ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဆုတောင်း ၂

ငြိမ်းချမ်းအေး – ဆုတောင်း ၂
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၅

(ဝါဆိုရက်ဆုံ အခါတွင်းမို့
လူခြေတိတ်တဲ့ စစ်ကိုင်းဘက်က..)

ကိုမောင်မောင်ရဲ့ လျှော်ဖွပ်ခြင်း..
မွန်းအောင်ရဲ့ အသံလွင်ကို ကြားယောင်
တွယ်တာငြိတဲ့ အာရုံကိုစွန့်
ငါအကြိမ်ကြိမ် ဆိုညည်း ငြိမ်သက်ဖူးခဲ့..။

ချစ်ရတဲ့ ‘ငှက်’ ရဲ့ ‘လူနဲ့အင်္ကျီ’ ဝတ်ပြီးလည်း
စိတ်က စွန်းထင်း အညစ်အကြေးတွေ
ငါအခါခါ ဆေးကြောဖူးခဲ့..။

ဒီဝါအဝင်တော့..
မုန်တိုင်း မိုးရေစက်တွေနဲ့အတူ
ငါ… နာနာကြည်းကြည်း
လျှော်ဖွပ်ဆေးကြောပစ်လိုက်ချင်တာက..

တိုင်းပြည်ကို အနိဋ္ဌာရုံ အစုစု လွှမ်းစေခဲ့တဲ့
အကုသိုလ် အတ္တဘောကြီးတွေ

ဘယ်လောက် ဖွပ်.. ဖွပ်
မဖြူစင်နိုင်တော့တဲ့..
အညစ်အကြေးထုပ်ကြီးတွေ..

ခက်ထန်မာကျော မာန်ဖီနေတဲ့
မိုးကောင်းကင်ကို တိုင်တည်လိုက်ပါရဲ့..
ငါ့.. ဆုတောင်းပြည့်စေသား..။   ။

ငြိမ်းချမ်းအေး
ဇူလိုင် ၃၁၊ ၂၀၁၅
(ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts