သူတို့အာဘော် သရော်စာ မောင်ရစ်

မောင်ရစ် – အိုဘားမား ဘယ်သန်မို့ လက်ဝဲဆန်သတဲ့လား

မောင်ရစ် – အိုဘားမား ဘယ်သန်မို့ လက်ဝဲဆန်သတဲ့လား

မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၅

အိုဘားမား အမေရိကန်မှာ သမ္မတအရွေးခံဖို့ ခရီးစကတည်းက အိုဘားမားဟာ လူမည်း၊ မူဆလင်၊ ကွန်မြူနစ် (ဆိုရှယ်လစ်လို့လည်း ခေါ်ကြပါတယ်) အဖြစ် စွပ်စွဲကြ၊ အပုပ်ချကြ၊ နာမည် ဖျက်ကြပါတယ်။ အမေရိကန်က ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေ၊ လူဖြူ အရင်းရှင်ကြီးတွေ၊ သူတို့ လက်ဝေခံတွေအတွက်ကတော့ ဒါဟာ ဖော်နေကြ ဆေးခါးကြီးပဲ။ သူတို့ပြိုင်ဖက်တွေကို ဒီလိုမျိုး ပေးစားပြီး အပြုတ်တိုက်ကြရတာပဲ။ လူမည်းဆိုတဲ့ သင်္ကေတက ဒီလူဟာ လူဖြူမဟုတ်၊ အနိမ့်စားလူ၊ ပြီးတော့ အမေရိကန်ဖွား စစ်စစ်မဟုတ်ဘူးလို့ အဓိပ္ပါယ်ရတယ်။ မူဆလင်ဆိုတာကတော့ အနောက်ကမ္ဘာကို အပြုတ်တိုက်ချင်နေတဲ့ အကြမ်းဖက်ဘာသာရေးအစွန်းရောက်တွေနဲ့ နွယ်တယ်လို့ ဆိုချင်တာပါ။ အဲနောက်ဆုံး ကွန်မြူနစ်ဆိုတာကတော့ အရင်းရှင်ကမ္ဘာရဲ့ ရန်သူအလိုတော်ရိ၊ အမေရိကန်တွေကို ဆင်းရဲတွင်းထဲ မင်းမဲ့စရိုက်တွေထဲ ဆွဲချမယ့် ဘာသာမဲ့ အန္တရာယ်ကောင်လို့ ပြောချင်တာပါ။

ဒီလို အတိုက်အခိုက်တွေကြားထဲက အိုဘားမားတယောက် သမ္မတဖြစ်လာတာ သက်တမ်း ၂ ဆက် ရှိခဲ့ပြီ။ ခုချိန်ထိ အတိုက်အခိုက်က မရပ်သေးပါဘူး။ အိုဘားမားကတော့ သူ့သမ္မတသက်တမ်းမှာ သူလုပ်နိုင်တာတွေ လုပ်သွားခဲ့တာပါပဲ။ လုပ်နေခဲ့တာပါပဲ။ စွပ်စွဲပုပ်ခတ်သံတွေက စဲသွားတယ်ရယ်လို့ မရှိပါဘူး။ သူတို့အမေရိကန်နိုင်ငံရေးမှာ ဒါတွေက သဘာဝမို့လို့ ရိုးဟိုးဟိုးတောင် နေပြီလို့ ပြောနေကြမလားပဲ။

အိုဘားမားကို ကွန်မြူနစ်ဆန်တယ်၊ လက်ဝဲသန်တယ်လို့ ကွန်ဆားဗေးတစ်တွေက ပြောကြသော်လည်း အိုဘားမားရဲ့ ဒီမိုကရက်ပါတီက လက်ဝဲအစွန်းရောက်တွေကတော့ ဒါကို ငြင်းချက်ထုတ်ပါတယ်။ သူတို့ဖြစ်စေချင်သလောက် အိုဘားမားက လက်ဝဲမဆန်ဘူးတဲ့။ အရင်းရှင်ဆန်နေပြန်သတဲ့။ အမေရိကန်မှာက ရီပတ်ဘလစ်ကန်ပါတီလို့ဆိုတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ပါတီကို လက်ယာစွဲပါတီလို့ ပြောကြပြီး ဒီမိုကရက်ပါတီကတော့ ခေတ်ဆန်တဲ့ လစ်ဘရယ်ကျတဲ့ပါတီ လက်ဝဲဆန်တဲ့ပါတီ (လက် ၀ဲ စွဲ လို့ မရေးပါ၊ လက်မှာ ၀ဲတွေ စွဲတယ် ထင်မဆိုးလို့) လို့ သဘောထားကြပါတယ်။

မြန်မာပြည်မှာလည်း လက်ဝဲဆန်တာ လက်ဝဲကျတာကို စကားလုပ်ပြောနေကြတယ်။ လက်ဝဲကျတယ်ဆိုတာ အနောက်ဖက်က ယေဘူယျအသုံးနဲ့ သဘောထားကတော့ နိုင်ငံရေးလုပ်တဲ့နေရာမှာ စာပွဲဝိုင်းပေါ်တက်ဖြေရှင်းတာထက် လမ်းပေါ်တက်ပြီး လှုံဆော် သွေးထိုးဖို့ အစွဲသန်တယ်လို့ ပြောချင်တာပါ။ ဘိုလိုဆိုရင် activism တွေ ပိုပြီး အားသန်တယ်ပေါ့။ တဆိတ်ရှိ အစိုးရကို ဆဲ၊ လမ်းထွက် ဆန္ဒပြ၊ အရေးဆို၊ လှုံဆော် အဲဒါမျိုးကို ပြောချင်တာပါ။

အမေရိကားမှာ လူမည်းတွေနဲ့ အသားအရောင်ကွဲပြားသူ လူနည်းစုတွေ လူဖြူတွေလို တန်းတူအခွင့်အရေး မရတာ ကြာပေါ့။ ခုထိလည်း မရသေးပါဘူး။ လူမည်းတွေဟာ အမေရိကန်အကျဉ်းထောင်ထဲမှာ အများဆုံး၊ လမ်းမှာ ပုလိပ်တွေ အစစ်ခံရဆုံး၊ ပုလိပ်တွေက သေနတ်နဲ့ ပစ်၊ အကြမ်းဖက် နှိပ်စက် အခံရဆုံးဟာ လူမည်းတွေ အများစုပါ။ နိုင်ငံရေးသမားတွေနဲ့ ဥပဒေသမားတွေရဲ့ အကာအကွယ်နဲ့ စောင့်ရှောက်မှု မခံရတဲ့အတွက် လူမည်းတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြ၊ ဆူပူ လှုံဆော် အရေးဆိုပြီး နိုင်ငံရေးမျက်နှာစာပေါ်ကို ရုန်းကန် ကုတ်ကတ် တွန်းထိုးပြီး တက်နေကြရတာ အမေရိကန်ပြည် တသက် ရှိပြီပေါ့။ အိုဘားမား သမ္မတဖြစ်လိုက်ရုံနဲ့ လူမည်းတွေ တန်းတူညီမျှသွားပြီလို့ စိတ်ဒုံးဒုံး မချနိုင်ပါ။ ခုချိန်ထိ တိုက်ပွဲဝင်နေရတုန်း။ ဒီလို လှုပ်ရှားမှုတွေ တိုက်ပွဲတွေကို activist တွေက ဦးဆောင်ပြီး တိုက်ကြတာပါ။ သူတို့တွေကို လက်ယာတွေလို့ မခေါ်ပါ၊ လက်ဝဲကောင်တွေလို့ သမုတ်ကြပါတယ်။

အမေရိကန်က လက်ဝဲကောင်တွေ activists တွေက occupy movement ဆိုတဲ့ လမ်းပေါ်ထွက် သပိတ်စခန်းဖွင့် အရင်းရှင်တွေကို အပုတ်ချတဲ့ လှုပ်ရှားမှုလည်း လုပ်ခဲ့တာပဲ။ လူမည်းတွေ ပစ်သတ်ခံရတော့လည်း လမ်းပေါ်ထွက် ဆန္ဒပြကြတာပဲ။ အမေရိကန်က နိုင်ငံခြားတိုင်းပြည်တွေထွက်ပြီး စစ်လိုက်တိုက်နေတော့လည်း စစ်ဆန့်ကျင်ရှုံ့ချပြီး ကန့်ကွက်ကြတာပါပဲ။ အစိုးရတွေ ဥပဒေတွေ အရင်းရှင်တွေက သာမန်လူထု လူတန်းစားတွေ ကျောင်းသားလူငယ်တွေကို လူလည်ကျ မတရားလုပ် လှည့်စားတာတွေ ကျူးလွန်ပြီ ထင်ရင် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြကြတာဟာ activism ရဲ့ နည်းလမ်းတွေပါပဲ။ လက်မှတ်ထိုးပြီး ကန့်ကွက်ကြ ကန်ပိန်းတွေလုပ်ကြဆိုလည်း လုပ်တာပဲ။ အစိုးရနဲ့ အရင်းရှင်တွေက မသိချင်ယောင်ဆောင် ဟိုဖက်လှည့်နေလို့ကတော့ activists တွေဟာ protests တွေ strikes တွေ unions တွေနဲ့ တိုက်ပွဲခေါ် လမ်းပေါ်တက်ကြတော့တာပါပဲ။ ဒါ သဘာဝ ဖြစ်ပါတယ်။

အိုဘားမားလည်း community organizer လူထုစည်းရုံးရေးသမားကနေ နိုင်ငံရေးသမား ဖြစ်လာတာပဲ။ activism နဲ့ မစိမ်းပါ။ လက်ဝဲဆန်တဲ့ သဘောထားတွေ လှုပ်ရှားမှုတွေနဲ့ ရင်းနှီးသူပါ။ ဒါကြောင့် အရင်းရှင်တွေကို အခွန်တိုးကောက်နိုင်ဖို့၊ လူထုလူတန်းစားတွေ အခွန်သက်သာဖို့၊ ကျန်းမာရေးနဲ့ လုပ်ငန်းခွင် လုပ်ခ အာမခံချက်တွေ ရှိဘို့၊ လူတန်းစား အသားအရောင် လိင်တူ လိင်ကွဲမရွေး တန်းတူ ခံစားခွင့်ရှိဖို့၊ စစ်ချည်းပဲ တိုက်နေမယ့်အစား စကားဝိုင်းနဲ့ အယူအဆတွေ ညှိနှိုင်းဖို့ စတာတွေကို အစိုးရခေါင်းဆောင်တယောက်အနေနဲ့ စွမ်းသလောက်တော့ လက်ဝဲဆန်ပြခဲ့တာပေါ့။ လွှတ်တော်နဲ့ ဥပဒေရေးရာက လိုက်လျောမှုတွေ မရရင် လက်ဝဲဆန်သူ သမ္မတကြီး အိုဘားမားဟာ အကြိမ်ကြိမ် လူထုကြားထဲ ဆင်းပြီး ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေ လျောက်လုပ်ပြီး ဆန္ဒထုတ်ဖော်တာတွေ လှုံဆော်တာတွေ လုပ်လေ့ရှိသူပါ။ အတိုင်းအတာတခုအနေနဲ့ လက်ဝဲနည်းတွေ အသုံးချတတ်သူလို့ ဆိုရမှာပေါ့။

အမေရိကန်နိုင်ငံမှာကတော့ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို အာမခံသမို့ အစိုးရတွေ ဥပဒေတွေ လွှတ်တော်တွေကနေ နိုင်ငံရေးပြသနာကို ဖြေရှင်းမရဘူးထင်ရင် အားမရဘူး ထင်ရင် ရွေးကောက်ပွဲကနေ ဖြုတ်ချ အသစ်လဲ ပြောင်းလဲတာတွေ လုပ်ဖို့ အားသန်သူက သန်ခွင့်ရှိသလို လမ်းပေါ်ထွက် စည်းရုံးလှုံဆော် အင်အားပြ ဆန္ဒထုတ်ပြီး လူထုနည်းနဲ့လည်း နိုင်ငံရေးသမားတွေကို ဖိအားပေး ပြသနာရှာကြတာကလည်း အခွင့်အရေးတရပ်ပါပဲ။ မွေးရာပါပဲ။

အခြေခံဥပဒေ ပြင်ဖို့အတွက် ဟီလရီကလင်တန်မကြီး သမ္မတဖြစ်မှ ဖြစ်မယ်ဆိုတဲ့ နည်း တလမ်းတည်းသာ ရှိတယ်။ မင်းတို့ လက်ဝဲကောင်တွေ လမ်းပေါ်ထွက် ဆန္ဒပြမနေကြနဲ့ မြောင်းထဲ ဆင်းနေကြလို့ အမေရိကားမှာတော့ ကြိမ်းမောင်း ခြိမ်းခြောက် ဟိန်းဟောက်နေတဲ့ အသံတော့ မကြားမိပါခင်ဗျား။ ကလင်တန်မကြီးလည်း သူ့လမ်းသူ လျောက်ပါစေ၊ လက်ဝဲကောင်တွေလည်း လမ်းပေါ် တဲထိုး သပိတ်မှောက်နေကြပါစေ ပေါ့။ (အမေရိကန်မှာ ပြောပါတယ် …)

ဒီမိုကရေစီ ရရှိရေး … ဒို့အရေး

သပိတ် သပိတ် မှောက် မှောက်

အရေးတော်ပုံ အောင်ရမည် ….

သည်လိုမှပေါ့ … (ဟဲဟဲ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts