တူမောင်ညို သူတို့အာဘော်

တူမောင်ညို မြင်တဲ့ အရှိတရား နဲ့ အသိတရား


Senior General Min Aung Hlaing who is on the goodwill visit to China paid homage to the sacred tooth relic of Buddha at Ling Guang Si Buddhist Temple in Beijing, the People’s Republic of China, 30th OCT 2016


တူမောင်ညို မြင်တဲ့ အရှိတရား နဲ့ အသိတရား
(တူမောင်ညို) မိုးမခ၊ နိုဝင်ဘာ ၇၊ ၂၀၁၆

“တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေကရရှိလာတဲ့ တပ်မတော် ရဲ့ ‘ အသိတရား’ ဖြစ်သလို လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှုကို ခိုင်မြဲစေဖို့ ‘အရှိတရား’ လည်းဖြစ်တယ် ”

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ (NCA) စာချုပ်နှစ်ပတ်လည် အခမ်းအနားမှာ ပြောတဲ့ ကာချုပ် ဗိုလ်မင်းအောင် လှိုင်ရဲ့ပြောစကားထဲမှာ ဖော်ပြပါ စကားရပ်ပါရှိပါတယ်။ ဒီ ဆောင်းပါးမှာ အထက်ပါပြောကြားချက်ကို ဝေဖန်ဆန်းစစ်ပါ့မယ်။

အပြည့်အစုံက “တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်” ။

(တပ်/ငြိမ်းမူ ၆ ရပ်) လို့ပဲ လွယ်လွယ်ခေါ်ပြီး တိုတိုရေးပါရစေ။

ပထမဆုံးအနေနဲ့ (တပ်/ငြိမ်းမူ ၆ ရပ်)ဆိုတာဘာတွေလဲ။ ဘယ်ကာလမှာ ဘယ်လို စတင်ပေါ်လာသလဲဆိုတာလေးကို ခြေဆင်း ပျိုးခွင့်ပြုပါ။ (တပ်/ငြိမ်းမူ ၆ ရပ်) ဆိုတာ

၁။ ထာဝရ ငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိရန်၊

၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊

၃။ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊

၎။ ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊

၅။ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊

၆။ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်ပါဆောင်ရွက်ရန် —- ဟူ၍ဖြစ်ပါတယ်။

“တပ်/ငြိမ်းမူ ၆ ရပ်” ကို စစ်တပ်ပိုင်မြဝတီသတင်းစာမှာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ စတင်ပြီး၊ သြဂုတ်က စလို့ (တနင်္လာနေ့တိုင်း) ဖော်ပြလာတာသတိပြုမိပါတယ်။

ဘယ်လိုစတင်ပေါ်လာသလဲဆိုတာလေး သတိပြုမိတာကို တင်ပြပါ့မယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ (NCCT) တို့ ပထမအကြိမ် (single text) ပြုစုရေးသားတဲ့ ဆွေးနွေးပွဲ (၂၀၁၄ ခုနှစ်၊ ဧပြီ ၅ ရက်မှ ၈ ရက်) မှာ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း ပြောတဲ့စကားထဲမှာ ပါဝင်လာတာပါ။ အဲဒီတုန်းက အမည်က အခုလို “တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်” ရယ်လို့ မဟုတ်သေး ပါဘူး။ “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒ ၆ ရပ် ” ဆိုပြီး သုံးစွဲခဲ့တာပါ။

အသုံးအနှုန်းတွေပဲကြည့်ပါ။ တစ်ဖက်သတ် အပေါ်စီးယူပြီးရေးထားတာတွေဖြစ်ပါတယ်။ အချက် ၅ နဲ့ ၆ က အခရာပါပဲ။

ကာချုပ်ပြောစကားထဲမှာပါတဲ့ “အသိတရား နဲ့ အရှိတရား” အကြောင်းပြောကြရအောင်။

ကာချုပ်က“အသိတရား” ဆိုတာ ဘဝလက်တွေ့ထဲကလာတယ် ဆိုတဲ့ အမှန်တရားရဲ့စံထားချက်ကို သူ့နည်းသူဟန်နဲ့ လက်ခံ ထားပုံပဲ။

“ တူမောင်ညို” မြင်တဲ့ “ အရှိတရားနဲ့အသိတရား” က အခုလိုဖြစ်ပါတယ်။

တိုင်းပြည်သမိုင်းကို ပြန်ကြည့်လိုက်တော့ ၁၉၄၈ခုနှစ် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီး ပေါက်ဖွားလာပြီး၊ ဒီကနေ့အထိ မရပ်စဲနိုင်သေးပဲ လက်တွေ့အားဖြင့် ဆက်လက်ဖြစ်ပွားတည်ရှိနေတာ ပထမဆုံးပြောချင်တဲ့ တကယ့်အရှိတရားဖြစ်ပါတယ်။

နောက်ထပ်၊ ဒုတိယအချက်အားဖြင့် အသိအမှတ်ပြုထားရအုံးမယ့် အရှိတရားတစ်ခုရှိပါသေးတယ်။ အဲဒါကပြည်တွင်းစစ်ကြီး ကို အဆက်ဆက်သော အုပ်စိုးသူတွေ မရပ်စဲနိုင်ခဲ့ကြဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။

တတိယအချက်အဖြစ် အသိအမှတ်ပြုထားရမယ့် အရှိတရားတစ်ခုကျန်ပါသေးတယ်။ အဲဒါကတော့ ပြည်တွင်းစစ်ကို မရပ်စဲ နိုင်တဲ့အုပ်စိုးသူတွေဟာ ကုဋေကြွယ်သူဋ္ဌေးကြီးတွေဖြစ်နေပြီး၊ တိုင်းပြည်နဲ့လူထုကတော့ ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲပြာကျနေ ရတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအရှိတရားသုံးပါးကို “ကာချုပ်ကြီး” လက်ခံ အသိအမှတ်ပြုဝံ့ပါ့မလား။

အဲဒီလို ပထမ၊ ဒုတိယ၊ တတိယအချက်တွေအဖြစ်တင်ပြခဲ့တဲ့ “အရှိတရား” တွေက ဆင်းရဲတွင်းထဲက အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများအတွက် အောက်ပါ “အသိတရား” ကို အလေးအနက်နဲ့ အခိုင်အမာရရှိစေခဲ့ပါတယ်။ အဲဒါကတော့ ပြည်တွင်းစစ်ကို ချက်ခြင်း ရပ်စဲစေပြီး အရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးတည်ဆောက်ကြဖို့ပါပဲ။ လူမျိုးပေါင်းစုံပြည်သူများရဲ့အင်အားနဲ့ ပြည်တွင်းစစ်ကို ရပ်စဲပြစ်ဖို့ပဲ။

ငြိမ်းချမ်းရေးအကြောင်းကိုပြောပြီဆိုတော့ ပြည်တွင်းစစ်အကြောင်းက မပါလို့မဖြစ်၊ မပြောလို့မဖြစ်တော့ဘူး။ စစ်နဲ့ငြိမ်းချမ်း ရေး။ ပြည်တွင်းစစ်အကြောင်းကိုပြောပြီဆိုတော့ အောက်ပါကိစ္စသုံးခုရဲ့ဆက်နွယ်မှုကို အခိုင်အမာပြောရပါလိမ့်မယ်။

“ ပြည်တွင်းစစ် – စစ်တပ် (ဝါ) တပ်မတော် – စစ်အုပ်စု ” ဆိုတဲ့ ခေါင်းစဉ် ၃ ခုပါပဲ။

ဘယ်သူမဆို၊ ဘယ်ပါတီအဖွဲ့အစည်းမဆို ငြိမ်းချမ်းရေးပြဿနာကို ကိုင်တွယ်မယ်၊ စဉ်းစားမယ်ဆိုရင် ဒီ ၃ ခုကို မဖြစ်မနေ ကိုင်တွယ်ရမှာပဲဖြစ်ပါတယ်။

စစ်အုပ်စု (သို့မဟုတ်) စစ်အုပ်စုတည်ရှိနေရတဲ့အကြောင်းရင်းကို ပြောတဲ့အခါ ပြည်တွင်းစစ်နဲ့ စစ်တပ်(ဝါ) တပ်မတော် ဆိုတဲ့ အချက်နှစ်ချက်အပေါ်ကနေမလွဲမသွေမအဖြေပေးရမှာပဲဖြစ်ပါတယ်။စစ်အုပ်စုရဲ့အရှည်တည်တံ့မှုကစစ်တပ်(ဝါ)တပ်မတော်နဲ့ ပြည်တွင်း စစ် ဆိုတဲ့ အချက်အလက်တွေမရှိဘဲ ဘယ်လိုမှ မတည်ရှိနိုင်ဘူး/မတည်တံ့နိုင်ဘူးဆိုတာကို တွေ့ရပါလိမ့်မယ်။

ဆိုလိုချင်တာက စစ်တပ်(ဝါ) တပ်မတော်နဲ့ ပြည်တွင်းစစ်ဟာ စစ်အုပ်စု အရှည်တည်တံ့ခိုင်မြဲရေးအတွက် မရှိမဖြစ်တဲ့ လိုအပ် ချက်ဖြစ်ပါတယ်။

အလွယ်မြင်သာအောင် ပုံဆောင်ပြရရင် စစ်အုပ်စုဆိုတာကို ဒင်္ဂါးပြားတစ်ခုအဖြစ် ကြည့်မြင်ကြပါစို့။

စစ်အုပ်စုဆိုတဲ့ ဒင်္ဂါးမှာ စစ်တပ် (ဝါ) တပ်မတော်ဆိုတဲ့မျက်နှာစာနဲ့ ပြည်တွင်းစစ်ဆိုတဲ့ မျက်နှာစာ နှစ်ဖက်ပါရှိနေပါတယ်။ စစ်အုပ်စုဆိုတဲ့ ဒင်္ဂါးပြားဟာ အဲဒီမျက်နှာစာနှစ်ဖက်နဲ့ မကွဲမကွာတည်ရှိခြင်းအားဖြင့် သူတို့ရဲ့အာဏာနဲ့ အုပ်စိုးမှုကို ဆွဲဆန့်ထားခြင်းဖြစ် ပါတယ်။ ရှည်ကြာနေစေခြင်းဖြစ်ပါတယ်။

ပထမဆုံးအချက်အနေနဲ့ စစ်အုပ်စုဟာ ပြည်တွင်းစစ်ကမွေးဖွားပေးလိုက်တဲ့ သွေးစုတ်ဖုတ်ကောင်ကြီးပဲဖြစ်ပါတယ်။

အဲဒီသွေးစုပ်ဖုတ်ကောင်ကြီးဟာ စစ်တပ် (ဝါ) တပ်မတော်ကို ဂုတ်ခွစီးထားပါတယ်။ စစ်တပ်(ဝါ) တပ်မတော်ကို တစ်လက် ကိုင်တပ်၊ ခါးပိုက်ဆောင်တပ်အဖြစ် လုပ်ထားပါတယ်။ ဒီလိုလုပ်ထားနိုင်တဲ့အခြေခံပေါ်ကနေ ပြည်တွင်းစစ်ကိုထိန်းသိမ်းမွှေးမြူထားပြီး သူ့ရဲ့ဖုတ်သက်ကိုရှည်ကြာအောင်ဆွဲဆန့်ထားခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုနဲ့ပြည်တွင်းစစ်ဟာရှည်ကြာခဲ့ရသလိုအပြန်အလှန်အားဖြင့် စစ်အုပ်စု ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးဟာလည်း တစထက် တစ အစွယ်နဲ့ချို(ဂျို) သာမက အတောင်ပံပါပေါက်လာခဲ့တာပဲဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု ဘက်ပေါင်းစုံကို ချုပ်ကိုင် လွှမ်းမိုးချယ်လှယ်ထားတော့ တာပါပဲ။

ဒီလိုအခွင့်သာချက်တွေ ရရှိနေခဲ့တဲ့၊ စားသာနေတဲ့ စစ်အုပ်စုဟာ ပြည်တွင်းစစ်ကို မရပ်စဲနိုင်ခဲ့ပါဘူး။ ရပ်စဲလိုက်လို့မဖြစ်ပါဘူး။ ပြည်တွင်းစစ်ကို အပြီးသတ် ရပ်စဲလိုက်မယ်ဆိုရင် ကိုယ့်ကိုယ်သေကြောင်းကြံသလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သလိုဖြစ်သွားမှာ ပါ။ ဒီတော့ ပြည်တွင်းစစ်ကို တယုတယနဲ့ ထိန်းသိမ်းမွေးမြူထားခဲ့ပါတယ်။ ဘယ်လောက်ထိလုပ်ခဲ့ကြသလဲ။ “ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်” လို့တောင် ဇောက်ထိဇောက်ထိုးလုပ်ခဲ့ကြတယ်။ တကယ်လည်း ဇောက်ထိုးပြောင်းပြန်တွေ ဖြစ်ခဲ့ပါတယ်။ တိုင်းပြည်နဲ့လူထုက ဆင်းရဲမွဲတေပြီးချိနဲ့သွားရတယ်။ စစ်အုပ်စုဝင်တွေ၊ မိသားစုတွေ ထားစရာမရှိအောင်ချမ်းသာခဲ့ကြတယ်မဟုတ်လား။

ပြည်တွင်းစစ်ကို ထိန်းသိမ်းမွေးမြူရာမှာ“ပြည်တွင်းငြိမ်းချမ်းရေး”ကိုလည်း နည်းနာတစ်ခု၊လှည့်ကွက်တစ်ခုအဖြစ် ခေတ်ကာလ အနေအထားကိုလိုက်ပြီး အသုံးချဖို့ သူတို့လက်မနှေးခဲ့ကြပါဘူး။

၁၉၆၂ ခုနှစ်မတ်လ ၂ ရက်နေ့ ကနေ ဒီကနေ့အထိ ပုံစံပေါင်းစုံ၊ နာမည်မျိုးစုံနဲ့ လက်နက်ချပွဲတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီလိုလက်နက်ချပွဲတွေကို အုပ်စိုးသူစစ်အုပ်စုက “ငြိမ်းချမ်းရေး” ဆိုတဲ့ မျက်နှာလှလှ တပ်ဆင်ပေးပြီး လူမျိုးပေါင်းစုံ ပြည်သူများရဲ့ ငြိမ်းချမ်းရေးဆန္ဒကို လမ်းလွှဲပစ်ခဲ့တာပါ။ သောင်းကျန်းသူတွေရဲ့“အမြတ်ထုတ်မှုတွေ၊မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေ၊ အကြပ်ကိုင်မှု တွေ ကြောင့်” တွေ့ဆုံ ဆွေးနွေးရေး ပျက်ပြားခဲ့ရပါတယ်ဆိုတဲ့ ဆင်ခြေလိမ်နဲ့ သူတို့ရဲ့ လိမ်ညာမှုကို ဖုံးကွယ်မှိုင်းတိုက်ခဲ့ကြပါတယ်။

ဒါကြောင့် ဒီကနေ့ (တပ်/ငြိမ်းမူ ၆ ရပ်) ဆိုတာလည်း ရှေ့မှာပေါက်ပေါက်ခဲ့ဖူးတဲ့ ပုံစံမျိုးစုံလက်နက်ချရေးတွေထဲက ဒီကနေ့ ခေတ်ကာလအတွက် လက်နက်ချရေးပရိယာယ်တစ်ခုသာဖြစ်ပါတယ်။ (NCA) စာချုပ်ကို လက်မှတ်ထိုးရမယ်၊ (NCA) ဘောင်ထဲကပဲ သွားရမယ်ဆိုတာဟာ လက်နက်ချရမယ်ဆိုတာကို ဝါကျဖွဲ့စည်းမှုပြောင်းပြီးပြောတဲ့စကားသာဖြစ်ပြီး အနှစ်သာရက လက်နက်ချကြဖို့သာ ဖြစ်ပါတယ်။

အတိတ်နဲ့မျက်မှောက်ကာလတွေမှာ လက်နက်ကိုင်ပြီး အာဏာသိမ်းခဲ့၊ အာဏာထိန်းခဲ့၊အခြေခံဥပဒေဖျက်ခဲ့၊ အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့၊ ပြည်သူ့ဆန္ဒနင်းခြေဖျက်ဆီးခဲ့ကြသူတွေက “လက်နက်ကိုင်ဖြတ်လမ်းနည်းနဲ့အခွင့်အရေး ရယူလိုခြင်းဟာ ပြည်သူ့ ဆန္ဒနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်/လက်နက်စွဲကိုင် အခွင့်ရေးတောင်းဆိုခြင်းဟာ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ် ” လို့ ပြောနေတာ လျှာအရိုးမရှိတဲ့ပြောနေတာပဲဖြစ်ပါတယ်။ အရှက်ကင်းမဲ့လွန်းလှပါတယ်။

တူမောင်ညို မြင်တဲ့ “အရှိတရားနဲ့အသိတရား” ကို ဝေဖန်ဆန်းစစ်တင်ပြခဲ့ပါပြီ။

နိဂုံးချုပ်ကြပါစို့။

ငြိမ်းချမ်းရေးပြဿနာကို ကိုင်တွယ်မယ်၊ စဉ်းစားမယ်ဆိုရင် “စစ်အုပ်စု – စစ်တပ် (ဝါ) တပ်မတော် – ပြည်တွင်းစစ် ”ဆိုတဲ့ ကိစ္စ သုံးခု ကို မဖြစ်မနေကိုင်တွယ်ရမှာဖြစ်တယ်လို့ အထက်မှာတင်ပြခဲ့ပါပြီ။ ပြည်တွင်းစစ်ကို ရပ်စဲမယ်ဆိုရင် စစ်တပ် (ဝါ) တပ်မတော်ရဲ့ ဂုတ်ပေါ်ခွစီးထားတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးဖြစ်တဲ့ စစ်အုပ်စုကို အကုန်အစင်ဖယ်ရှားပစ်ရပါလိမ့်မယ်။

တိုင်းပြည်တစ်ပြည်မှာ စစ်တပ် (ဝါ) တပ်မတော်မရှိလို့ မဖြစ်ဘူး။ ရှိရမယ့်တပ်မတော်က စစ်အုပ်စု တစ်စုစုက လွှမ်းမိုးချုပ် ကိုင်ထားခြင်းခံရတဲ့၊ ခါးပိုက်ဆောင်တပ်သဖွယ်ဖြစ်နေတဲ့ စစ်တပ် (ဝါ) တပ်မတော်မျိုးတော့ ဘယ်နည်းနဲ့မှ မဖြစ်ဖို့လိုအပ်ပါတယ်။

စစ်တပ် (ဝါ)တပ်မတော်ဟာ အစိုးရ လက်အောက်မှာ စည်းကမ်းသေဝတ်စွာရှိရမယ်။ အမျိုးအစားကောင်းမွန်ပြီး ခေတ်မီတဲ့ တပ်ဖြစ်ရမယ်။ အဓိကအချက်က ပြည်သူကို ဖိနှိပ်ပြီး၊ လက်တစ်ဆုပ်စာလူတစ်စုကို အလုပ်အကျွေးပြုတဲ့တပ် လုံးဝ မဖြစ်စေရဘူး။

ဒါ့အပြင် အခြေခံဥပဒေထဲမှာ စိတ်ကြိုက်အပေါ်စီးယူထားတဲ့ ပုဒ်မတွေ ထည့်သွင်း ပြဋ္ဌာန်းကာ “ဥပဒေအရ” ဆိုပြီးစကားတွေ တွင်တွင်ပြောနေတဲ့ စစ်တပ်(ဝါ) တပ်မတော်မျိုးလည်း မဖြစ်စေရဘူး။

စစ်အုပ်စုရှိနေသမျှ၊ စစ်အုပ်စုက စစ်တပ်(ဝါ) တပ်မတော်ကို ဂုတ်ခွစီးထားသမျှ၊ ပြည်တွင်းစစ်မီးငြိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြည်တွင်းစစ်ရှိနေရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုဘယ်လိုမှ ဦးတည်နိုင်မှာမဟုတ်ဘူး။ အိပ်ပေါက်နဲ့ဖားကောက်သလိုပဲဖြစ်နေမှာပါ။ ကာချုပ်ကြီးစကားထဲမှာပါသလို “အဆိုးကျော့ သံသရာ” ဟာ တကျော့နှစ်ကျော့မကဘဲ၊ အကျော့ကျော့လည်မြဲလည်နေပါလိမ့်မယ်။

လူမျိုးပေါင်းစုံပြည်သူများဟာ ဒီ အရှိတရားကို နှစ်ကာလရှည်ကြာ ဘဝတွေအသက်တွေနဲ့ရင်းပြီးသိရှိနားလည်ခဲ့ကြပါပြီ၊ သူတို့ ခိုင်ခိုင်မာမာရရှိထားတဲ့ အသိတရားက ပြည်တွင်းစစ်ကို မဖြစ်မနေရပ်ဆိုင်းပစ်ဖို့မှာ သော့ချက်တာဝန်က စစ်အုပ်စုက စစ်တပ် (ဝါ) တပ်မတော်ကို ဂုတ်ခွစီးပြီးတလက်ကိုင်တပ်လုပ်ထားတာနဲ့ နိုင်ငံရေးမှာ ဗိုလ်ကျလွှမ်းမိုးခြယ်လှယ်နေတာတွေကို အကုန်အစင် ဖယ်ရှား လွတ်မြတ်စေဖို့ဆိုတဲ့ အသိတရားပဲဖြစ်ပါတယ်။

ညွန်း

(၁၆-၁၀-၂၀၁၆) ကြေးမုံသတင်းစာ၊ စာမျက်နှာ ၆၊ “ ကာချုပ်နှုတ်ဆက်စကား”

(၆-၄-၂၀၁၄) ကြေးမုံသတင်းစာ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒ (၆) ရပ်၊ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းပြောကြားချက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts