မိုးမခကို ပေးတဲ့စာ မောင်မောင်စိုး

မောင်မောင်စိုး – ပြည်သူတွေပိုချစ်တဲ့တိုင်းပြည်

မောင်မောင်စိုး –  ပြည်သူတွေပိုချစ်တဲ့တိုင်းပြည် 

(မိုးမခ) သြဂုတ် ၅၊ ၂၀၁၅

၂၀၁၅ သြဂုတ်လ ၁ ရက်နေ့ညက ပုသိမ်မြို့မှာ ပညာရေးရံပုံငွေ နဲ့ ရေဘေးကယ်ဆယ်ရေးအတွက် ရံပုံငွေရှာဖွေတဲ့ ပွဲတခုကို နံမည်ကျော် သရုပ်ဆောင်များ အဆိုတော်များနဲ့ ပြုလုပ်သွားပါ တယ်။ ဒီပွဲကို sky net ရုပ်သံက တိုက်ရိုက် ရိုက်ကူးထုတ်လွှင့် တာကို mntv ကနေကြည့်လိုက်ရပါတယ်။

ပွဲကြည့်ပရိတ်သတ်ထိုင်ခုံတွေရဲ့ ရှေ့ဆုံးတန်းကထူးခြားပါတယ်။ အခန်းအနားတခုမှာ လူကြီးမင်းများထိုင်ဘို့ပြင်ဆင်ထားသလို ဧရာမ ဆိုဖါထိုင်ခုံကြီးတွေပါ။ နောက်တန်းတွေကတော့ ရိုးရိုး ပလပ်စတစ်ခုံတွေပေါ့။ ရှေ့ဆုံးတန်း ဧရာမခုံကြီးများနဲ့ထိုင်နေတဲ့ ဧရာမလူကြီးမင်းများကတော့ ဧရာဝတီတိုင်း အစိုးရပိုင်းက လူကြီး များနဲ့ကတော်များ ဖြစ်ပုံရပါတယ်။ ရံပုံငွေပွဲကို လူကြီးမင်းများ ရှေ့ဆုံးတန်းကလာအားပေးကြတာပါ။

အဲဒီပွဲမှာ ဟာသဇတ်ကွက်တခုပါ ပါတယ်။ သရုပ်ဆောင်အရိုင်း နေတိုး ကျော်ကျော်ဗိုလ် မင်းမော်ကွန်း နဲ့ မိုးပြည့်ပြည့်မောင်တို့ ပါဝင် ဖျော်ဖြေကြပါတယ်။ ဟာသဇတ်ကွက်ဆိုပေမဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ရည်ရွယ်ချက်ကောင်းနဲ့ အဆုံးသတ် ပါတယ်။

အဲဒီဇတ်ကွက်အဆုံးသတ်မှာ သရုပ်ဆောင်ငါးဦးစလုံး သတိဆွဲပြီး ကမ္ဘာမကြေ ဆိုတဲ့နိုင်ငံတော်သီချင်းကို တည်တည် ကြည်ဆိုကြပါတယ်။ ဇတ်ခုံနောက်ခံမှာရှိတဲ့ TV ဖန်သားပြင်ကြီး မှာလည်း နိုင်ငံတော်အလံကိုထိုးပြထားပါတယ်။ဒီအခါ ပွဲကြည့် ပရိတ်သားအားလုံးနီးပါးထပြီး နိုင်ငံတော်သီချင်းကို လိုက်ဆိုကြ ပါတယ်။ဇတ်ရုံတခုလုံးဟိန်းလို့ပေါ့။

ဒါပေမဲ့တခုတော့ပြောစရာရှိပါတယ်။ ပရိတ်သားအားလုံးနီးပါး ထတယ်လို့ပြောရတာက တချို့မထလို့ပါ။ မထတဲ့သူတွေကလဲ ရုပ်သံထုတ်လွှင့်မှုမြင်ကွင်းမှာအထင်းသားပါ။ ထင်းနေမှာပေါ့ မထတဲ့သူတွေက ပွဲကြည့်ပရိတ်သတ်ရှေ့ဆုံးတန်းမှာ ဧရာမထိုင် ခုံကြီးတွေမှာ ထိုင်နေကြတဲ့ ဧရာမလူကြီးမင်းများဖြစ်ကြတဲ့ ဧရာဝတိုင်းဒေသကြီးက အစိုးရပိုင်းလူကြီးမင်းများနဲ့ ကတော်များ ဖြစ်ပါတယ်။ သူတို့ခမျာ စင်ပေါ်လှမ်းကြည့်လိုက် နောက်ကထပြီး ကမ္ဘာမကြေဆိုနေတဲ့ ပရိတ်သတ်ဖက်ခေါင်းငဲ့ကြည့်လိုက်။ အချင်းချင်း တယောက်မျက်နှာတယောက်ကြည့်လိုက် ထိုင်ရ မလို ထရမလို ထွက်ပြေးရမလို မျက်နှာပေးတွေပေါ့။

SKY NET ကလဲ အားလုံးထပြီး ကမ္ဘာမကြေဆိုနေတဲ့ပရိတ် သတ်ကြီးကို ရှေတည့်တည့်ကရိုက်ပြပြီး အားပါးတရ တင်ဆက် နေတော့ ရှေ့ဆုံးက ဧရာမထိုင်ခုံကြီးတွေပေါ်က လူကြီးမင်းများ တတန်းတည်း ငုတ်တုတ်ထိုင်နေတာ အထင်းသားပေါ့ဗျာ ။ နဲနဲကြာတဲ့အထိ လူကြီးမင်းများက ထမဲ့ပုံမမြင်တော့ SKY NET လဲ အားနာသွားတယ်ထင်ပါရဲ့။ ပရိတ်သတ်ကို ရှေ့ဖက်ရိုက်တာ မပြတော့ဘူးဗျ။ နောက်ဖက်ကနေပြီး ရိုက်ထားတာကိုဘဲ ကမ္ဘာမကြေ သီချင်းဆုံးတဲ့အထိ ပြသွားပါတော့တယ်။ရှေ့ဆုံးတန်း က ထတာ မထတာမမြင်ရတော့ဘူးပေါ့ဗျာ။ အော် တကယ်တရားကျစရာပါဘဲ။

အစိုးရလူကြီးမင်းများထက် ပြည်သူတွေက နိုင်ငံတော့ အလံကို နိုင်ငံတော်သီချင်းကို ကိုယ့် နိုင်ငံတော်ကို တန်ဖိုးထားတယ်ဆိုတာ ပြလိုက်တဲ့ မြင်ကွင်းဖြစ်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုဆိုတော့ ဖြတ်တောက်မရတော့ဘူးပေါ့။ လက်တွေလဲ ရေဘေးကြုံနေရတဲ့ ကိုယ်ပြည်သူတွေကိုလည်ုး ပြည်သူတွေကဘဲ ရှေ့ဆုံးက တက်တက်ကြွကြွ ကူညီနေကြတယ် မဟုတ်ပါလား။

ဘာဘဲဖြစ်ဖြစ် ကိုယ်နိုင်ငံတော်အလံ ကိုယ့်နိုင်ငံတော်သီချင်း နဲ့ကိုယ်နိုင်ငံတော် ကိုယ့်တိုင်းပြည်ကို အစိုးရထက် ပိုတန်ဖိုးထား ချစ်မြတ်နိုးတဲ့ ပြည်သူတွေရှိသမျှ မြန်မာနိုင်ငံ အနာဂါတ် မျှော် လင့်ချက်ရောင်ချည် သန်းနေအုံးမှပါလို့ဘဲ တွေးမိလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – ပြည်သူတွေပိုချစ်တဲ့တိုင်းပြည်

Comments are closed.