အတွေးအမြင်

ကိုသစ် (သီတဂူ) – ဗြဟ္မစိုရ်မိုးတွေ သွန်းဖြိုးပါစေ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ကိုသစ် (သီတဂူ) – ဗြဟ္မစိုရ်မိုးတွေ သွန်းဖြိုးပါစေ

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၅

 

(၁)

ဗြဟ္မစိုရ်တရားဟု ပြောလိုက်သည်နှင့်တပြိုင်နက် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ ဥပေက္ခာ တရားများကို ဆိုလိုကြောင်း ဘာသာရေးကို တီးမိခေါက်မိရှိသူတိုင်းက သိပြီးဖြစ်ပါ သည်။ သည်စကားလုံးက ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေနှင့် အစိမ်းသက်သက်ကြီး မဟုတ်။ လူတိုင်းနီးပါးနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား စကားလုံးလည်းဖြစ်ပါသည်။ တကယ် တော့ သည်ဗြဟ္မစိုရ်တရားတွေက ဗုဒ္ဓဘာသာဝင်များအတွက်သာ မဟုတ်။ ဗုဒ္ဓဘာသာ ၀င်များ၏ မူပိုင်လည်း မဟုတ်။ ဗြဟ္မစိုရ်တရားများသည် တစ်ကမ္ဘာလုံးနှင့် ဆိုင်သော၊ လူသားအားလုံးနှင့် သက်ဆိုင်နေသော သဘောတရားများပင်ဖြစ်သည်။ တကယ်တော့ ဗြဟ္မစိုရ်တရားမှမဟုတ်၊ မြတ်ဗုဒ္ဓ၏အဆုံးအမ မှန်သမျှသည် လူသားအားလုံးနှင့် သက်ဆိုင်နေသည်ပဲ မဟုတ်လား။ ထို့ကြောင့် ဗုဒ္ဓ၏ အဆုံးအမများကို Universal ဖြစ်သည်ဟု ပညာရှင်များက သတ်မှတ်ထားကြခြင်းဖြစ်ပါသည်။ တစ်ကမ္ဘာလုံး၊ လူသား အားလုံးနှင့် ဆိုင်သည့်သဘော။ ဘုံဆိုင်သဘောတရားများဟုပင် ခပ်လွယ်လွယ် ပြောကြပါစို့ရဲ့။ 

 

ဗုဒ္ဓ၏အဆုံးအမကို လိုက်နာကျင့်သုံးခြင်း၌ ဘာသာကန့်သတ်ထားခြင်းမရှိ၊ လူမျိုးလည်း မခွဲခြား၊ လူဖြူ လူမည်း စည်းခြားထားခြင်းလည်း မရှိ။ လူဆင်းရဲ လူချမ်းသာ၊ ပညာတတ် ပညာမဲ့၊ သမ္မတ သူတောင်းစား၊ အတို အရှည်၊ အယုတ်အလတ် အမြတ် ဘာဆို ဘာမှ ခွဲခြားထားခြင်းမျိုး မရှိ။ ဗုဒ္ဓဘာသာဝင်များအတွက်သာဟုပင် တသီးတသန့် ခွဲခြားထားခြင်းမျိုးလည်း လုံးဝမရှိ။ 

 

တခါတရံ ကျနော်တို့က ကျနော်တို့ရဲ့ မူပိုင်သဖွယ် အပိုင်စီးလိုစိတ်များ အားကြီးလာ သောအခါ နည်းနည်းအတ္တကြီးသလိုများ ဖြစ်နေမလားလို့ တွေးကြည့်နေမိသည်။ ကျနော်တို့နေထိုင်ရာ ကမ္ဘာကြီးကို ဗြဟ္မစိုရ်မိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး သွန်းဖြိုးပါ စေသတည်း။ 

 

(၂)

 

ကျနော် သုံးနှစ်သုံးမိုး နေထိုင်ခဲ့ဘူးသည့် ရန်ကင်းကံဘဲ့ဘူတာရုံလမ်းတွင် ကွမ်းယာ ဆိုင်ကလေးတစ်ဆိုင်ရှိပါသည်။ လက်ရာကောင်းခြင်း၊ ဆက်ဆံရေး ပြေပြစ်ခြင်းတို့ ကြောင့် အောင်မြင်သော ကွမ်းယာဆိုင်ကလေးပင်ဖြစ်သည်။ တစ်နေ့မှာတော့ အဆိုပါ ကွမ်းယာဆိုင်ရှင် အမျိုးသားသည် သုံးလသားအရွယ် လူမမယ် သူ့ရင်သွေးငယ် ကလေးနှင့် သူ့ဇနီးသည်ကို ပစ်ထားခဲ့ပြီး အခြားအမျိုးသမီးတစ်ယောက်နှင့် ထွက်ပြေး သွားပါလေတော့သည်။ ကျန်ရစ်ခဲ့သူ ဇနီးသည်မှာ မျက်ရည်နှင့် မျက်ခွက်။ ကျနော်တို့ အားလုံးကလည်း လုပ်ရက်လိုက်တာဟူသော အတွေးဖြင့် စိတ်မကောင်း ဖြစ်ကြရ သည်။ နောက်သုံးလခန့်ကြာသောအခါ အဆိုပါဆိုင်ရှင် အမျိုးသားက မူရင်းဆိုင်နှင့် မလှမ်းမကမ်းတွင် အသစ်စက်စက် ဇနီးသည်ကလေးနှင့်အတူ ကွမ်းဆိုင်အသစ် လာဖွင့်ပါလေတော့သည်။ သုံးလသားအရွယ် ရင်သွေးငယ်ကလေးကို ပုဆိုးဖြင့်သိုင်း၍ ကွမ်းယာနေသည့် ဇနီးဟောင်းသည် သူမ၏ယောကျာ်းကို အချိန်တိုင်း လှမ်းမြင်နိုင် သည်ဖြစ်ရာ သူမရင်ထဲ မည်သို့ခံစားနေရမည်ကို ကျနော် မတွေးရဲပါလေတော့။ 

 

အဆိုပါအမျိုးသားနှင့် ရင်းနှီးကျွမ်းဝင်ကြသည့် ရဟန်းတော်များနှင့် လူမိတ်ဆွေများက အခြားမမြင်နိုင်လောက်သည့် ခပ်ဝေးဝေးအရပ်မှာ ဆိုင်ဖွင့်ဖို့ အမျိုးမျိုးဖျောင်းဖျ နားချ ပေမယ့်လည်း သူကပေကပ်၍သာ နေပါသည်။ သူက လူရင်းမို့ ကျနော်တို့က သူ့ကို နာနာဝိုင်းဖွပ်ကြပါသည်။ လူစိတ်မရှိတဲ့ကောင်၊ နှမချင်း ကိုယ်ချင်းမစာတဲ့ကောင်၊ အကြင်နာကင်းမဲ့ ရက်စက်တဲ့ကောင် စသည့်စသည်ဖြင့် စကားလုံးကြမ်းကြမ်းကြီး တွေနှင့် ကျနော်တို့ဝိုင်းဖဲ့ကြသည့်တိုင် သူက နာရကောင်းမှန်း မသိ။ မတွေ့မမြင်ရလျှင် ခံသာသေးသည်ဟူသောအတွေးဖြင့် အမျိုးမျိုး နားချပေမယ့်လည်း သူက နည်းနည်း ကလေးမှ နကမ္ပတိ-မတုံလှုပ်။ 

 

နောက်ဆုံး ကျနော်တို့ လက်လျှော့ခဲ့ရပါသည်။ နှလုံးသားတွေက မာရည်ကြောရည် ရှိနေလိုက်ကြတာ။ လူနှင့်တိရစ္ဆာန် ခြားနားချက်တွင် ကိုယ်ချင်းစာတရား ရှိခြင်း၊ မရှိခြင်းပဲ ကွာသည်ဟု စိတ်ပညာရှင် ဆရာကြီး ဒေါက်တာကျော်စိန်က ပြောခဲ့ဘူး ပါသည်။ သည်လိုယောက်ျားမျိုးတွေကို ကျနော်တို့ လူမှုအသိုင်းအ၀န်းမှာ ခပ်စိပ်စိပ်က လေး တွေ့မြင်နေရပြီဖြစ်ရာ ကျနော် နည်းနည်းတော့ တုံလှုပ်မိပါသည်။ မကြည့်ရက် လို့နှင့်တူပါရဲ့။ နောက်နှစ်လလောက်ကြာသောအခါ ကျနော့်မိတ်ဆွေတစ်ယောက်က အဆိုပါသွေးနုနု သားနုနုဇနီးသည်ကို တရားဝင်လက်ထပ်လိုက်ပါသည်။ 

 

(၃)

 

မြန်မာဘုရင်များတွင် မင်းတုန်းကြီးသည်လည်း တစ်ပါးအပါအ၀င်ဖြစ်သည်။ သာသနာ ကို ကြည်ညိုသည့်ဘုရင်ကြီး၊ ပစ္စည်းလေးပါးလှူဒါန်း၍ ပဉ္စမသံဂါယနာတင်ပွဲကြီးကို ချိမ့် ချိမ့်သဲ ကျင်းပခဲ့သည့်ဘုရင်။ ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခဲ့သည့် သာသနာပြု မင်းတပါး။ တစ်နေ့မှာတော့ မင်တုန်းမင်းကြီးက တစ်နေရာကို လက်ညှိုး ထိုးပြပြီး “သည်နေရာကလေးက ကောင်းတယ်”ဟု ယောမင်းကြီး ဦးဖိုးလှိုင်ကို ပြောတော့ ယောမင်းကြီးက “ဟော ဟိုနေရာကလေးက ပိုကောင်းတယ်”ဟု ဘုရင်ရဲ့ လက်ပေါ်ကနေ လက်ညှိုးညွှန်ပြသတဲ့။ ဒီတော့ မင်းတုန်းမင်းကြီးက သူ့လက်ထဲမှာ ကိုင်ထားတဲ့လှံရှည်ကြီးကို ထောင်ပြလိုက်ပြီး “ငဘိုးလှိုင် ဒီလှုံ ဘယ်သူ့ကို ထိုးခဲ့တဲ့ လှံလဲ မင်းသိရဲ့လား”လို့ မေးသတဲ့။ အများသီပြီးသား။ မင်းတုန်းမင်းကြီးရဲ့အဖေက သာယာဝတီ ရွှေဘိုမင်း။ ယင်းတောမင်းကြီးက ယောမင်းကြီးရဲ့ အဖေ။ နန်းရင်ပြင်မှာ ခစားနေတုန်း ယင်းတောအမတ်ကြီးကို ရှင်ဘုရင်က စိတ်ဆိုးပြီး ရင်ဘတ်ကို လှံနဲ့ထိုးသတ်၊ ကြမ်းခင်ပြင်ကို အဲဒီလှံနဲ့ ကလော်ဖွင့်ပြီးတော့ ကြမ်းကြားကနေ သူ့ အလောင်းကို အောက်ကို ပစ်ချလိုက်တာ။ 

 

နည်းနည်းကလေး အတိတ်ကို ပြန်လှန်တက်ကြည့်လိုက်တော့ အနော်ရထာဘုရင်က လည်း နို့စို့အရွယ်ကလေးငယ် ငါးထောင်ကိုသတ်သတဲ့။ အရွယ်ရောက်စ ကလေး ငယ်တွေကိုလည်း သတ်ခဲ့သတဲ့။ အသတ်ခံရတဲ့အထဲ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါသတဲ့။ သီပေါမင်း ပါတော်မူတဲ့အချိန်တုန်းကတောင် မြန်မာပြည်လူဦးရေက ငါးသန်းပဲ ရှိသည်ဟု ဆိုပါသည်။ နည်းနည်းအတိအကျဆိုရသော် လေးသန်းရှစ်သိန်းပါတဲ့။ ဆိုတော့ အနော်ရထာရဲ့ ပုဂံခေတ်ဆိုလျှင် လူဦးရေက သည်ထက်ပိုနည်းဖို့ပဲ ရှိပါလိမ့်မည်။ ကလေးငါးထောင်းဆိုတော့ တော်တော်ရှင်းပစ်လိုက်သည့်သဘော။

 

အိန္ဒိယဘက်လှမ်းကြည့်လိုက်တော့လည်း အသောကက ညီအကို(၉၉)ယောက်ကို သတ်ပြီးနောက် ဘိသိတ်ခံသတဲ့။ ထိုမှတဖန် အဇာတသတ်။ သားကအဖေကို သတ်ပြီး ဘုရင်လုပ်ကြသည့်ခေတ်မှာ သမိုင်းမှတ်တမ်းတွေက သွေးညှီနံ့တွေ စို့လို့။ ဟိုဘုရင်က သတ် ဒီဘုရင်က သတ်။ အော် မကြွေသင့်ဘဲ ကြွေလွင့်ခဲ့ရသည့် ကမ်းနားသစ်ပင် ကလေးတွေ။ 

 

မြန်မာသက္ကရာဇ် ၈၈၈-ခုနှစ်မှာ ဘုရင်ဖြစ်လာတဲ့ ဘုရင်သိုဟန်ဘွားကလည်း ရဟန်း တော် အများအပြား (ခုနှစ်ရာနီးပါး)ကို မီးလောင်တိုက်သွင်းသတဲ့။ အသတ်ခံ လိုက်ရ သော ဆရာတော်သံဃာတော်များထဲတွင် နာမည်ကျော် “မဏိသာရမဉ္ဇူသာ” ခေါ် သည့် ဋီကာကျော်အဖွင့်ကျမ်းကြီးကို ပြုစုရေးသားတော်မူခဲ့သည့် ‘အရှင် အရိယ၀ံသ’နှင့် အခြားသော မြန်မာ့ခေတ်ဆန်းစာပေကို မိတ်ဆက်ပေးခဲ့ကြသော စာတတ်အကျော် ရဟန်းဆရာတော်များ ပါဝင်သွားခဲ့ကြလေသည်။ 

 

ဥရောပဘက်မှာ နာဇီခေါင်းဆောင် ဟစ်တလာက ဂျူးခြောက်သန်းကျော်ကို သတ်ပြန် သတဲ့။ အာဖရိကတိုက်က ရ၀မ်ဒါဆိုသောအရပ်မှာလည်း လူမျိုးတုန်း သတ်ဖြတ်မှုရှိ တွေ ရှိခဲ့ဘူးသတဲ့။ အိန္ဒိယကလာတဲ့သတင်းတစ်ပုဒ်မှာတော့ အဖေဖြစ်သူက သမီး အရင်းကို သားကျင့် မယားကျင့် ကျင့်ပြီး သတ်ပစ်လိုက်သတဲ့။ တရုတ်ပြည်မှာတော့ အသက်ခုနှစ်နှစ်အရွယ် ကူပင်ဆိုသောကလေးငယ်ကလေးရဲ့ မျက်လုံးနှစ်လုံးကို အရှင်လတ်လတ် ဖောက်ထုတ်ယူငင်သွားကြသတဲ့။ ဖတ်ရင်းဖတ်ရင်း ကျနော်ကျော ချမ်းလာမိသည်။

 

တကယ်တော့ မြန်မာပြည်ရဲ့ အမှောင်ခေတ်မှာ သည်သတင်းတွေက အထူးအဆန်း ဟုတ်ဟန်မတူ။ ရဟန်းတစ်ပါးကို ဓာတ်တိုင်မှာ ကြိုးနဲ့တုတ်ပြီး ရိုက်နှက်နေသည့်မြင် ကွင်းတွေ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးအကပ်ခံခဲ့ရသည့် ရဟန်းတော်တွေ၊ ရွှေဝါရောင်သံဃာတော်တွေရဲ့ မြင်ကွင်းတွေက မြင်မကောင်း၊ ရှုမကောင်း။ သြော်.. ရက်စက်လိုက်ကြတာ။ လုပ်ရက် လိုက်ကြတာ။ 

 

မြန်မာဘုရင် တပင်ရွှေထီးကလည်း သူရဲကောင်းရွေးချယ်ရာမှာ လက်သည်းကြား အပ်စိုက်လို့ တူနှင့်ရိုက်ပြီး နောက်မတွန့်သွားသူကိုမှ သူရဲကောင်းအဖြစ် ရွေးချယ်သတဲ့။ နာလိုက်မယ့်ဖြစ်ခြင်း။ ရွေးစရာရှားလို့။ ကျနော်ကိုယ်တိုင်က သူရဲကောင်းဓာတ်ခံ ပါမလာလို့လား မပြောတတ်။ တွေးကြည့်ရုံနဲ့ ကြက်သီးထမိသည်။ အဆိုးမြင်ဝါဒီ တစ်ယောက်မဟုတ်သော်ငြားလည်း ကြံကြံဖန်ဖန် သည်လိုသတင်းမျိုးတွေကို ဖတ်ပြီး ကျနော်တို့ရဲ့ မနက်ဖြန်တွေကို အလိုလိုနေရင်း ကြောက်လန့်နေမိသည်။ သည် ကမ္ဘာကြီးက ခမ်းခြောက်လွန်းလို့ သည်းသည်းမဲမဲ ရွာချလိုက်စမ်းပါ ဗြဟ္မစိုရ်မိုးတွေ။ 

 

(၄)

 

ကျနော်ကြိုက်နှစ်သက်သည့် မဂ္ဂဇင်းများတွင် The Real life, real stories ဆိုသော မဂ္ဂဇင်းလည်း ပါပါသည်။ ခြောက်လတစ်ကြိမ်ထုတ်ဝေနေသော မဂ္ဂဇင်းဖြစ်ပြီး ဘ၀ခရီး ကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းနေကြသူတွေအကြောင်းကို အရှိအတိုင်း တင်ဆက် နေသော မဂ္ဂဇင်းဖြစ်သည်။ လက်တွေ့ဘ၀အမှန်တရားများနှင့် အလွန်နီးစပ်နေသော ကြောင့် ကျနော်ကြိုက်နှစ်သက်နေမိခြင်းလည်းဖြစ်သည်။ ကျနော့်သူငယ်ချင်း ယောမင်း ကြီးလမ်းရှိ န၀ဒေးသာလာပန်းချီပြခန်းပိုင်ရှင် ကိုပြည့်ဝေကျေးဇူးကြောင့် သည်မဂ္ဂဇင်း နှင့်ကျွန်တော် ရေစက်ဆုံခဲ့ခြင်းလည်းဖြစ်သည်။ သူက၀ယ် ကျွန်တော်က ဖတ်။ ဘ၀ ခရီးလမ်းက ချော်တောငေါ့သွားသူတွေ အကြောင်းကို ဖတ်ကြည့်လိုက်တော့ သူတို့ဘ၀ တွေက မကြွေသင့်ဘဲ ကြွေခဲ့ရသည်က များသည်။ အများစုက မေတ္တာတရားတွေ ခေါင်းပါးလို့၊ ကရုဏာတရားတွေ ကင်းမဲ့လို့၊  မုဒိတာတရားတွေ ဆိတ်သုဉ်းလို့။ ကိုယ် ချင်းစာတရားတွေ ခြောက်သွေ့လွန်းလို့။ ကျနော်တို့ ရပ်ဝန်းမှာ ခေါင်လိုက်တဲ့ ဗြဟ္မစိုရ်မိုး တွေ။ ကျနော်တို့ ကိုယ်တိုင်ကတဲ့ကော ကျနော်တို့ ရင်ထဲနှလုံးသားထဲမှာ တကယ်ပဲ ဗြဟ္မစိုရ်မိုးတွေ ရွာနေတာ ဟုတ်ပါရဲ့လား။ 

 

(၅)

 

ကျနော်တို့ရွာကို မြို့က ပွဲစားတွေ လာတယ်။ အလုပ်ရှာပေးမယ်။ လခလည်း ကောင်း တယ်။ နေစရာ စားစရာ ပူစရာမလိုဘူး ။ လိုက်ခဲ့ကြလို့ပြောတော့ ရွာမှာလည်း အလုပ် မရှိတာနဲ့ ကျနော်တို့လည်း လိုက်သွားဖြစ်တယ်။ အလုပ်ဝင်ပြီး နှစ်လ လောက်အထိ ဘာလခမှ မရဘူး။ စရံငွေကလေး တစ်သောင်းခွဲပဲ ကျနော်တို့ ရလိုက်တယ်။ လကုန်လို့ လခထုတ်မယ်ဆိုပြီး မေးကြည့်တော့ သူက ထွက်ပြေးသွားပြီတဲ့။  ကျနော်တို့ မြေကြီးပေါ်မှာ အိပ်ခဲ့ရတယ်။ လမ်းမှာ နှစ်ရက်ကြာတယ် လမ်းလျှောက်ခဲ့ရတာ။ ထမင်း လည်း ငတ်တာပေါ့။ ရွာကလေးတစ်ရွာတွေ့တော့ ပါလာတဲ့ ဂေါ်ပြားတွေ ပေါက်ပြား တွေ ရောင်း၊ လမ်းစရိတ်လုပ်ပြီး ပြန်လာခဲ့ရတယ်၊ တော်တော်ဆိုးတဲ့ လူတွေဗျာ။ 

 

လွန်ခဲ့တဲ့ သုံးလလောက်က ပဲခူးရိုးမအနီးက တောရွာကလေးတစ်ရွာသို့ရောက်စဉ် အဆိုပါရွာသားတစ်ယောက်က ကျနော့်ကို ရင်ဖွင့်နေသော စကားများပင်ဖြစ်သည်။ 

 

သြော်…။ 

 

ကျနော် သြော်တစ်လုံးပဲ ပြောနိုင်ရှာခဲ့သည်။ ရင်ထဲမှာ မကောင်း။ 

 

ကျနော်တို့ကို အလုပ်လာခေါ်တုန်းက နေစရာ စားစရာ အခမဲ့၊ လခကလည်း ကောင်းမှ ကောင်း၊ အလုပ်တွေကလည်း တန်းစီနေတာပဲ၊ ရော့ စရံအရင်ယူထားလိုက်၊ ကျနော်က နာမည်တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့ သူပါဗျ။ အသက်သာ အသေခံသွားမယ်။ ဘယ်တော့မှ နာမည်အပျက်မခံနိုင်ဘူး။ သည်အပြောလေးတွေကြောင့် ကျနော်တို့က သူ့ကို ယုံကြည်ပြီး လိုက်သွားတာ။ အစကတော့ ပိုက်ဆံနည်းနည်းပါးပါး ပေးသုံးတယ်။ ခြောက်လလောက်လည်းကြာရော လစ်ပြေးပါလေရော။ ကျနော်တို့လည်း ဘယ်လိုက် ရှာလို့ ရှာရမှန်းလည်း မသိဘူးလေ။ အင်း…လိမ်သွားတာပေါ့ လိမ်သွားတာ။ ကျနော်တို့ ရမယ့်လုပ်အားခတွေအကုန်လုံးကို သူကယူပြီး လစ်ပြေးသွားတာ။ ဒီလူကို နောက် တစ်ခါတွေ့ရင် ဘာမှ မလုပ်ချင်ပါဘူး။ နှာနုကို လက်သီးနဲ့ လှန်ပြီး အချက်နှစ်ဆယ် လောက်ပဲ ဆင့်ပြီးတော့ ထိုးပစ်လိုက်ချင်တယ်။ လူပေါင်း နှစ်ဆယ်ကျော်။ တစ်နေ့ သုံးထောင်နဲ့ ခြောက်လကျော်။ ခင်များပဲ တွက်ကြည့်လေဗျာ။ 

 

သူတို့လေးတွေဆီက လာတဲ့အသံတွေက ဘာမှ အားရစရာ မရှိလှ။ သည်လို အဖြစ် မျိုးတွေ တွေ့မြင်မိလေတိုင်း မကြာခဏ ကြေကွဲရပါသည်။ ရိုးသားခြင်း၊ ပညာ မတတ် ခြင်း၊ လူရည်မလည်ခြင်းကို အခွင့်ကောင်းယူ၍ သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက် နေကြသူတွေ ကျနော်တို့ လူမှုအ၀န်းအ၀ိုင်းမှာ အများကြီးရှိနေခြင်းသည် ကျနော်တို့ လူမျိုးအတွက် အနှုတ်လက္ခဏာပင်ဖြစ်သည်။ မြို့ပြရပ်ဝန်းကို ငေးကြည့်မိ တော့လည်း ထိုနည်းလည်းကောင်း။ သိန်းပေါင်းထောင်ကျော်တန်ဖိုးရှိတဲ့ ရွှေတုံးအတုတွေကို အစစ် ဆိုပြီး လိမ်ရောင်းသွားပြီး တဘက်နိုင်ငံထဲ ပြန်ပြေးသွားသတဲ့။ ပဲပွဲစားကြီး တွေလည်း သိန်းထောင်ကျော် အလိမ်ခံ ထိသတဲ့။ ဟိုနေရာလည်း လိမ်ရောင်း၊ သည်နေရာလည်း မလိမ့်မပတ်နဲ့ လိမ်ရောင်း၊ မြေတွေရောင်း၊ သစ်တောတွေ ရောင်း၊ တောင်တွေရောင်း၊ ဟိုဟာလည်းရောင်း သည်ဟာလည်း ရောင်း၊ ဟိုမှာလည်း အလိမ်ခံ ထိ၊ သည်မှာလည်း အလိမ်ခံထိနှင့်။ မရိုးမသားနည်းဖြင့် ဆူလွယ်နပ်လွယ် ကြီးပွါးချင် စိတ်ရှိသူတွေ များနေသရွေ့ ကျနော်တို့ လူမျိုးက ဘယ်တော့မှ လူမွှေးပြောင်မှာ မဟုတ်ပါလေတော့။

 

နယ်စပ်ဒေသမှာ ရုန်းကန်ရှင်သန်နေကြသူတွေအကြောင်း တီးခေါက်ကြည့်မိတော့ ပိုလို့ တောင် ရင်နာရပါသေးသည်။ လူကုန်ကူးမှုတွေ ရှိသတဲ့။ အခုတလော ကလေး ငယ်တွေ ပျောက်ပျောက်နေတယ်ဆိုသော အသံတွေကို ခပ်စိပ်စိပ်ကလေး ကြားနေ ရပါသည်။ ပျောက်ဆုံးကလေးငယ်စာရင်းများတွင် ကိုရင်ငယ်ကလေးတွေတောင် ပါဝင်လာကြပြီဖြစ်ရာ သည်အထိ လက်ရဲလာကြပြီဖြစ်သည်။ ကျနော်တို့ ကလေး ငယ်တွေရဲ့ ဘ၀အနာဂါတ်တွေက ဘယ်လိုလုပ်ပြီး လုံခြုံတယ်လို့ ပြောလို့ ရနိုင်ပါ့မလဲ။ လူသားအချင်းချင်း ရောင်းကုန်ပစ္စည်းတစ်ခုလို သဘောထားချင်ကြသည့် သည်လို လူတွေ ကျနော်တို့ အဖွဲ့အစည်းမှာ များလာပြီဆိုမှဖြင့်..။

 

ကျနော်တို့ လူမျိုးက ဗြဟ္မစိုရ်တရားနှင့် ရှင်သန်ကြီးပြင်းခဲ့သည့်လူမျိုး။ စာနာမှုအပြည့်ရှိ သည့် လူမျိုးတွေ၊ ဘယ်လိုပဲဖြစ်ဖြစ် သမရိုးကျမဟုတ်သည့်နည်းဖြင့် ကြီးပွါးချင် နေကြ သည့် သူတို့တတွေကိုတော့ဖြင့် ကျနော်တို့ အသိုင်းအ၀ိုင်းမှ မဟုတ်၊ ဘယ်လူ့ အဖွဲ့အစည်းကမှလည်း လက်ခံလိမ့်မည် မဟုတ်ပါ။ 

 

နယ်စပ်တွေကို အသာထားပါဦး။ မဟာရန်ကုန်မြို့ရဲ့ အမှောင်ယာမ်ညဥ့်နက်နက်မှာ အချိန်မတော် လူးလာတုံ့ခေါက် သွားလာလှုပ်ရှားရုန်းကန်နေကြသည့် ကျနော်တို့ရဲ့ သားပျို သမီးပျိုကလေးများ..။ မူးယစ်ဆေးရဲ့ သားကောင်၊ တဏှာအလို သွေးသား ဆန္ဒတွေကို ရောင်းဝယ်ဖောက်ကားဖို့ အာသာငမ်းငမ်း ယစ်မူးနေကြသည့် တပ်မက်မှုရဲ့ သားကောင် ကျနော်တို့ရဲ့ သားပျိုးသမီးပျိုများ..။ တော်ဗျာ..။ သည်အကြောင်းတွေ ကျနော် ဆက်မရေးပါရစေနှင့်တော့။ 

 

ကျနော့်ကို အဆိုးတွေကိုပဲ ကွက်ပြီး မြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီတစ်ဦးရယ်လို့ စွပ်စွဲချင်တယ်ဆိုရင်ဖြင့် ယခုအချိန်သည် အကောင်းဆုံးအချိန်ပင်ဖြစ်ပါသည်။ အားမနာ တမ်းသာ ပြောကြပါတော့။ ဗြဟ္မစိုရ်မိုးတွေ သည်းသည်းမဲမဲ ရွာချလိုက်စမ်းပါဗျာ။ ကျနော့်ရင်တွေ ပူလွန်းလို့။ 

ကိုသစ် (သီတဂူ)

 

7/7/2015


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts