ဖိုးစီ မိုးမခကို ပေးတဲ့စာ အတွေးအမြင်

ဖိုးစီ (ရုံးတော) – “ ပြန်ခေါ် ရအောင် သူငယ်ချင်း ”

ကာတွန်း အာကျယ်၊ (ကာတွန်းဝင်းထွန်းဖေ့စ်ဘွတ်က ယူပါတယ်)

ဖိုးစီ (ရုံးတော) –  “ ပြန်ခေါ် ရအောင် သူငယ်ချင်း ”

(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅

၁၉၈၁ မတ်လ ၁ ရက်နေ့ နေ့လည်မှာ ရွာလုံးကျွတ် မီးကြီးလောင်တယ် ။ ဘုန်းကြီးကျောင်းပဲ ကျန်နေခဲ့တာ ။ အိမ်ဝိုင်းထဲက မန်ကျည်းပင်ကြီးတွေ အမြစ်တွေထိ တငွေ့ငွေ့လောင်ပြီး မြေတွေ ကျွံကျ ကုန်တဲ့ အထိ မီးကြီးတယ် ။ အဲနေ့ညက ပြေးလွှားရင်း ညစာငတ်တယ် ။ နောက်နေ့ကျတော့ တခြားရွာကဝေတဲ့ ထမင်းထုပ်တွေ စားရတာပေါ့ ။ ခုခေတ်လို ကြွပ်ကြွပ်အိပ်မပေါ်သေး ၊ အင်ဖက် နဲ့ ထုပ်တာ ။ ကလေးသဘာဝ မဖြည်ခင် ဘာဟင်းထွက်လာမလဲ စိတ်စောရတာ အမှတ်ရနေမိတယ် ။ တချို့ က အထဲမှာ မတ်စေ့ တို့ ၊ မူးစေ့ တို့ ငါးကျပ်တန် အခေါက်ကလေးတွေ တို့ ထည့်ပေးထားတယ် ။ စိတ်ကူးကောင်းသူတွေက အထဲမှာ အားပေးစာလေးတွေ ပါ ရေးထားတတ်တယ် ။

နောက်ရက်တွေကျတော့ ၃ မိုင်လောက်ဝေးတဲ့ ယင်းချောင်းနံဘေးက အမေ့ရွာကို မီးဘေးဒုက္ခသည်ဖြစ်ပြီး ရောက်သွားတယ် ။ အဲ့ရွာမှာ တစ်လခွဲကြာတယ် ။ အမျိုးတွေက ကိုယ်တွေကို ဖူးဖူးမှုတ်ချစ်ကြတာ ၊ ၀မ်းကွဲတွေ ဆိုတာလဲ အဲ့ကစ တစ်ယောက်နဲ့ တစ်ယောက် ချစ်လိုက်ကြတာ ခုထိပဲ ။ “မီးလောင်လိုက်တာ ငါတို့ အမျိုး စည်းလုံးသွားတာ အမြတ် …” လို့ ဒွေးကြီးပန်းညွန့် မကြာခဏ ပြောတတ်တယ် ။

မနေ့က ကျနော့ သူငယ်ချင်း ဖုံးဆက်လာတယ် ။ ရေဘေးအကူအတွက် ပိုက်ဆံလှူ ချင်လို့တဲ့ ။ ကျနော်တို့ တော်တော်ကြာ စကားပြောပြီး ဖုံးချသွားမှ တော်တော်ကြာအောင် ငိုင်နေမိတယ် ။ သူ ကျနော့ ကို ဖေ့စ်ဘုတ်ပေါ်မှာ block ထားတယ် ။ ကြားထဲလည်း ဘာအဆက်အသွယ်မှ မရှိပါ။

သူနဲ့ ကျနော် နိုင်ငံရေး အယူအဆ အကြိုက်မညီကြပါဘူး ။ သူ့ကို racist လို့ ကျနော်က မြင်ပြီး အထင်သေးထားတာပါ ။ သဘာဝကပ်ဘေးတွေက လူသားတွေကို ထိတ်လန့် ခြောက်ခြားအောင် လုပ်နိုင်စွမ်းသလို လူသားကို လူဆန်တဲ့ တွေးခေါ် ခံစားမှုတွေ ဖြစ်ပေါ်စေတယ် ။ လူသားအချင်းချင်း ကျောချင်းကပ် ညီညွတ်နေမှ သဘာဝကို အောင်နိုင်မယ် ဆိုတဲ့ အသိ ကို အလိုအလျောက် ပေါ်ပေါက်စေတယ် ။

အရှေ့တောင်အာရှ မှာ ဆူနာမီ အကြီးအကျယ်ဖြစ်ပြီးတော့ အင်ဒိုနီးရှားက အာချေ သူပုန်တွေဟာ နိုင်ငံရေး ခံယူချက် တွေကို ခေတ္တခဏ ဘေးချပြီး ဒေသ ပြန်လည်ထူထောင်ရေးကို အားစိုက်လုပ်ရာကနေ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တယ် လို့ ဆိုတယ် ။

ကျနော် NLD ကို ထောက်ခံပါတယ် ။ စစ်အစိုးရကို သွေးထဲကထိ ရွံမုန်းပါတယ် ။ အမြင်မတူသူ သူငယ်ချင်းတွေ နဲ့ မိတ်မပျက်ပေမဲ့ ခပ်တန်းတန်းနေပါတယ် ။

လက်ရှိ ကျနော်တို့ တိုင်းပြည်ရေဘေးကနေ ညီညွတ်ရေး ဆိုတာကြီးကို အာချေးပြည်နယ်ကလူတွေ လို တည်ဆောက်ယူလို့ ရမယ် လို့ စိတ်ကူးမယဉ်မိပါဘူး ။

ဒါပေမဲ့ ဒီရေဘေးကြီးက ကျနော် တို့ ကို တပ်လှန့် နှိုးလိုက်တာတွေ ၊ ပေးလိုက်တဲ့ မက်ဆေ့တွေ အများကြီးပါ ။

ကျနော်တို့ တိုင်းပြည်မှာ အချိန်မရွေး ရာသီဥတု ဖောက်ပြန်ပြီး ကပ်ဘေးတွေ တစ်ခုပြီး တစ်ခု ကျနိုင်တယ် ။ အဲဒီအတွက် national အဆင့် အမျိုးသား အဆင့် ဘာတစ်ခုမှ ပြင်ဆင်ဆောင်ရွက်ထားတာ မရှိဘူး ။

အုပ်ချုပ်သူ အစိုးရရော အောက်ခြေ အာဏာပိုင်တွေ ရော လူလုပ် ၊ သဘာဝ ဘေးအန္တရာယ်တွေကို စီမံခန့်ခွဲ နိုင်စွမ်း မရှိသေးဘူး ။

တစ်ခုခု ဆို ဖြစ်လိုက်တိုင်း ပြည်သူကနေ ပြည်သူကို ပြန်ပြီး စောင့်ရှောက်ကူညီနေကြရတာ ချည်းပါပဲ ။ ပြန်လည်ထူထောင်ရေးကာလတွေမှာ လည်း ဒီအတိုင်း နှင်နှင်ပါ ။

သတင်းအမှန်ကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပြီး ပေးခြင်းအားဖြင့် အသက်တွေ ၊ အိုးအိမ်စည်းစိမ်တွေ အများကြီး ကယ်နိုင်တယ် ၊ နောက်ကျမှ လိုက်လုပ်ရတာ သိပ်ခက်ခဲတယ် ဆိုတဲ့ အသိအမြင် မျိုး နိုင်ငံတော်အဆင့် သမတ ရုံးအဆင့်ထိ မရှိသေးဘဲ  ” စိုးရိမ်စရာ မရှိပါကြောင်း” ဆိုတဲ့ ပြန်ကြားရေး ထုတ်လွှင့်ချက်ကိုက အနီရောင်အဆင့် သတိပေးချက်လို ဟာသ ဖြစ်လာရတဲ့ အထိပါပဲ ။

အဲတော့ ဒီရေဘေးကနေ ထွက်လာတဲ့ အသိတွေကို ကျနော်တို့ လူငယ်တွေ ကောင်းကောင်း awareness ဖြစ်ပြီး တိုင်းပြည်ကတော့ ငါတို့ထူမှ ထတော့မယ် ဆိုတဲ့ စိတ်ကိုမွေးကြရအောင်ပါ ။

ကိုယ် ဖို့ နဲ့ တိုင်းပြည် ဖို့ ယှဉ် စဉ်းစားလာရလေတိုင်း ကိုယ့်ဖို့ ဆိုတဲ့ အတွေး ၊ အတ္တမာန ကို တံတွေး လေး မျိုချရင်း မတူသူတွေ နဲ့ တကယ် အလုပ် တွဲ လုပ်နိုင်တဲ့ ပရဟိတ သမားစစ်စစ်တွေ ပေါများလာပါမှ နလံထူရမဲ့ ကာလ ကို ဖြတ်ကျော်နိုင်ကြပါလိမ့်မယ် ။

ဒို့ ခေတ် ကို ရောက် ရ မည် မှာ မလွဲ ပါ ။

ဖိုးစီ ( ရုံးတော )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts