International News

Health Care . Gov – အိုဘားမားကျန်းမာရေး စောင့်ရှောက်မှု မိုးပေါ်မပျံနိုင်သေး

အိုဘားမားကျန်းမာရေး စောင့်ရှောက်မှု မိုးပေါ်မပျံနိုင်သေး
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၂၃၊ ၂၀၁၃
အောက်တိုဘာ ၁ က စတင်သက်ဝင်တဲ့ အိုဘားမားရဲ့ သက်သာချောင်ချိသော စောင့်ရှောက်မှုဥပဒေ (Obama’s Affordable Care Act) အရ ကျန်းမာရေးစောင့်ရှောက်မှု အာမခံချက် (Medical Insurance) မရှိတဲ့ အမေရိကန်ပြည်သားတွေ (နိုင်ငံသား၊ နေထိုင်ခွင့်ရသူ အပါ) ဗဟိုအစိုးရ၀က်ဆိုက် (https://www.healthcare.gov/ ) မှာ လျောက်ထားပြီး ၀ယ်ယူနိုင်ပါတယ်။

သို့သော်လည်း ၀က်ဆိုက်မှာ နည်းပညာချို့ယွင်းချက်တွေ များပြားလှတာကြောင့် ရက်ပေါင်း ၂၀ ကျော်မှာ လူ ၅ သိန်းပဲ မှတ်ပုံတင်ကြပါသေးတယ်။ မှတ်ပုံတင်တယ်ဆိုတာက ကျန်းမာရေးစောင့်ရှောက်မှု ရသွားတာ မဟုတ်သေးဘူး။ ကျန်းမာရေးဝန်ဆောင်မှုပေးမယ့် Medical Insurance Provider တွေကနေ စိစစ်လက်ခံပြီး အကြောင်းပြန်တော့မှ အာမခံချက် ၀ယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ အဲသည်နောက်မှာမှ ဆေးရုံ ဆေးခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ရနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်တွေအတွက် လွယ်ကူမယ့် ဥပမာကတော့ အိမ်ဝယ်မယ့်သူတွေက ငွေချေးမယ့် ဘဏ်တွေဆီကနေ လိုချင်တဲ့ ချေးငွေနဲ့ အတိုးနှုန်း ဈေးလိုက်မေးကြသလိုမျိုးဖြစ်ပါတယ်။ အိမ်ဝယ်ချင်သူက သူ့ဝင်ငွေနဲ့ သူ့ credit rate (အကြွေးယူခွင့် အာမခံချက် ရမှတ်) ကို အွန်လိုင်းမှာ ထည့်သွင်းပြီး ရှာလိုက်တဲ့အခါ ဘဏ်တွေကနေ သူတို့ပေးနိုင်တဲ့ အကြွေးပမာဏနဲ့ အတိုးနှုန်းကို စာရင်းထုတ်ပေးကြပါတယ်။ အဲသည်မှာမှ ကိုယ်နှစ်သက်တဲ့ဘဏ်ကို ရွေးပြီးတော့ ငွေချေးခွင့် တကယ်ရမရ လျောက်ကြည့်ရပါတယ်။ အဲသည်မှာ ဘဏ်က စာရွက်စာတမ်းစစ်ပြီး တကယ် ချေးပေးနိုင်တဲ့ ငွေနဲ့ အတိုးနှုန်းကို တရားဝင် အကြောင်းပြန်ပါတယ်။ အဲသည်လိုမျိုး အမေရိကန်တွေက ကျန်းမာရေးဝန်ဆောင်မှုကုမ္မဏီတွေကနေ ဈေးနှုန်းတွေ ကြည့်ပြီး ကိုယ်တတ်နိုင်တဲ့ ၀န်ဆောင်မှုကို ၀ယ်ယူကြတာ ဖြစ်ပါတယ်။ ဒါကို Health Care Exchange လို့ ခေါ်ပြီး အဲသည်ဈေးကွက် Market Place မှာ လုပ်ငန်းတွေက ဈေးပြိုင်ကြတာကို ရွေးချယ် ၀ယ်ယူကြတာ ဖြစ်ပါတယ်။

အခုအချိန်မှာ အဲသည်လို ဗဟိုအစိုးရ၀က်ဆိုက်မှာ မှတ်ပုံတင်တဲ့ အဆင့်မှာတင် ၀က်ဆိုက်ကြီးက အလုပ်မလုပ်တာကြောင့် အချိန်ကုန် လူပမ်းပြီး လူတွေ စိတ်ပျက် လက်ပျက် ဖြစ်နေကြပါတယ်။ ၃ နှစ်ကျော် အချိန်ယူတဲ့ ကျန်းမားရေးမှတ်ပုံတင် ၀က်ဆိုက်ကြီးမှာ နည်းပညာအားနည်းမှုတွေ ရှိတယ်၊ သေချာ စမ်းသတ်မှုတွေ မလုပ်ဘူး၊ ဗဟိုအစိုးရရဲ့ (Census) သန်းကောင်စာရင်း၊ (IRS) ၀င်ငွေခွန်ဆောင်မှတ်တမ်းစာရင်း database တွေနဲ့ ချိတ်ဆက်ရာမှာ အားနည်းတယ်။ လူသန်းပေါင်းများစွာ ၀က်ဆိုက်ကို လာရောက် ကြည့်ရှုရာမှာ ၀က်ဆိုက်က ဒါကို ၀န်မထမ်းနိုင်ဘူး စသည်ဖြင့် ပြသနာတွေ ဖြစ်နေတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ ရက်ကတော့ သမ္မတ အိုဘားမားက သူကိုယ်တိုင်လည်း ဒါကို အလွန် ဒေါသထွက်တယ်၊ တိုင်းပြည်က အကောင်းဆုံး နည်းပညာသမားတွေ ဆင့်ခေါ်ပြီး ပြင်ဆင် တိုးတက်မှုတွေ လုပ်နေတယ်။ အွန်လိုင်းက မရရင် ဖုန်းနဲ့ ဖြစ်စေ ဆက်ပြီး မှတ်ပုံတင်ကြပါ။ ဆက်ပြီး သီးခံကြပါလို့ ဖြေရှင်းစကား၊ တောင်းပန်စကား ပြောလိုက်ပါတယ်။


တချို့ပြည်နယ်တွေ ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေကတော့ ဗဟိုဝက်ဆိုက်ကို အားမကိုးဘဲ ပြည်နယ်အဆင့် covered California healthcare exchange (https://www.coveredca.com/) ၀က်ဆိုက်နဲ့ ပြည်သူတွေကို ၀န်ဆောင်မှုပေးကြပါတယ်။ ပြည်နယ်အဆင့် ကျန်းမာရေးစောင့်ရှောက်မှု အာမခံဝယ်ယူနိုင်တဲ့ ၀က်ဆိုက်တွေ ကိုယ့်ဖာသာထူထောင်ပြီး အလုပ်တွေ လုပ်ကြဖို့ကို ဗဟိုအစိုးရ ထောက်ပံ့အားပေး ကူညီပါတယ်။ ဗဟိုဝက်ဆိုက်ကို သွားစရာ မလိုဘဲ ကိုယ့်ပြည်နယ်ဝက်ဆိုက်မှာတင် ကျန်းမာရေးအာမချံက် ၀ယ်ယူလို့ ရပါတယ်။ ဒါ့အပြင် ဗဟိုအစိုးရက အဲသည်လို ကိုယ့်ပြည်နယ်တွင်းမှာ ပြည်နယ်အစိုးရအဆင့် ကျန်းမာရေးဝန်ဆောင်မှုဥပဒေကို အကောင်အထည်ဖော်ပေးလို့ Medicaid Expansion အထောက်အပံ့ကိုလည်း ပေးပါတယ်။ ဒါကတော့ ၀င်ငွေ အလယ်အလတ်ဖြစ်နေလို့ အစိုးရထံက အခမဲ့ စောင့်ရှောက်မှုလည်း မရ၊ ပြည်နယ်နဲ့ ဗဟိုအစိုးရတွေက စာရင်းပြုစုပေးနေတဲ့ Medial Insurance တွေလည်း ၀ယ်နိုင်လောက်အောင်လည်း မပြည့်စုံနဲ့ ကြားထဲက အလယ်လတ်နေသူတွေကို ကြားခံကူညီတဲ့ အစီအစဉ် ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်ပြည်နယ် ၅၀ အနက် ၂၄ ပြည်နယ်ကပဲ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဗဟိုရဲ့ အကူအညီကို လက်ခံခြင်း၊ ပြည်နယ်အလိုက် ကျန်းမာရေးဈေးကွက် ၀က်ဆိုက် ထူထောင်ခြင်း၊ Medicaid အကူအညီကို တိုးချဲ့ခြင်းတို့ကို လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။ (ကယ်လီဖိုးနီးယားအပါအ၀င်ပေါ့) ဒါပေမယ့် ကျန်းမာရေးဥပဒေကို ဆန့်ကျင်တဲ့ လက်မခံနိုင်တဲ့ (ထုံးစံအတိုင်း) ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင်တွေ ပြည်နယ်အစိုးရ၀န်ကြီးချုပ်တွေ ဖြစ်နေတဲ့ ပြည်နယ် ၂၆ ပြည်နယ်က အစကတည်းက အိုဘားမားကျန်းမာရေးဥပဒေကို နည်းမျိုးစုံနဲ့ ဆန့်ကျင် တားမြစ် ကန့်သတ်ဖို့ ကြိုးစားနေကြတာကြောင့် အဲဒါတွေကို အဆင်သင့် မလုပ်ထားပါဘူး။ သူတို့ပြည်နယ်က လူတွေ ကျန်းမာရေးစောင့်ရှောက်မှုဝယ်ယူဖို့ ဗဟိုအစိုးရ၀က်ဆိုက်ကိုပဲ တိုက်ရိုက်သွားခိုင်းပါတယ်။ Medicaid ကိုလည်း လက်မခံပါဘူး။ အဲသည်ပြည်နယ်တွေထဲမှာ လူဦးရေအများဆုံး၊ ကျန်းမာရေးစောင့်ရှောက်မှု အာမခံရှိသူ အနည်းဆုံး၊ ၀င်ငွေ ကွာခြားချက် အများဆုံး တက္ကဆပ်ပြည်နယ်လည် ပါဝင်ပါတယ်။  အိုဘားမားနဲ့ သူ့ဥပဒေမှန်သမျှ ဆန့်ကျင်ချေမှုန်းကြဖို့ သန္နိဌာန်ချထားသူ ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီရဲ့ အတိုက်အခံလုပ်မှုများကြောင့်လည်း အိုဘားမားကျန်းမာရေးဝန်ဆောင်မှု ၀က်ဆိုက်ဟာ အခုလို အဆင်ပြေချောမွေ့မှု မဖြစ်ရတာ နိုင်ငံရေးပြသနာအကြောင်းရင်းခံကလည်း တခုဖြစ်တယ်လို့ ပြောကြပါတယ်။

နည်းပညာအရ မဟုတ်ဘဲ နိုင်ငံရေးအရ တားဆီး ပိတ်ပင်မှုတွေ အခက်အခဲ အတားအဆီးတွေကို စာရင်းလုပ်ပြရမယ်ဆိုရင် အဲသည်ဥပဒေအတည်ပြုပြီး ၃ နှစ်ခွဲကစလို့ အကောင်အထည်ဖော်ဖို့ ပြည်နယ် ၂၆ ခုက ငြင်းခဲ့တယ်။ ဗဟိုတရားရုံးချုပ်မှာ တရားစွဲတယ်၊ အိုဘားမားနဲ့ ကျန်းမာရေးဥပဒေကို ဖြုတ်ချမယ်ဆိုပြီး ရွေးကောက်ပွဲတွေ ၀င်ကြ မဲဆွယ်ကြတယ်၊ ဗြူရိုကရေစီနည်းနာများနဲ့ နှောင့်နှေးကြန့်ကြာအောင် လုပ်ကြတယ်၊ ဘတ်ဂျက်အကြောင်းပြပြီး ကျန်းမာရေးဥပဒေ အကောင်အထည်ဖော်ရန် လိုအပ်တဲ့ ဘဏ္ဍာရေးတွေ ဖြတ်တောက်ဖို့ အဆင့်ဆင့်မှာ လုပ်ကြပါတယ်။ သည်လိုမျိုး အနှောက်အယှက်တွေကြောင့် ဗဟိုအစိုးရရဲ့ ကျန်းမာရေးဌာနက ဥပဒေကို အကောင်အထည်ဖော်ရာမှာ အဆင်ပြေချောမွေ့မှုတွေ မရှိခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ကြပြန်ပါတယ်။ ရီပတ်ဘလစ်ကန်တွေက ကျန်းမာရေးဥပဒေသက်ဝင်မယ့် အောက်တိုဘာ ၁ မှာ အစိုးရဘတ်ဂျက်ကို ပိတ်ဆို့ပြီး အကြပ်ကိုင်ခဲ့ကြတာလည်း ပူပူနွေးနွေးပဲ မဟုတ်ပါလား။

ယခုတော့ဖြင့် အစိုးရနဲ့ အိုဘားမားကိုယ်တိုင်က ပြည်သူတွေအဆင်ပြေချောမွေ့စေဖို့ နည်းပညာအကူအညီ ပြုပြင်မှုတွေနဲ့ ဗဟိုအစိုးရရဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဝက်ဆိုက် မိုးပျံအောင် ကောင်းမွန်ရေး အစွမ်းကုန် ဆောင်ရွက်သွားမယ် လို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေကလည်း သူတို့တွေကြောင့် အဆိုပါဥပဒေ အကောင်အထည်ဖော်ဖို့ အနှောက်အယှက်ဖြစ်ခဲ့ရတာကို ၀န်ခံခြင်း မပြုဘဲ အိုဘားမားရဲ့ ဥပဒေ အစကတည်းက မကောင်းလို့ ဒီလို ဖြစ်နေရတယ်လို့ ဆက်လက် ဝေဖန်ပြစ်တင်နေကြဆဲပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts