ကိုသန်းလွင် သတင်းဆောင်းပါး

ကိုသန်းလွင် – အကောက်ခွန်


ကိုသန်းလွင် – အကောက်ခွန်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၅

(၁)

စင်္ကာပူဆိပ်ကမ်းသို့ ကွန်တိန်နာ တလုံးရောက်လာပါက အကောက်ခွန်ဌာနက အလုပ်လုပ်ရက် သုံးရက်သာ အချိန်ယူပါသည်၊ မှာလိုက်သော ပစ္စည်းကို အေးဂျင့်က ဆိုင်အရောက် ပို့ပေးသည်၊ လေယာဉ်ပျံနှင့် ရောက်လာ သော ပစ္စည်း ဆိုပါက နာရီအနည်းငယ်အတွင်း  မိမိကားပေါ်သို့ ပစ္စည်းကို တင်ပြီး မောင်းထွက်လာ နိုင် အောင် စီစဉ်ထား ပါသည်။

ပစ္စည်းကို အခွန်ကောက်ရန် အတွက် ကျသင့်ငွေကို ကျွန်တော်တို့တင်သော Invoice ပေါ်တွင် မူတည်၍ တွက်ချက်သည်၊ အင်တာနက်တွင် မရှာ၊ ဖိုင်အဟောင်းတွေကို မလှန်၊ ကျွန်တော်တို့နှင့်လည်း ငြင်းခုံမနေပါ၊ ပစ္စည်းကို ထုတ်ပေးလိုက်ပါသည်၊ တချိန်တွင် ကျွန်တော်တို့က ပစ္စည်းကို တန်းဘိုး လျော့၍ လိမ်လည်တင်ထား သည်ကို တွေ့ရှိပါက သေဘို့သာ ပြင်ပေရော့၊ သူတို့သည် လိမ်လည်သူကို အပြစ်ပေးနိုင်သည် အထိ ရေကုန် ရေခမ်း လိုက်လေ့ရှိသည်၊ အစိုးရက အခွန်ကောက်သည် ဆိုလျင် ပေးရန်အသင့် ပြင်နေသော ကုန်သည်တွေ ကလည်း အခွန်ပေးရန် ၀န်မလေးပါ၊ အကယ်၍ ကျွန်တော်သည် အစိုးရ အခွန် (GST) ပေးရေး  စံနစ်တွင် စာရင်းသွင်း ထားပါက ကျွန်တော် ဆိပ်ကမ်းတွင် ပေးလိုက်သော အခွန်ကို အစိုးရက အချိန်တန်လျင် ပြန်ထုတ် ပေးသည်၊ ကျွန်တော်တို့ တာဝန်မှာ ထိုပစ္စည်းကို စင်္ကာပူနိုင်ငံတွင်းမှာ ပြန်လည်ရောင်းချလျင် ကျသင့်ငွေ ၇% အခွန်အဖြစ် အစိုးရသို့ ပြန်လည်ပေးသွင်းရသည်၊ အကယ်၍ ကျွန်တော်သည် နိုင်ငံခြားသို့တင်ပို့၍ထိုပစ္စည်းကို စကာင်္ပူနိုင်ငံတွင်းမှာ မသုံးပါဟု သက်သေပြနိုင်လျင် ထို ရ% အခွန်ကို ပေးဆောင်စရာ မလိုပါ။

(၂)

ကျွန်တော်တို့ တရုတ်ပြည်မှ မှာယူတင်သွင်းသော ကွန်တိန်နာမှာ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်လာပါပြီ၊ အေးဂျင့်ကို ဘီအယ်(လ်) BL တွေ Invoice တွေကြိုတင်ပေးတားပါလျက် သင်္ဘောဆိုက်ကပ်တာကို မသိလိုက်၊ ဆိပ်ကမ်း ကပ်ပြီး ၁၀ ရက်လောက်ကြာမှ အေးဂျင့်က အကြောင်းကြားလာသည်၊ ပစ္စည်းရောက်ပြီတဲ့၊ ရွေးချယ်ရန် နည်းလမ်း ၂ ခုရှိသည်ဟု ဆိုသည်၊ အုပ်စုလိုက် ငွေသွင်းရမည်၊ အပိုကြေး ဆိုပါစို့ ၆ သိန်း ကျော်ပေး ရမည် တစ်ပါတ်အတွင်းထွက်မည်၊ ရိုးရိုးပုံမှန်နည်းလမ်းနှင့်ဆိုသော် သုံးသောင်းသာကျမည်၊ ရက်တော့ကြာမည်၊ ကျွန်တော်တို့ ကငွေ ၆ သိန်းကို ချွေတာလိုသောကြောင်း အုပ်စုလိုက်သွင်းဘို့ အကြံပေးသည်ကို ငြင်းပယ်လိုက်ပါသည်၊

ကျွန်တော်တို့ ပစ္စည်းက အလျင်မလိုပါ၊ စောင့်တာပေါ့ဟု ဟုဆုံးဖြတ်ကြသည်၊ သို့ပေမဲ့ သင်္ကြန်ရက် ပိတ်ရက် ရှည်က နီးလာပြီ၊ သင်္ကြန်မတိုင်မီ ထွက်ပါတယ်ဟု အေးဂျင့်က ၀န်ခံချက်ပေးသည်၊ သင်္ကြန်ရက်တွေကို စောင့်ရသောကြောင့် လွန်ခဲ့သောနှစ်က ပစ္စည်း ပိတ်မိနေရာ ဆိပ်ကမ်းဌါးခတွေကို သောက်သောက်လဲ ပေးခဲ့ရတာကို သတိရမိသည်၊၊

အေးဂျင့်ကို တွန်းသောအခါ ဖိုင်ကထပ်ထားပြီးပါပြီ၊ ဖိုင်ကျတာနဲ့ ရွေးထုတ်လို့ရပါပြီဟုဆိုသည်။

အကျိုးရယ် အကြောင်းရယ် ဘာမှ နားမလည်သော ကျွန်တော်တို့က အကောက်ခွန်ရုံးကို ကျွန်တော်တို့ လာရင် ထူးမလားဟုမေးမိပါသည်၊ အေးဂျင့်က အကြောင်းမပြန် ၂ရက်လောက်ကြာတော့ “ကိုယ်တိုင်လာပါ ဗိုလ်ကြီးကို ၀င်တွေ့ပါ” ဟု ခေါ်သည်။

ရုံးကလူတယောက်လိုက်သွားတော့ အ၀င်ပေါက်တွင် စောင့်နေသော လူ ၂ ယောက်နှင့် စတွေ့ရသည်၊ လ္ဘက်ရည်ဖိုးတဲ့၊ ၀င်ကြေးတဲ့ ပေးပါပေါ့၊ ရုံးထဲတွင် ကွန်ပျူတာ သုံးလုံး၊ လူတွေက တစုစီ တစုစီ ထိုင်သူထိုင် ရပ်သူရပ်နှင့် ဗိုလ်ကြီးဆင်း အလာကို စောင့်ရသည်၊ ကျွန်တော်တို့က ထိုင်စရာ နေရာမရ၊ အေးဂျင့် အမကြီးနှင့် မိုးတိုးမတ်တပ် စောင့်ရသည်၊ ထွေရာလေးပါး ပြောရသည်၊ ပန်ကာလေက ပူသောရင်ကို မအေးစေနိုင် ရန်ကုန်နေက ပူလှသောကြောင့် ချွေးက တစိုစို…

မိနစ် သုံးဆယ်လောက်ကြာတော့ လူတွေ ရုတ်တရက် ထရပ်မိကြသည်၊ ဗိုလ်ကြီး သုံးဦး အစည်းအဝေးမှ ပြန်လာကြပါပြီ၊ အောက်မှာ ပစ္စည်းပိုင်ရှင်တွေ စောင့်နေချိန်မှာ သူတို့သည် ဘယ်လို အစည်းအဝေးတွေကို တက်နေကြရပါသနည်း၊ စားသုံးသူ Customers တွေမှာ ဦးစားပေးခြင်းမခံရပြီလော၊ အေးဂျင့် အမျိုးသမီးအုပ်စု က သူတို့ သုံးဦးဘေးသို့ အလျင်ရောက်သွားကြသည်၊ “ငါးနာရီထိုးလုပြီ၊ ဒီနေ့တော့ ဒီလောက်ဘဲ “ ဟုပြောသံ ကြားလိုက်ရသည်၊ အုပ်စုကြီးမှာရပ်တန့်သွားသည်၊ ကျွန်တော့်ဖိုင်လည်း ဒီနေ့ မကျတော့ပါ။

‘အစ်မတို့ ဖိုင်က တော်သေးတယ်၊ ကျမတို့စောင့်ရတာ တလကျော်နေပြီ မကျသေးဘူး’ ဟု ငြီးသံကြားရသည်၊ ကျွန်တော်တို့က ပိုက်ဆံ ၃ သောင်းပေးထားရတာ၊ ဘာလို့မကျတာလဲဟု ကျွန်တော်တို့ အေးဂျင့်မကို မေးမိသည်၊ စိတ်က မထိမ်းနိုင် ‘ကျမတို့ ဆရာက အသပြာ ဆရာ မဟုတ်ဖူး၊ ပေးသလောက်ဘဲယူတာ’ ဟု ပြန်ဖြေသည်။

ထိုဗိုလ်ကြီးမှာ အပွင့်အခက်တွေပါသော သူ့ယူနီဖေါင်းကိုချွတ်လိုက် ပါပြီ၊ သူ့ကားထဲမှာထားသော ရိုးရိုးအင်္ကျီ နှင့် လဲပြီးပြီ၊ ကျွန်တော်တို့ အဖို့ မျှော်လင့်ချက် မရှိတော့ပါ။

“အပြင်ကို မြန်မြန်ထွက်ပါ၊ နောက်ကျရင် မှတ်ပုံတင် ပြန်မပေးဘူးနော် “ဟု ဆော်သြသံ ကြားရသည်၊ စိတ်မရှော့သေးဘဲ စောင့်နေချင်သူ၊ နောက်ဆုံး အခွင့်ရေးလေး ပေါ်လိုပေါ်ငြား စောင့်ချင်သူ၊ တွေကို ရုံးအကူတွေက မောင်းထုတ်နေသည်။

‘ကျမ နာမည် အပျက်မခံဘူး၊ ကျမတို့ စားရိတ်နဲ့ ကျမတို့ လိုက်ပေးမယ် အမြန်ကျတော့မှာပါဟု’ အေးဂျင့်မက ပြောနေသည်၊ “အဲ မိုဗိုင်းအဖွဲ့နဲ့ တွေ့ရင်တော့ ကိုယ်ဖါသာကိုယ် ရှင်း” ဟု ပြောနေသည်။

ကျွန်တော်သည် လွန်ခဲ့သော အနှစ် ၃၀ ကျော်က ကျွန်တော့် အစ်ကိုနှင့် မော်တော်ကားရွေးခဲ့တာကို သွားသတိရမိသည်၊ ကျွန်တော် နိုင်ငံခြားမှ ကားတစင်းသွင်း ခဲ့ရာ အကောက်ခွန်မှ ရွေးနိုင်ရန် ထိုစဉ်က အကောက်ခွန်ရုံးကြီးအပေါ်ထပ်က အကောက် အခွန် မင်းကြီးဟု ဆိုနိုင်သူ အရာရှိကြီး၏ ရုံးခမ်းသို့ရောက် ခဲ့ဘူးသည်။

ထိုအရာရှိကြီးက  ‘အေးဂျင့် ငှါးဗျာ အေးဂျင့်က လုပ်ပေးလိမ့်မယ်’ ဟု အကြံပေးလိုက်သည်၊ အကို စိတ်ထဲက သူ့သူငယ်ချင်းကို ဘယ်လိုထင်သည် မသိ ကျွန်တော်က ကား အကောက်ခွန်ပေး ရွေးတာကို အေးဂျင့်က ဘာလို့လိုတာ လဲဟုသာ တွေးနေမိပါသည်၊ အခုအသက်တွေရ၊ အတွေ့အကြုံတွေ များလာသော အခါ အေးဂျင့် လိုပါသည် ဆိုခြင်းကို စောဒက မတက်လိုတော့ပါ။

(၃)

သုံးရက်လောက်စောင့်လိုက်တော့ ကျွန်တော်တို့ ကွန်တိန်နာ “မိုဗိုင်းထိသည်၊ ရုံးကို အမြန်လိုက်လာပါ “ဟု ခေါ် သည်၊ ကျွန်တော်တို့ ရောက်သွားရသည်မှာ ဟောင်းနွမ်းဆွေးမြေ့နေသော ဂိုဒေါင်ကြီးတွေကြား၊ ဖုံလား၊ ဘိလပ်မြေမှုန်လား မသိ၊ အမှုန်တထောင်းထောင်းထနေသော ဂိုဒေါင်တွေကြားrမှာဖြစ်ပါသည်၊ နေ့လည် ၁နာရီ နေကလည်းပူပြင်းလှပါသည်၊ ပတ်ဝန်းကျင်ကိုတော့ ရေဖြန်းထားဟန်ရှိပါသည်၊ သို့သော်လည်း တထောင်း ထောင်းထနေသော အမှုန်တွေကို မနိုင်။

ကျွန်တော်တို့ ပစ္စည်းတွေကိုမူ ဂျပ်ဗူးတွေဖောက်ခါ ဖုံထဲသို့တ၀ုန်းဝုန်းပစ်ချနေသည်၊ ရင်ထဲမှာဆို့နင့်သွားသည်၊ ရက်စက်လိုက်ကြတာ၊ ထိုပစ္စည်းများမှာ မှန်သေတ္တာထဲတွင် တသသ ထားခါ ရောင်းရမည့်ပစ္စည်းတွေ ဖြစ်သည်၊ ထိုဖုန်မှုန့်တွေကပ်ပါလာတာကို ရှင်းကြ လင်းကြရလိမ့်မည်။

ဖုန်တလူးလူးနှင့် ရင်တွေနာ ဒေါသထွက်သော်လည်း မျက်ရည်မကျမိအောင်သာ ထိမ်းကြရတော့သည်၊ သိန်းကျော်တန် ပစ္စည်းတွေမှာ ပေါပေါပဲပဲ မဟုတ်၊ သတိထားကြပါဗျာ ဟုသာပြောနိုင်တော့သည်။

“ တမံတလင်းတော့ ခင်းမထားနိုင်ဘူးဗျာ ”  ဒီလို မဖြစ်စေချင်ရင် တမန်တလင်း လှူဗျာ ဟုအလှူခံလိုက် သေး သည်၊ ကျွန်တော်က ဓါတ်ပုံရိုက်သောအခါ “ ဟေ့ကောင်တွေသတိထားကြနော် ဖေ့(ခ)ဘွတ် မှာပါလာဦးမယ် “ ဟု ဗိုလ်ကြီးလုပ်သူက ပြောသည်။

ထိုသူသည် ကျွန်တော်တို့ ၏ ပစ္စည်းများတန်ဘိုးကို ဆုံးဖြတ်မည့်သူဖြစ်သည်၊ သူကအမျိုးအမည်ကို ဂရုမစိုက်  Made in China     ဆိုတာပါသလား ဟုသာတွင်တွင်မေးသည်၊ ကံအားလျှော်စွာ ဖုံမှုန့်တွေလူးနေသော  ပစ္စည်း တွေကြားမှာ  Made in China    စတစ်ကာ လေးတွေကိုတွေ့၍ကျွန်တော်တို့ ကံကောင်းသွားပါသည်။

“ ကဲကဲပြန်ထည့်ကြပါတော့ကွာ ” ဆိုမှ ဇာတ်လမ်းအဆုံးသတ်သွားလေသည်။ ကျွန်တော်တို့ ပစ္စည်းတွေမှာ ဆိပ်ကမ်းတွင် တလ နီးပါးအချိန်ကြာသွားပြီး အေးဂျင့်သို့ပေးရငွေ ဂသိန်းအပါအ၀င် စုစုပေါင်း၂၅ သိန်းနီးပါး ပေးလိုက်ရပါသည်၊ ကျွန်တော်တို့ပစ္စည်းသည် ၂၅ သိန်းမျှ ပိုဈေးကြီးသွားပြီး မြန်မာပြည်မှ စားသုံးသူများ ကထိုငွေကို ပေးကြရပါလိမ့်မည်၊

(၄)

ကျွန်တော်တို့နိုင်ငံသည် ASEAN  ခေါ် အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီး၏ အသင်းဝင်နိုင်ငံဖြစ်ပြီး ပါတ်ဝန်းကျင်နိုင်ငံများနှင့် ကော ကမ္ဘာနိုင်ငံပေါင်း များစွာနှင့် ကုန်ကူးသန်းရောင်းဝယ်တော့မည့် နိုင်ငံဖြစ် ပါသည်၊ ASEAN High Way  ခေါ် ကုန်းတွင်းလမ်းမကြီး  များမှလည်း တရုတ်၊ အိန္ဒိယ၊ ယိုးဒယား အိမ်နီးချင်း နိုင်ငံ၊ ဗီယက်နမ်၊ မလေးရှားစသည့် နိုင်ငံကြီးများနှင့်လည်း ရောင်းဝယ်ဖောက်ကား ကုန်ကူးသန်းရောင်းဝယ်ကြ တော့မည့်နိုင်ငံဖြစ်ပါသည်။

ဤမျှ များပြားလှစွာသောကုန်စည်ကူးသန်း စီးဆင်းမှုများ အတွက် ယနေ့ မြန်မာနိုင်ငံ အကောက်ခွန်ရုံးက  လုပ်နည်းလုပ်ငန်း၊ အပိုငွေရှာ နေကြဟန် နှင့် ပုံစံမကိုက် ပုံစံမမှီတော့ပါ။

ကျွန်တော်တို့သည်စစ်အစိုးရ အဆက်ဆက် ဖိနှိပ်ချုပ်ချယ်သောနည်းစံနစ်များကို ဖြိုဖျက်နေပြီး ခေတ်မှီ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေသောနိုင်ငံလည်းဖြစ်ပါသည်၊ ဟိုယခင်က ပတ်(စ)ပို့ထုတ်ယူရေး  မှာ အခက်အခဲတွေအများကြီးရှိခဲ့ဘူးသည်၊ နိုင်ငံသို့ အ၀င်အထွက် လေဆိပ်ကြီးများတွင် လူဝင်မှု ကြီးကြပ်ရေး ကောင်တာမှာ “ဘာ များဖြစ်မလဲ ” ဆိုပြီး ရင်တမမ၊ ရင်တထိတ်ထိတ် နှင့် ခရီးသွားလာခဲ့ကြဖူးပါသည်။ ယခူအခါ ပြုပြင်ပြောင်းလဲရေး ( Reform)  တွေကို တခုပြီးတခု လုပ်လာခဲ့ရာ ထိုပြဿနာ အခက်အခဲတွေ မရှိတော့ပါ။

ကျွန်တော်မြင်ခဲ့ရသောအကောက်ခွန်ရုံးကြီးများမှာလည်း (Reform) ပြုပြင်ပြောင်းလဲရန် အထူးတလည် လိုအပ်နေပါပြီ။

အကောက်ခွန်ဌာနကြီးသည် နိုင်ငံတော်အတွင်းဝင်ရောက်လာသော ကုန်ပစ္စည်းများပေါ်တွင်မူတည်၍ အကောက်ခွန် နိုင်ငံတော်ဘဏ္ဍာငွေ ရရှိရန်၊ မလိုလားအပ်သော လူထု လူမှုရေး ကျန်းမာရေးကို အန္တရာယ်ရှိစေနိုင်သော မလိုလားအပ် သည့် ကုန်ပစ္စည်းများဝင်မလာနိုင်အောင်တားဆီးပေး ရန်တို့ဖြစ်ပါသည်၊ ကျွန်တော်နားလည်သလောက် ပြောရလျင် ထိုလုပ်ငန်းကြီးများလုပ်နေစဉ်တွင် တိုင်းသူပြည်သားတွေ ကို မလိုအပ်ဘဲ စိတ်သောက မရောက်စေသင့်ပါ၊ ကုန်သည်များ အလုပ်အကိုင် အဆင်ပြေချောမွေ့စေရေးအတွက် အကော်ခွန်ဝန်ထမ်းများတွင် တာဝန်ရှိပါသည်၊

အင်ဒိုနီးရှားကပို့လိုက်သော ပါတိတ်ထုပ်သည် ရန်ကုန်ဆိပ်ကမ်းသို့ မလာပါ၊ ပဌမ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့သို့ သွားပါသည်၊ ထို့နောက် မှ ရန်ကုန်သို့ ကုန်းလမ်းမှလာပါသည်၊ ဤကိစ္စမှာ မဖြစ်သင့်ပါ၊ အလွန် အရုပ်ဆိုးပါသည်၊ တာဝန်ရှိလူကြီးမင်းများ အကောက်ခွန်ရုံးကြီး၏ လုပ်နည်းစံနစ်များကို ပြုပြင်ဆန်းစစ်သင့်နေပြီဟု ကျွန်တော်ထင်မြင်မိပါသည်၊

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ကိုသန်းလွင် – အကောက်ခွန်
  1. thank you
    ဒါကြောင့် ပစ္စည်းတင်သွင်းသူတွေ နယ်စပ်ကပဲ တင်သွင်းကြပါတယ်။ မြန်မာပြည်မှာ အိတ်ထဲထည့်တဲ့ အကြီးစားတွေရှင်းလင်းနေချိန် ၂၀၁၆ မျော်လင့်ပါတယ်

Comments are closed.