သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – မဖြစ်မနေ ဖြေရှင်းရမယ့် ‘ဥ’ ပြဿနာ

ငြိမ်းချမ်းအေး – မဖြစ်မနေ ဖြေရှင်းရမယ့် ‘ဥ’ ပြဿနာ
(မိုးမခ / သည်လေဒီးစ်နယူးစ်) ဇူလိုင် ၂၇၊ ၂၀၁၅

ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ စာပေဂုဏ်ကျေးဇူးတွေ၊ ကမ္ဘာ့ဂန္တဝင်တန်းဝင်စာပေတွေက လူတိုင်းအတွက် ကျေးဇူးကြီးလှတယ်။  ကမ္ဘာ့ဘာသာစကားပေါင်းစုံနဲ့လည်းရှိတယ်။  သူ့ရဲ့ အင်နာကရနီနားကိုဆို ကမ္ဘာမှာ အကောင်းဆုံး ဝတ္ထုလို့တောင် သတ်မှတ်လေ့ရှိကြတယ်။  ကျွန်တော်တို့ဆီမှာလည်း ဆရာကြီးရွှေဥဒေါင်း၊ ဆရာမြသန်းတင့်တို့ ကျေးဇူးနဲ့ အင်နာကရနီနား၊ စစ်နဲ့ငြိမ်းချမ်းရေးတို့ မြန်မာလိုဖတ်ခွင့်ရပြီး လူသိများတယ်။  နောက်တမျိုး လူကြိုက်ကြတာက တော်စ တွိုင်း ရဲ့ ကျင့်ဝတ်၊ နီတိ၊ ပုံပြင်လေးတွေပါ။  ‘လူတွေဘာနဲ့နေ’ လိုမျိုးတွေဆိုရင် မြန်မာစာ စာဖတ်ပရိသတ်အများ ရင်းနှီးကြ တယ်။  (ဆရာမောင်ထွန်းသူတို့၊ ကောင်းသန့်တို့ ဘာသာပြန်တွေ ရှိတယ်။)

အဲဒီလိုထဲက တစ်ပုဒ်က အမှိုက်ကစ ပြာဿဒ် မီးလောင်သဘောကို ပုံဖော်တဲ့ ‘A Spark Neglected Burns the House / Quench the Spark (အင်္ဂလိပ်ဘာသာပြန်)’ နာမည်နဲ့ တစ်ပုဒ်ပါ။  ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်း နေလာကြတဲ့ အိမ်းနီးနား ချင်း မိသားစုနှစ်စု ကြက်ဥလုရာကနေစ စကားတွေများ၊ ရုံးရောက်၊ ဂတ်ရောက်ဖြစ်၊ နောက်ဆုံး အိမ်ကို မီးရှို့တဲ့ အထိ ပြဿနာတက်ကြတဲ့ အကြောင်းကို ဇာတ်လမ်းဖွဲ့ထားတယ်။  ဇာတ်သိမ်းမှာ အားလုံး နှစ်ဖက်စလုံး အသိတရားတွေရ၊ အိမ် တွေလည်း ပြန်ဆောက်၊ ချစ်ချစ်ခင်ခင် သေတပန်သက်တဆုံးနေသွားကြသလို အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ခြင်းရဲ့ အကျိုးကျေးဇူးအသီးအပွင့်ကြောင့် စီးပွားဥစ္စာတွေလည်း အရင်ကထက် တိုးပွားချမ်းသာသွားကြကြောင်း နိဂုံး ချုပ်ထားတယ်။  ပုံပြင်ဝတ္ထုကပေးတဲ့ အဓိကသင်ခန်းစာကတော့ အမုန်း၊ ရန်ငြိုးဖွဲ့ မီးပွား မီးစဆိုတာ သေးသေး၊ ကြီး အမြစ် တွယ် မခံ၊ မကြီးထွားခံဘဲ မလောင်ခင်တားရတယ် ဆိုတာကိုပါ။

ဒီဇာတ်လမ်းလေးကို ကျောရိုးမှီးပြီး လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်၊ ခုနှစ်နှစ်လောက်ဆီတုန်းက တေးရေး/တေးဆို အရိုးက ‘ဥ’ ဆိုပြီး မြန်မာသီချင်းတစ်ပုဒ် လုပ်ခဲ့တယ်၊ သူ့ရဲ့ ‘လူလည်အာရှသား’ တစ်ကိုယ်တော် တေးစုမှာပါခဲ့လို့ နားထောင်ဖူးခဲ့တယ်။  သူ့ရဲ့ ဂီတပုံစံရွေးချယ်မှုနဲ့ စာသားဖန်တီးမှုက လှလို့ သတိထားမိခဲ့တယ်။ အဲဒီဇာတ်လမ်းကိုအခြေခံပြီးပဲ နောက်ပိုင်း မြန်မာ ရုပ်ရှင်ဇာတ်ကား တစ်ခုရိုက်၊ ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီတွေ ရခဲ့ကြဖူးတယ်။ ဒီလို တော်စတွိုင်းရဲ့ ‘ဥ’ ဇာတ်လမ်း ကျောရိုး ကိုယူတဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်တွေ တိုင်းပြည်မှာ ခေတ်စားလူကြိုက်များခဲ့ဖူးပေမဲ့ ဇာတ်လမ်းအနှစ်သဘောကိုတော့ ကျွန် တော်တို့ ဆင်ခြင်သင်ခန်းစာ မယူနိုင်ကြသေးဘူး ဖြစ်နေတယ်။

တကယ်တော့ တော်စတွိုင်း ပုံပြင်ထဲကတဆင့် ကျင့်ဝတ်၊ အသိ လိုက်နာဆောက်ရွက်တတ်ဖို့ အစထုတ်ပေးခဲ့တဲ့ ‘ဥ’ ပြဿ နာက မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေခဲ့တာ ရာစုနှစ်ဝက်ကျော် ကြာလှရှိပါပြီ။  ချစ်ချစ်ခင်ခင်နေရမယ့် အိမ်နီးနား ချင်း၊ တစ်ရပ်တည်း တစ်ရွာတည်းသား အချင်းချင်း အမုန်း၊ ရန်ငြိုးဖွဲ့စေကာ အိမ်ကြက်ချင်း အိုးမည်သုတ် ခွပ်ရတဲ့ ပြည်တွင်း စစ်မီးဟာ တိုင်းပြည်မှာ လွတ်လပ်ရေးနဲ့အတူ မွေးဖွာတည်တံ့လာခဲ့တာ အခုတိုင်ပါပဲ။  စစ်မီးတောက် အမုန်းမီးပွားတွေကို မကြီး ကြီးအောင် လုပ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု၊ ပြင်းထန်မှု၊ အစွန်းရောက်မှုတွေကလည်း အုပ်စိုးသူ အာဏာ ရှင်များက အာဏာမြဲလိုမှု အတွက် ခေတ်အဆက်ဆက် စနစ်တကျ ကျုံးသွင်းပုံဖော်ခဲ့ကြတယ်။

၂၀၁၅ နှစ်ကုန်ပိုင်း နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ အတွက်ဆိုရင် လူမျိုးရေး၊ ဘာသာရေးဟာ အသုံးချခံ မဲဆွယ်လက်နက် ဖြစ်နေတယ်။ မတူကွဲပြားတဲ့ လူမျိုးစုတွေကြား ပဋိပက္ခတွေများနေတဲ့ အ နောက်နယ်ခြား ရခိုင်မှာဆိုရင် လူမျိုးရေးမုန်းတီးမှု စကားများများပြောနိုင်သူတွေကို အာဏာပိုင်များက တစ်ဖက်လှည့် မြှောက်စားနေတယ်။  အာဏာတည်မြဲရေးသက်သက် တိုင်းရင်းသား ရခိုင်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ဘင်္ဂါလီတွေ အကြား အမုန်းမီးကို ကြီးအောင် မွှေးပေးတယ်၊ ပြဿနာကို ရခိုင်ဒေသတစ်ခုတည်းကွက် ပိတ်လှောင် ကြီးထွားစေတယ်။

တိုင်းပြည်အနှံ့ ပြည်နယ်၊ ပြည်မ၊ တောင်တန်း၊ မြေပြန့်အားလုံးမှာလည်း အာဏာပိုင် လက်ဝေခံ အဖွဲ့အစည်းအသီးသီးကနေ လူမျိုးရေး၊ ဘာသာရေးကို အသားပေးတဲ့ မဲဆွယ်မှုတွေ အင်တိုက်အားတိုက် လုပ်ခွင့်သာနေတယ်။  နိုင်ငံရဲ့ ဥပဒေပြုလွှတ် တော်မှာလည်း ဘာသာမတူ၊ လူမျိုးမတူတဲ့ ဌာနေတိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲစေမယ့် မျိုးစောင့်ဥပဒေမျိုးတွေဟာ တရားဝင်ပြဋ္ဌာန်း အတည်ဖြစ်ခဲ့ပြီ။

တော်စတွိုင်းရဲ့ ပညာပေးပုံပြင်လို မီးမလောင်ခင်တားဖို့ နေနေသာ၊ လောင်ပြီးသား မီးကို မငြှိမ်းတဲ့အပြင် အမျိုးသားရေး မှိုင်းလုံး၊ အမျိုး/ဘာသာ သာသနာ (အလွဲသုံးစား) ခေါင်းစဉ်အောက်မှာ တို့မီး၊ ရှို့မီးလုပ်၊ မီးလောင်ရာ လေပင့် နေကြတဲ့ ဘာသာရေး အဖွဲ့အစည်း အစိတ်အပိုင်း တချို့၊ နိုင်ငံရေးပါတီ တချို့လည်း ခုနှစ်ပိုင်းမှာ ပိုလို့တောင် များများစားစား ထင်ထင်ရှားရှား ပေါ်ပေါ်ထင်ထင် ဗြောင်တွေ့လာနေရတယ်။

ဘုရားဟောတောင် နားမထောင် ဗုဒ္ဓဝါဒ မဇ္ဈိမပဋိပဒါနဲ့ မေတ္တာတရားတွေကိုတောင် အလွဲသုံးစား လုပ်နေကြသေးတာ၊ တော်စတွိုင်လည်းမနိုင်၊ စိတ္တအာဟာရ ကြက်ဆွတ်ပြုတ်တွေလည်း အလုပ်မဖြစ်၊ လူတွေဘာနဲ့နေ၊ မေတ္တာတရားနဲ့နေ ဆိုတာတွေလည်း မြန်မာပြည်မှာ ပေးကာပေး၏ မရ၊ လူတွေကြား စာအုပ် စာပေတွေ သိမြင်တွင်ကျယ်နေပေမဲ့ လက်တွေ့ အလုပ်မဖြစ်၊ ပိုမိုအားကောင်းတဲ့ စနစ်ဆိုး လူဆိုးတွေရဲ့ ပုံဖော်လမ်းကြောင်းမှု အောက်က လူထုနှလုံးအိမ်မှာ မုန်းစတွေ ရှည်စေ၊  ချစ်စတွေ တိုစေ ဝမ်းနည်းဖွယ် ဖြစ်နေရတယ်။

ဘာသာရေးအစွဲကြီးမှု၊ တရုတ်၊ အိန္ဒိယ ဆိုရင် မလိုမုန်းထား လူမျိုးရေး ခွဲခြားမှု အပြင်မှာကို ပြည်ထောင်စု တိုင်းရင်းသား တွေပါလို့ ပါးစပ်က တဖွဖွဆိုနေသူတွေ အပေါ်တောင်မှ လူတချို့စိတ်က မကြည်ဖြူချင်ကြဘူး။  အထူးသဖြင့် ပြည်တွင်းစစ်ပွဲ တွေမှာဆို သိသာတယ်။  ဝတို့ ကိုးကန့်တို့ဆိုရင် တရုတ်အနွယ်မို့ လက်မခံလိုကြပါဘူး။  ကရင်လူမျိုးတွေကို သွေးထိုးသပ် လျှိုချင်လို့ ဘာသာရေးကို အသုံးချ စနစ်တကျ ဖဲ့ထွက် စေခဲ့တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ DKBA လိုမျိုးတောင်မှ အခြေခံ စနစ်မမှန်တော့ အခု စစ်တွေ ပြန်တိုက်နေရတယ်။  အမျိုးသားရေးအသံကောင်းဟစ်တတ်သူများ အခု သူတို့ ချစ်လှချည်ရဲ့ဆိုတဲ့ ဗုဒ္ဓဘာသာအမည်မှအားမနာ၊ အချင်းချင်းစိတ်မထားနိုင် ကရင်မျိုးဖြုတ်ဟေ့ လုပ်ချင်နေကြ တယ်။

ဆိုတော့ ချစ်ခြင်း မေတ္တာ၊ ငြိမ်ချမ်းမှု၊ သာယာဝပြောမှုအစား အမုန်း၊ ရန်ငြိုး၊ ပဋိပက္ခ၊ စစ်ပွဲနဲ့ ဆုတ်ယုတ်မှုသာ လူ့အဖွဲ့ အစည်းမှာ ထင်သာ၊ မြင်သာ ရှိ တွင်ကျယ်နေတယ်။

ဒါတွေအားလုံးရဲ့ အရင်းမြစ်လက်သည်ကတော့ လူအများစုကို မှိုင်းတိုက် သိမ်းသွင်းချင်တဲ့ တစ်မျိုး၊ တစ်ဘာသာအားကြီး လူပြိန်း အများကြိုက် အတွေးအခေါ်တွေနဲ့ အာဏာကို တည်ဆောက် အမြဲ ရှင်သန်ကြီးထွားနေချင်တဲ့ စစ်အာဏာရှင်စနစ်ဆိုး အမွေခံတွေပါပဲ။

ဒီစနစ်ဆိုး ဆက်လက် ရေရှည်အမြစ်တွယ် ရှင်သန်စေဖို့ရာ စနစ်တကျ ပြင်ဆင်တည်ဆောက်ထားတဲ့ ၂၀၀၈ နာဂစ် စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ဒီပြဿနာ မီးတောက်အားလုံး ဆက်လက် ပြန့်ပွား၊ တိုးပွား စေမယ့် မီးလောင်ရာ လေပင့်နေခြင်း တစ်မျိုးပါ။  လူမျိုးစု ပြည်နယ်များကြား မျှတ လွတ်လပ် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်သာတဲ့၊ သယံဇာတ အရင်းအမြစ် ကိုယ်ပိုင်စံစားခွင့်ရှိတဲ့ အခြေခံဥပဒေမျိုးကို အခြေမတည်ဘဲ ပြည်တွင်းစစ်မီးဆိုတာ ဘယ်တော့မှ ငြိမ်းမှာ မဟုတ်ပါ။  ငြိမ်းချမ်းရေးပွဲစား၊ ငြိမ်းချမ်းရေးလုပ်စား၊ ငြိမ်းချမ်းရေး ကိုယ်ကျိုးရှာသမားများသာ မဆုံးနိုင်တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ အောက်က လုပ်ပိုင်ခွင့်တွေမှာ စည်းစိမ်ဥစ္စာ တိုးသထက် တိုးနေပါမယ်။

ဒီအခြေခံဥပဒေရင်းမြစ် ပြဿနာကို အဆုံးတိုင်၊ အခြေတိုင် ပြုပြင်မှသာ မြန်မာအပါအဝင် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံး အလုံးစုံ သုခချမ်းသာရှေးရှု တည်ဆောက်နိုင်ပါမယ်။  ဆိုတော့ ဒီပြဿနာကလည်း လူအများအတို သုံးနှုန်း နေကြသလိုဆို ခြေ/ဥ ပြဿနာပေါ့၊  တစ်နည်း ဒါလည်း မဖြစ်မနေ ဖြေရှင်းရမယ့် ‘ဥ’ ပြဿနာပါပဲ။

ဒီ ‘ဥ’ ပြဿနာကို နိုင်ငံရေးသမားများ၊ ကျွန်တော်တို့ပြည်သူအများ အခြေမတည်ခင်၊ မကြီးထွားခင်မှာ မချေမှုန်း နိုင်ခဲ့ကြ ပါဘူး။  ပြာပုံဖြစ်ပြီးသားဘဝ အခြေအနေမျိုးကြောင့် မီးမလောင်ခင်တားဖို့လည်း အခွင့်မရှိခဲ့ကြပါဘူး။

အခုအချိန်မှာတော့ အာဏာရ စစ်အုပ်စု ပါတီ၊ အတိုက်အခံ ဒီမိုကရေစီပါတီများနဲ့ တိုင်းရင်းသားလူမျိုးစု ပါတီ အားလုံး အဲဒီ ‘ဥ’ ပြဿနာကို ဖြေရှင်း ပြင်မယ်ဟေ့ အသံကောင်းတွေဟစ်ခဲ့ကြပေမဲ့ စနစ်တကျရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့  အာဏာချုပ်ကိုင်မှုကို မကျော်လွှားနိုင်ခဲ့ကြပါဘူး။  စစ်တပ်ရဲ့ ဗီတိုအာဏာကို အန်မတုနိုင် ဖြစ်နေရပါတယ်။  နိုင်ငံရေး အာ ဏာက သေနတ်ပြောင်းဝကပဲ လာနေလျက်ပါပဲ။  ရှေးရောမခေတ်တုန်းက မှတ်သားဖွယ် လာတင်စကား တစ်ခုဖြစ်တဲ့ သေနတ်များကြား တရားဥပဒေ စိုးမိုးရေး အသံ မစူးနိုင်ဖြစ်ခဲ့ကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်တွေရဲ့ လွှတ်တော်နိုင်ငံရေးက လှစ်ဟ ပြသနေပါတယ်။

လူအများစိတ်ဝင်စားတဲ့ ၄၃၆ တို့၊ ၅၉-စ တို့ မပြင်လိုခြင်းသဘောကို စစ်တပ်ကိုယ်စားလှယ်များနဲ့ စစ်ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးရာ လွှတ်တော်က ထင်ထင်ရှားရှား ပြသခဲ့သလို၊ ရှေ့လာမယ့် အနာဂတ် နိုင်ငံရေး၊ အုပ်ချုပ်ရေး အာဏာတွေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆက်ရှိနေဦးမယ်ဖြစ်ကြောင်းလည်း အတိအလင်း ပြသပြီးခဲ့ပါပြီ။  ဒါ့အပြင် နောက်ရက်တွေမှာ ဆက်ဆွေးနွေးကြတဲ့ အခြေခံဥပဒေရဲ့ အခြားပုဒ်မများပြင်ရေး အားလုံးလည်း အရာမရောက်ခဲ့ကြပါဘူး။  တိုင်းရင်းသား ပြဿနာ ရေရှည်စေတဲ့ အကြောင်းတစ်ခုဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို အပြည့်အဝ အာဏာခွဲပေးမှု ကိစ္စအားလုံး ငြင်းဆန်ခံခဲ့ရပါတယ်။  တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ထုံးစံအတိုင်း သမ္မတခန့် မိုးကျရွှေကိုယ်တွေပဲ ဖြစ် နေပြီး၊ သက်ဆိုင်ရာ ဒေသက တိုက်ရိုက်ခန့်အပ်ခွင့် မရှိသေးဘဲ ၂၀၁၅ အလွန်ကိုလည်း ဖြတ်သန်းရတော့မှာပါ။

တကယ်တော့ ဒီ လူမျိုးစုရေးရာ စစ်ပွဲတွေရဲ့ မီးစာ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ‘ဥ’ ပြဿနာ ကို ဖြေရှင်းဖို့က ပြင်ရုံနဲ့မပြီး အလုံးစုံဖျက်မှ အနာဂတ်ရန်အေးမယ့် ကိစ္စပါ။  ‘ဥ’ ပြဿနာ အခံရဆုံး ဒေသတွေထဲက တစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး ထောင်ကလွတ်ခါစ ဆိုခဲ့ဖူးသလိုပဲ အခြေခံဥပဒေ ပြင်မယ်ဆိုရင် စာအုပ်မျက်နှာဖုံးကအစ ပြင်ရမှာဆိုသလိုမျိုးပါ။  ဆိုလိုတာက တစ်အုပ်လုံး ဆွဲဆုတ် စုတ်ပြတ်သွားအောင် ခြေမွ ပစ်ရမယ့် ကိစ္စ၊ အဖွင့်မာတိကာက  အစ အသစ် ရေးရမယ့် ကိစ္စပါ။  ဒီလို အနေအထားမှာ အခုတော့ အပေါ်ယံဟန်ပြလေးပြင်ခွင့်တောင် မသာဖြစ်နေရပါတယ်။

လွှတ်တော်နိုင်ငံရေးမှာ လူထုအများ မျှော်လင့်နေကြတာကတော့ အခု လာမယ့် နိုင်ဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲပါပဲ။  ဒါပေမဲ့ စစ်ဖွဲ့စည်းပုံ ချုပ်ကိုင်မှုအောက်မှာ ၂၀၁၅ အလွန်လည်း သိသာမြင်သာ အခြေခံကျကျ ပြောင်းလဲမှုမျိုးတော့ တွေ့ ခွင့်မြင်ခွင့်သာဦးမှာတော့ မဟုတ်သေးပါဘူး။  လူမျိုးရေး၊ ဘာသာရေး၊ လူမျိုးစုအရေး၊ တိုင်းရင်းသား ပြဿနာ၊ ပြည်တွင်းစစ် အလုံးစုံ ဖြေရှင်းနိုင်မယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ‘ဥ’ ပြဿနာကို လွှတ်တော် အတွင်း၊ ပြင်ပ ဖိဖိစီးစီး စနစ်တကျ တောင်း ဆိုလှုပ်ရှားဖို့တော့ မဖြစ်မနေ အရေးတကြီး လိုနေသေးကြောင်းကို လွှတ်တော် တစ်ရက်ကျင်းပလေ တစ်ရက်သိလေပါပဲ။  ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ အောင်မြင်မှု အသံစကား မစားရဝကမန်းတွေကို ရေဒီယိုမှာပဲ ပြောတတ်တဲ့ သမ္မတမိန့်ခွန်း တွေကို ကြားရတိုင်းလည်း သိနိုင်ပါတယ်။  စစ်ပွဲတွေအရေးမှာ အာဏာမဲ့နေတဲ့ သမ္မတနဲ့ အစိုးရအဖွဲ့အလုပ်၊ မူဝါဒတွေက လည်း သက်သေပြနေပါတယ်။

နိဂုံးချုပ်ရရင် တော်စတွိုင်းရဲ့ ‘ဥ’ ပြဿနာ ပုံပြင် ဇာတ်ဦးလို ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုအချင်းချင်း၊ နိုင်ငံသား အချင်းချင်း ကာလနာ တိုက်နေရတဲ့ ဇာတ်ထုပ် ရာစုဝက်ချီ ကပြ အမြစ်တွယ်နေတဲ့ မြန်မာပြည်က စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ‘ဥ’ ပြဿနာဟာ ကိစ္စက ထိပ်ဝရောက်နေသလို အရေးကြီး အထွတ်အထိပ်ရောက်နေပြီ ဖြစ်ကြောင်း၊ မျိုမရ ထွေးမရ အခြေအနေကြီး ဖြစ်ကြောင်း၊ ‘ဥ’ လုံးပြုတ် အပြုတ်နှံ ပြုတ်ပြုတ်ပြုန်းအောင် ကြံဆောင်ဖို့ လိုကြောင်း၊ လွှတ်တော်တွင်း နည်းလမ်းရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ပြည်သူအများ မှန်ကန်တဲ့ မဲလက်နက်ကို အသုံးချ ‘ဥ’ ပြုတ်ဖို့အရေး ကနဦး တာဝန်ကျေ ဝိုင်းဝန်းဖို့လိုကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များကလည်း လွှတ်တော်ပြင်ပ ‘ဥ’ ပြုတ်ရေး လမ်းစဉ်များကို များများမြန်မြန် ရှာ ဖော်ဆောင်ဖို့လိုကြောင်း၊ ၂၀၁၅ အလွန်မှာ ‘ဥ’ ပြဿနာ အဆုံးသတ် အောင်မြင် ဇာတ်သိမ်း ကားလိပ်ချ မြင်ချင်ပြီဖြစ်ကြောင်း ဆွေးနွေးတင်ပြ တိုက်တွန်း နှိုးဆော်လိုက်ကြောင်းပါခင်ဗျား။
 
ငြိမ်းချမ်းအေး
ဇူလိုင် ၀၉၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၆၉)၊ (၂၀၁၅) ခုနှစ် ဇူလိုင် (၁၀) ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်သည်။  မိုးမခဆောင်းပါးဟောင်း တစ်ပုဒ်ကို အခြေခံသည်။  အသစ်ရေးသားမှုကို မိုးမခတွင် ယခု အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။

မဖြစ်မနေ ဖြေရှင်းရမယ့် ‘ဥ’ ပြဿနာ|| ငြိမ်းချမ်းအေး ||ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ စာပေဂုဏ်ကျေးဇူးတွေ၊…

Posted by The Ladies News on Tuesday, July 14, 2015

photo www.telegraph.co.uk


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts