပေါင်းစုံ အင်တိုက်အားတိုက် အချိန်ပြည့် လှူဒါန်း၊ ကူညီလုပ်ဆောင်နေကြတာကို မြင်တွေ့ရသူအပေါင်း ဂုဏ်ယူဝမ်းသာ သာဓုအကြိမ်ပေါင်းများစွာ ခေါ်နေမိမှာပါ။

 

ဒီလို ပြည်တွင်းပြည်ပမှာ ရှိကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့  မွန်မြတ်လှတဲ့ အကြင်နာတရား အသိစိတ်ဓါတ်နဲ့ ဒုက္ခရောက်နေသူတွေကို ကမ်းလက်ပေး ကယ်ဆယ်ကူညီနေချိန်မှာ စာရေးသူနေထိုင်တဲ့ အမေရိကန်နိုင်ငံ အရှေ့ ဘက်ခြမ်း မယ်ရီလန်း၊ ဝါရှင်တန်ဒီစီ နဲ့ ဗားဂျီနီးယားပြည်နယ်များ တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေကလည်း မြန်မာမိသားစုအစည်းအရုံး (Burmese Community Association) ၏ လှုံဆော်ဦးဆောင်မှုနဲ့  ဆိုးဝါးလှတဲ့ ရေဘေးဒုက္ခကို ခါးစည်းခံ ရင်ဆိုင်ကြုံတွေ့နေကြတဲ့ ရေဘေးသင့်သူများကို တနိုင်တအား ကူညီပံ့ပိုးလက်ကမ်းနိုင်ကြဖို့ လာမယ့် တနင်္ဂနွေနေ့၊ သြဂုတ်လ (၉) ရက်နေ့ ညနေပိုင်းမှာ ရန်ပုံငွေ ဈေးရောင်ပွဲလေးတခုနဲ့ အလှုငွေရှာဖွေကာ မြန်မာနိုင်ငံတွင်းမှာ လူမှုကူညီစောင့်ရှောက်လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေတဲ့ နာရေးကူညီမှုအသင်း နဲ့ တခြားအဖွဲ့အစည်းများကို လွှဲပြောင်းလှုဒါန်းသွားမယ်လို့ “ရန်ပုံငွေ ဈေးရောင်းပွဲ ဖြစ်မြောက်ရေး” တာဝန်ခံတဦးဖြစ်သူ ဦးယဉ်ထွေး က ဆိုပါတယ်။

အဲဒီ ဈေးရောင်းပွဲမှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ အကြော်စုံအစရှိတဲ့ အစားအစာများ၊ မြန်မာ့ယဉ်ကျေးမှုလက်ရာ ပစ္စည်းများ၊ အဝတ်အထည်များ၊ စာအုပ်စာတမ်းကို ရောင်းချသွားပြီး၊ တတပ်တအား ပါဝင်ကူညီ ဒါနပြုလှုဒါန်းကြဖို့ တိုက်တွန်းနှိုးဆော် ဖိတ်ကြားထားတယ်။ စားစရာများ ရောင်းချပြီး ကုသိုလ်ယူကြမယ့်သူများကလည်း သူတို့အနေနဲ့ အရင်းအမြတ် အကုန်လုံးကို လှုဒါန်းသွားမည်ဖြစ်ကြောင်း၊ ဘေးဆိုးဒုက္ခရောက်နေကြတဲ့ ပြည်တွင်းက ညီနောင်သားချင်းများအတွက် အဝေးမြေကနေ သူတို့ တတ်နိုင်သမျှ ကူညီပံ့ပိုးကြတာ ဖြစ်တယ်လို့ ဆိုကြတယ်။

 

မှတ်တမ်းမှတ်ရာများအရ မြန်မာ့အရေးကိစ္စ မှန်သမျှကို အစဉ်တစိုက် ရှေ့ တန်းကနေ အမြဲ တက်တက်ကြွကြွ လှုပ်ရှားလုပ်ဆောင်နေခဲ့ကြတဲ့ မြန်မာမိသားစုအစည်းအရုံး နဲ့ အဖွဲ့ဝင်မိသားစုများက ပြည်တွင်းရှိ လူမှုကူညီစောင့်ရှောက်ရေး လုပ်ငန်းများ အားပေးကူညီထောက်ပံ့ရေးများနဲ့အတူ ၂၀၀၈ နာဂစ်မုန်တိုင်း ကပ်ဘေးတုန်းကလည်း သူတို့တတွေ လက်မနှေး ဦးဆောင်စည်းရုံး လှုံဆော်ပြီး ဒေါ်လာ ထောင်သောင်းများစွာ အလှူငွေကောက်ခံရရှိပြီး နာဂစ်ကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများကို လှူဒါန်းကူညီနိုင်ခဲ့ကြတယ်။ ဒီလို လုပ်ဆောင်မှုများနဲ့အတူ…

ဒီတကြိမ် တခုသော ထူးခြားချက်က မယ်ရီလန်း နဲ့ ဗာဂျီနီးယားပြည်နယ် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ မြန်မာလူငယ်အုပ်စုကလည်း နိုးနိုးကြားကြား၊ တက်တက်ကြွကြွနဲ့ အွန်လိုင်း အင်တာနက်စာမျက်နာ (http://www.gofundme.com/HelpMyanmar) ဖွင့်ပြီး အွန်လိုင်း (online) ကနေ အလှူငွေများ ကောက်ခံခဲ့သလို၊ မြန်မာမိသားစု၊ အသိမိတ်ဆွေအိမ်များကို တအိမ်တက်တအိမ်ဆင်း သွားရောက်ပြီး ရေဘေးကူညီရေးအတွက် အလှုငွေများကို ကောက်ခံခဲ့ကြတယ်။ ဒီလှုပ်ရှားမှုကို ကိုထိုက်၊ မအေးချမ်းမြင့်ဇော်၊ မသဲအိလှိုင် (ဂွမ်းပုံ) နဲ့ နယူးရော့ခ်ပြည်နယ်က မမေသူခင်တို့ ဦးဆောင်ပြီး အားကြိုးမာန်တက် လုပ်ကိုင်ခဲ့ကြတယ်။ သူတို့က ပြည်တွင်းရှိ လူငယ်အမျိုးသမီး မခင်နှင်းကြည်သာ ဦးဆောင်တဲ့ တကိုယ်တော် ပရဟိတသမားများ ကွန်ရက်နဲ့ ချိတ်ဆက်လုပ်ကိုင်နေကြောင်း။ ဒီနေ့အထိ စုစုပေါင်း ဒေါ်လာ ၇၈၇၇ ကောက်ခံရရှိခဲ့ကြောင်း သူတို့အဖွဲ့ ဖေ့ဘုတ်စာမျက်နှာ (https://www.facebook.com/Myanmarneedhelp) မှာ ကျေးဇူးတင်စာနဲ့အတူ နေ့စဉ်ထုတ်ပြန်ချက်များနဲ့ ရှင်းလင်းတင်ပြထားတယ်။ ပြီးတော့ သူတို့လေးတွေရဲ့  သန့်ရှင်းမွန်မြတ်တဲ့ ရည်ရွယ်ချက်၊ ခံယူချက်၊ ယုံကြည်ချက်ကို ရိုးရိုးရှင်းရှင်းလေး အောက်ပါအတိုင်း ဖော်ပြထားတယ်။

 

 

“ကျွန်တော်တို့တွေ တဦးချင်းစီ မချမ်းသာကြပါဘူး။ ငွေတွေအများကြီးလဲ တဦးချင်း မလှူနိုင်ကြပါဘူး။ ဒါပေမဲ့ မြန်မာပြည်သူတွေအတွက် ယခုလိုအချိန်မှာ တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးကြရမယ်ဆိုတဲ့ အသိစိတ်ဓါတ်တော့ အပြည့်ရှိကြပါတယ်။ နေရာ မရွေးပါဘူး။ အချိန် မရွေးပါဘူး။ တာဝန် မရွေးပါဘူး။ ကျွန်တော်တို့ ရွေးချယ်ထားတာက တတ်နိုင်တဲ့ တာဝန်ကို တတ်စွမ်းသလောက် လုပ်ပေးကြမယ်ဆိုတဲ့ စိတ်ဓါတ်ပါ။ ရင့်ကျက်မှုနဲ့ ရွေးချယ်တတ်မှု သဘောတရားကို နားလည်လာကြတာပါ။ ယခုဖြစ်ပေါ်နေတဲ့ အရေးပေါ် အခြေအနေတွေပေါ်မှာ အားတတ်သရော တတ်ကြွစွာ ပါဝင်လုပ်ကိုင်နေကြတဲ့ ပြည်တွင်းပြည်ပက လူငယ်များအားလုံးကို ရည်ညွန်းပါတယ်။ ဒီအချိန်မှာ လူငယ်များကို သင်ကြားပြသပေးကြတဲ့၊ ဝိုင်ဝန်းပံ့ပိုးပေးကြတဲ့၊ အားတတ်သရော လှူဒါန်းပေးကြတဲ့၊  စိတ်ဓါတ်ခွန်အားများ ပြည့်ဝအောင် တိုက်တွန်းပေးကြတဲ့ ကျွန်တော်တို့ရဲ့ လူကြီးသူမများရဲ့ ကျေးဇူးတွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သိတတ်ပေးတတ်မှု၊ သိတတ်မှုများဖြင့် သဘာဝဘေးဒဏ် ခံစားနေရသော ကျွန်တော်တို့ မိသားစဝင် ပြည်သူများကို ဝိုင်ဝန်းကူညီကြပါစို့။”

ဒီလို အသွေးအသား၊ မတူကွဲပြား မခွဲခြားကြဘဲ ချစ်ချင်းမေတ္တာတရား ရှေ့ ထားပြီး ကူညီရိုင်ပင်းကြတဲ့ ချစ်စရာ ကောင်းလှတဲ့ မြန်မာလူမျိုးတွေရဲ့  စေတနာ၊ သဒ္ဒါတရား၊ ကမ်းလက်များကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းသာ ကျေးဇူးတင်နေမိပါတယ်။ မြန်မာသွေးချင်းများ တဦးပေါ်တဦး ဒီထက်မက အပြန်အလှန် ကူညီပံ့ပိုး စောင့်ရှောက်နိုင်ကြပါစေ။ ဘေးအန္တရာယ်အပေါင်း ကင်းဝေးနိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts