သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော – အပိုင်း (၆)

မောင်မောင်စိုး – ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော – အပိုင်း (၆)
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၅

• NCA မူကြမ်းနှင့် တိုက်ပွဲများ
၂၀၁၅ မတ်လကုန်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA မူကြမ်းသဘောတူညီမှုရပြီဆိုသော်လည်း တိုက်ပွဲများဆက်ဖြစ်နေခြင်းမှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်ရပ်နယ်နမိတ်နှင့်ပတ်သက်၍ တိကျသော သဘောတူညီချက် တပ်နေရာချရေးနှင့်ပတ်သက်၍ တိကျသောသဘောတူညီချက်မရသေးဟု ဆိုကြသည်။

တကယ်တမ်းဆိုလျှင် UWSA နှင့် မိုင်းလားတို့မှအပ ကျန်ဒေသများးမှာ ပြောက်ကျားဧရိယာအများစုဖြစ်နေရာ ထိုအခြေအနေ ကို ထိန်းညှိရန် ဥပမာ ကချင်ပြည်နယ်တွင်း နှစ်ဖက်ထိန်းညှိရန် သဘောတူထားသော်လည်း တိုက်ပွဲများကားရပ်တန့်ခြင်းမရှိပေ။ ဤသို့ဖြစ်ခြင်းမှာ ပထမအချက် အစိုးရဖက်က လက်နက်ကိုင်အင်အားအချိုးအစားအရ ကွာသည်ဟုယူဆသော နေရာများတွင် စစ်ရေးအရ အင်အားသုံးဖိအားခြင်းကြောင့်ဖြစ်သည်။ ဒုတိယအနေနှင့် သယံဇာတရင်းမြစ်များ ထိန်းချုပ် ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်ပြီး အငြင်းပွားရာမှ လက်နက်ကိုင် ပဋိပက္ခဖြစ်ခြင်းတို့ဖြစ်ရသည်ဟု သုံးသပ်ကြပါသည်။

• လက်နက်ကိုင်အင်အားအချိုးအစားနှင့် တိုက်ပွဲ
ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင်း မပြတ်ဖြစ်နေသော တိုက်ပွဲများမှာအကြောင်းအချက်တခုမှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ အင်အားနှင့်သက်ဆိုင်နေသည်။ လက်ရှိတွင် အင်အားနဲသည့် သို့မဟုတ် အင်အားခွဲဖြန့်ထားရသည့် အဖွဲ့ များ စခန်းများအား အစိုးရတပ်က နယ်မြေရှင်းလင်းရေး စီးပွားရေးမှောင်ခိုကိစ္စများ အကြောင်းပြတိုက်ခိုက်ကာ စစ်ပွဲများဖြစ် သော်လည်း UWSA အား သေနတ်သံမထွက်ဘဲ ဖြေရှင်းနိုင်သည်ကို တွေ့ရသည်။

UWSA သည် တိုင်းရင်းသားအဖွဲ့အားလုံးတွင် အင်အားတောင့်တင်းဆုံးအဖွဲ့ဖြစ်သည်။ မြောက်ဖက် ပန်ဆန်းဒေသတွင် တပ်မဟာ ၃၁၈/၄၁၈/၄၆၈/၆၁၈ စသည့် တပ်မဟာ ၄ ခုနှင့် ပြည်သူ့စစ်တပ်မဟာတခုရှိသည်။ တောင်ဖက်မိုင်းဆတ်ဖက် ၁၇၁ စစ်ဒေသတွင် တပ်မဟာ ၇၇၂/၇၇၅/၇၇၈/၅၁၈/၂၄၈ စသည့် တပ်မဟာ ၅ ခုရှိသည်။ တပ်မဟာတခုလျှင် အင်အား ၂၀၀၀ မှ၂၅၀၀ ခန့်ရှိသည်ဟုဆိုကြရာ UWSA အင်အား ၂၅၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ဝ တို့တွင် အားသာချက်တခုမှာ လိုအပ်လျှင် စစ်သားဆင့်ခေါ်စုဆောင်းရန်လွယ်ကူသည်။ UWSA နှင့်တွဲဖက် NDAA တွင် တပ်မဟာ ၃ ခုရှိပြီး တပ်မဟာ တခုလျင်အင်အား ၂၀၀၀ ခန့်နှင့် စုစုပေါင်း အင်အား ၆၀၀၀ ခန့်ရှိသည်။

UWSA နှင့် NDAA ၏ အားသာချက်မှာ သူတိုတွင် သူတို့အပြည့်အဝ ထိမ်းချုပ်ထားသောဒေသရှိပြီး သူတို့၏တပ်များမှာ လည်းထိုဒေသတွင်း တွင် စုစုစည်းစည်းရှိနေသည်။ ကျန်လက်နက်ကိုင်အဖွဲ့များ အင်အားအရ ငါးထောင် တစ်သောင်းခန့်ရှိ သော်လည်း ပျောက်ကြားဒေသများတွင် တပ်များပြန့်နှံ့နေ၍ အင်အားများ ကွဲပြားနေသည်။ ထို့ပြင် UWSA သည် လက်နက် ခဲယမ်း အင်အားအတောင့်ဆုံးဖြစ်သည်။ ထို့ပြင် UWSA နယ်မြေတွင် လက်နက်စက်ရုံ ကျည်ဆံ လက်ပစ်ဗုံး ထုတ်လုပ်သည့် စက်ရုံများရှိသည်ဟု သတင်းများကဆိုပါသည်။

အခြားသတင်းများအရလည်း လွန်ခဲ့ ၂ နှစ်ခန့်က အရေးယူခံရပြီး လဘ်စားအကျင့်ပျက်မှုဖြင့် ထောင်ဒဏ်တသက် ပြစ်ဒဏ် ခံရသော တရုတ်ထိပ်တန်းခေါင်းဆောင်းတဦးဖြစ်သူ ကြိုးယုံကန်းခေတ်ကောင်းစဉ်က UWSA အား လက်နက်ခဲယမ်း အ မြောက်အများ ရောင်းပေးခဲ့သည်ဟုဆိုပါသည်။ လက်ရှိ UWSA တွင် လက်နက်ငယ်မျိုးစုံ ကိုဆောင်နိုင်သည့်ပြင် 60/82/120 mm မော်တာများအပြင် 57/75/120/122 mm နောက်ပွင့် အမြောက်တရုတ်လုပ်များ ကိုင်ဆောင်နိုင်သည့်အပြင် တရုတ် လုပ်မဟုတ်သော 105 mm ဟော်ဝစ်ဇာအချို့ လက်ဝယ်ရှိထားသည်ဟု စစ်ရေးအကဲခတ်များကဆိုပါသည်။

ဤသို့သောအခြေအနေအောက်တွင် UWSA /NDAA တို့နှင့်သေနတ်သံထွက်လျင် စစ်တပ်အတွက် ကြီးမားသော စစ်ဆင် ရေးတရပ် လိုအပ်ပေတော့မည်။ ထို့ကြောင့်ပင် UWSA နှင့်အလွယ်တကူ သေနတ်သံထွက်ဖို့ မဖြစ်နိုင်တော့ချေ။ ယခု ငြိမ်း ချမ်းရေးဆွေးနွေးပွဲကာလ အခြားအဖွဲ့များနှင့်တိုက်သည်မှာ စစ်ဆင်ရေးအကြီးစားတရပ် မလိုအပ်တဲ့အဖွဲ့များသာဖြစ်တော့သည်။

တကယ်တမ်းဆိုလျှင် စစ်ရေးအရ အင်အားနည်းသော အဖွဲ့များအား လိုက်လံတိုက်ခိုက်သည်မှာ တဖက်ကလည်း နိုင်ငံရေး အရလက်ခံမှုရအောင် စစ်ရေးအရဖိအားပေးခြင်းဖြစ်သည်ဟု သုံးသပ်ကြပါသည်။ သို့သော် တဖက်ကလည်း တိုင်းရင်းသား အဖွဲ့များအတွင်း၌ မိမိတို့အနေနှင့် UWSA ကဲ့သို့ အင်အားကြီးအောင်လုပ်မှ အစိုးရက အလွယ်တကူမထိရဲမှာဆိုသည့် အမြင်များ ဖြစ်ပေါ်စေသည်။

ထိုကြောင့်လည်း ပန်ဆန်းညီလာခံတွင် တိုင်းရင်းသားတို့အနေနှင့် စစ်ကိုမလိုလားသော်လည်း အစိုးရက အင်အားသုံးဖိအားပေးမှုများရှိနေသည့်အတွက် တိုင်းရင်းသားများအနေနှင့်သင့်တော်သည့် လက်နက်ကိုင်တပ်ထားရှိရေး ထည့်သွင်းဆွေး နွေး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလအတွင်း မည်သည့်ကိစ္စမဆို ညှိနှိုင်းဆွေးနွေးမှုကို ရှေ့တန်းမတင်ဘဲ စစ်ရေးအရ ဖိအားပေး ဖြေရှင်းနေပါက တန်ပြန်အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်။ အင်အားနဲနေသည့်အဖွဲ့များကလည်း အင်အားပိုကြီးအောင် တည်ဆောက်မည့်လမ်းကို ရွေးကြလိမ့်မည်။

လက်ရှိတွင်လည်း ကချင်ပြည်နယ် ဆွမ်ပရာဘွမ်အနီးမလိယန်တွင် လေကြောင်းပစ်ကူပါသုံး၍ တိုက်ခိုက်နေခြင်းအာရှလမ်းမ တဝိုက်ရှိ DKBA နှင့်တိုက်ပွဲများ မရပ်တန့်ပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ထိခိုက်မည်စိုးရိမ်ကြောင်း SD အဖွဲ့ကပြောဆို ထားသည်။ အင်အားကြီးသည် ငယ်သည်ဖြစ်စေ သေနတ်သံမထွက်ဘဲ ဖြေရှင်းရန်မှာ အစိုးရနှင့်စစ်ဖက်ခေါင်းဆောင်များ ပေါ်တွင်သာ မူတည်နေပေသည်။

• သယံဇာတခွဲဝေမှုနှင့် တိုက်ပွဲများ
လက်ရှိတိုက်ပွဲဖြစ်ပွားရာ အချို့နေရာများ နှစ်ဖက်တပ်များမှ သယံဇာတရင်းမြစ်များကို အပြန်အလှန်ထိမ်းချုပ်ဖို့ကြိုးစား ရာမှ တိုက်ပွဲများဖြစ်သည်ဟု သုံးသပ်ရသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ် ဖားကန့်ဒေသအား ဖြန့်ကျက်လှုပ်ရှားနေသော KIA ရင်း ၆ အား နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ထိုးစစ်ဆင်လျှက်ရှိရာ ရင်း ၆ ဌာနချုပ်လည်း ဖားကန့် လုံခင်းအထက် ကန်စီးမှ အောင်ဘာလေ ထိုမှတဆင့် နမ့်ဂျန်ချောင်းဖျား စသဖြင့် မြောက်ဖက်သို့ ဆုတ်ခွာနေရာယူရာမှ ယခု ဇွန်လလယ်မှ စပြီး နမ့်ဂျန်ချောင်းဖျားအထိပါ လိုက်တိုက်သောအခါ ဖားကန့် ကာမိုင်းတခွင် တိုက်ပွဲများ ကျယ်ပြန့်သွားသည်ကို တွေ့ရ သည်။

အစိုးရတပ်၏ ရည်ရွယ်ချက်မှာ ဖားကန့်ဒေသအား ဖြန့်ကျက်လှုပ်ရှားနေသည့် KIA တပ်ရင်းအား ဖယ်ရှားပြီး KIA ၏ ဘဏ္ဍာ ရင်းမြစ်ကို ဖယ်ရှားလိုပုံရသည်။ KIA အနေနှင့်လည်း ၎င်းတို့၏ဘဏ္ဍာရင်းမြစ်ဖြစ်သည့် ဖားကန့်ဒေသ၏ သယံဇာတများကိုလက်လွှတ်ဘွယ်မရှိချေ။ KIA ရင်း ၆ အနေနှင့် ဖားကန့်ဒေသတွင် အစိုးရတပ်အား အင်အားအလုံးအရင်းနှင့် တိုက်ခိုက်နိုင် ချေမရှိသော်လည်း ဖြန့်ခွဲ၍ ပြောက်ကျားတိုက်နိုင်စွမ်းရှိသည်။ ဖားကန့် ကာမိုင်း ကားလမ်း မြောက်ဖက်နှင့် တောင်ဖက်ရှိ တောတောင်ထူထပ်သောဒေသများသည်လည်းကောင်း၊ ရွံ့နွံကိုင်းတောများသည်လည်းကောင်း၊ ဖားကန့်ဒေသရှိ ဥရုမြစ် နှင့် အနောက်ဖက် ချင်းတွင်းမြစ်ကြားလူနေကျဲပါးပြီး တောတောင်ထူထပ်သောဒေသသည်လည်းကောင်း KIA တို့ လှုပ်ရှား ပြောက်ကျားစစ်ဆင်နိုင်သည့် မြေအနေအထားရှိနေသည်။

ထို့ပြင် ဖားကန့်ရှိကုမ္ပဏီကြီးများမှာ သိန်းထောင်သောင်းချီတန်ဘိုးရှိသော စက်ယန္တယားများနှင့် အလုပ်လုပ်နေသည်ဖြစ်ရာ သူတို့၏ အကျိုးစီးပွားလုံခြုံရေးနှင့်ပတ်သက်ပြီး KIA နှင့် မကင်းနိုင်သည်ကိုတော့ နားလည်မှုရှိဘို့လိုပေသည်။

နောက်တခုအနေနှင့် ယခုလဆန်းပိုင်းတွင် ကချင်ပြည်နယ်ဆွမ်ပရာဘွမ် အရှေ့မြောက် ၁၅ မိုင်ခန့်အကွာရှိ မလိခမြစ်ဘေးမှ မလိယန်စခန်းအား လေကြောင်းပစ်ကူပါသုံး၍ အပြင်းအထန်တိုက်နေသည်ကိုတွေ့ရသည်။ ထိုစခန်းမှာ KIA အင်အားဆယ် ဂဏန်းသာရှိသည့်အပြင် စစ်ရေးအရလည်း အရေးမပါလှပေ။ သို့သော် သယံဇာတရင်းမြစ်ပိုင်ဆိုင်မှုအတွက် အရေးကြီး နေရာဖြစ်နေသည်။

မြန်မာအစိုးရနှင့် တရုတ် CPI ကုမ္ပဏီတို့ သဘောတူထားသော ဧရာဝတီမြစ် ရေအားလျှပ်စစ်စီမံကိန်းများတွင် မြစ်ဆုံစီမံကိန်း အပြင် မြစ်ဆုံအထက်ဖက်၌ မေခမြစ်ပေါ်တွင် ၄ နေရာ မလိခမြစ်ပေါ်တွင် ၁ နေရာဆောက်လုပ်ရန် စီစဉ်ထားသည်ဖြစ်ရာ မလိခမြစ်ပေါ်တွင် ဆည်တည်ဆောက်မည့်နေရာမှာ ယခုတိုက်ပွဲဖြစ်နေသည့် မလိယန်တွင်ဖြစ်သည်။ ထိုကြောင့် မလိယန် တိုက်ပွဲသည် သယံဇာတရင်းမြစ်ကြောင့် ဖြစ်သည့် တိုက်ပွဲဟုဆိုရပေမည်။

၎င်းပြင် DKBA နှင့်အာရှလမ်းမကြီးတွင် ဖြစ်ပွားသည့်တိုက်ပွဲများမှာ စီးပွားရင်းမြစ်များ ချုပ်ကိုင်နိုင်ရန်ကြိုးစားရာမှ ဖြစ်ပွား သည့်တိုက်ပွဲများဟု သုံးသပ်ကြသည်။ DKBA အနေနှင့် ၂၀၁၀ အစိုးရနှင့် ပြန်လည်တိုက်ပွဲဖြစ်ပွားပြီးနောက် သောင်းရင်းမြစ်ကမ်းရှိဂိတ်များမှာ စောချစ်သူတို့၏ BGF ထိမ်းချုပ်မှုအောက်သို့ရောက်သွားသည်ဖြစ်၍ DKBA အနေနှင့် ဘဏ္ဍာရေး ရင်းမြစ်ရှိရာ ဒေသများလိုအပ်နေသည်ဟု ကျွမ်းကျင်သူများက ဆိုကြပါတယ်။

ဤသို့ သယံဇာတရင်းမြစ်များနှင့်ပတ်သက်ပြီး တိုက်ပွဲများဖြစ်ပွားလေ့ရှိရာ မျှတသောချဉ်းကပ်မှုရှိရန် လိုအပ်သည်။ ထို ကြောင့်လည်း လော်ခီလာညီလာ ပြင်ဆင်ဖြည့်စွက်မည့်အချက်တွင်NCA မူကြမ်းအခန်း ၆ ၌ မြေယာနှင့်သဘာဝသယံဇာတများစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်အား ထည့်သွင်း၍ ကြားကာလအတွင်းနှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် ဆိုခြင်းဖြစ်ပေလိမ့်မည်။

ဆက်လက်ဖေါ်ပြပါမည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts