သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – နီးလာလေလေ မှုန်ဝါးဝါးဖြစ်လာတဲ့ ရွေးကောက်ပွဲမြင်ကွင်းနှင့် မောင်မိုးသူ

မောင်မိုးသူ – နီးလာလေလေ မှုန်ဝါးဝါးဖြစ်လာတဲ့ ရွေးကောက်ပွဲမြင်ကွင်းနှင့် မောင်မိုးသူ
(မော်ဒန်သတင်းဂျာနယ်/ မိုးမခ) ဇူလိုင် ၄၊ ၂၀၁၅

သည်ဆောင်းပါးရေးနေတဲ့ရက်က ဇူလိုင်လ ၁ ရက်နေ့ဖြစ်ပါတယ်။ ရွေးကောက်ပွဲက အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာပြုလုပ်မယ်ဆိုထားတော့ လေးလပဲလိုတော့တဲ့အချိန်ဖြစ်ပါတယ်။ရွေးကောက်ပွဲ မဲစာရင်းတွေ ထုတ်ပြန်ကပ်ထားတဲ့ နေရာတွေ တော်တော်များများရှိပေမဲ့ အမှားအယွင်းတွေ တော်တော်များများရှိကြောင်း သတင်းတွေကို မီဒီယာတွေမှာ တွေ့နေရပါတယ်။

မဲစာရင်းကိစ္စတွေ ၊ရွေးကောက်ပွဲကိစ္စကို မီဒီယာတွေက သည်းသည်းလှုပ်ထုတ်ဖော်နေချိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းပါမပါ ရပ်ကွက်အလိုက် အိမ်တိုင်ရာရောက် တွေ့ဆုံမှုတွေပြုလုပ်နေကြတဲ့အချိန် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် အင်န်အယ်လ်ဒီက မဲစာရင်းအသိပညာပေးမှု လုပ်ကိုင်နေခြင်းဟာ ပါတီအတွက်မဟုတ်ဘဲ မဲစာရင်း မှန်ကန်စေလိုတဲ့အတွက်ဖြစ်ကြောင်း ပြောကြားနေချိန်မှာ အဓိကတာဝန်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဥက္ကဋ္ဌလုပ်ပြီး သူ့အဖွဲ့ကို အစိုးရဝန်ထမ်းတွေသည ခန့်ထားခဲ့သော ရွေးကောက်ပွဲကော်မရှင်ကမူ တုံဏှိဘာဝေ တုတ်တုတ်မျှမလှုပ်။

သည်ကြားထဲ ထုတ်ပြန်ထားတဲ့မဲစာရင်းဟာ အပြည့်အစုံမဟုတ်သေးကြောင်း တစ်စုံတစ်ယောက်ကပြောတာ ကြားသိရ တော့ အပြည့်အစုံမဟုတ်သေးဘဲ ကျန်ရှိနေတဲ့ မဲစာရင်းတွေဟာ ဘာတွေပါလိမ့်၊ဘယ်မှာပါလိမ့်ဟု တွေးတောစရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက တရားဝင်င နည်းနည်းပါးပါးပါ။ တရားမဝင်က အများကြီး။ သန်းခေါင်စာရင်းကောက်စဉ် မြန်မာပြည်ရဲ့ လူဦးရေက သန်း ၆၀ ရှိကြောင်း ပြောထားခဲ့ပေမဲ့ သန်း၅၀သာ ရှိနေတာ၊ မပေါ်လာတဲ့ လူဦးရေကိုးသန်းဟာ ရွှေ့ပြောင်းလုပ်သားတွေလားလို့ တွေးမိစရာ ဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ဒေသတော်တော်များများမှာ မဲစာရင်းက ဘယ်လိုဆိုတာ မသိရဘူး။ တိုက်ပွဲဖြစ်နေရာက တစ်ဖက်သတ်တိုက်ပွဲရပ်မယ်လို့ ကြေညာထားတဲ့ ကိုးကန့်လောက်ကိုင်ဒေသရဲ့ မဲစာရင်းကကော ဘယ်လိုလဲ။“ ဝ” ဒေသ က တော့ မဲစာရင်း စနစ်တကျကောက်ယူနိုင်ခြင်းမရှိလို့ ရွေးကောက်ပွဲမရေရာကြောင်း ပြောနေတယ်။

ပြဿနာတွေဖြစ်နေတဲ့ ရခိုင်မှာလည်း လှေစီးဒုက္ခသည်တွေပြဿနာ ဖြေရှင်းလို့ မရတဲ့အကြားမှာ မုန်တိုင်းဝင် ရေကြီးလို့ အိမ်တွေရေမြှပ်၊သေဆုံးသူတွေရှိနေကြောင်း သတင်းတွေ ကြားရပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးဆိုတာလည်း စစ်တပ်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုနဲ့ ရေစုန်မျောနေပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးမှာလည်း ငြိမ်းချမ်းရေးတည်ဆောက်ကြမယ်ဆိုတာ ဘယ်ဆီရောက်သွားသလဲမသိ။

လွှတ်တော်အစိုးရတက်လာတဲ့ ငါးနှစ်သက်တမ်းမှာ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၁၀၀ မှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှုအားနည်းပြီး စီမံကိန်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးအောင် အကောင်အထည်ဖော်နိုင်တာကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာစောင့်ကြည့်ရေးအကြံပေးအဖွဲ့က ပြောကြားပါတယ်။

လွှတ်တော်အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ ဘယ်နေရာမှ မည်မည်ရရ အောင်မြင်တာ မရှိတဲ့အပြင် စီမံအုပ်ချုပ်ကလည်း ညံ့ဖျင်းပြီး စီးပွားရေးမှာလည်း တစ်ဖက်စောင်းနင်းဖြစ်နေတာ တွေ့ရပါတယ်။

သည်ကြားထဲမှာ ဟုတ်သော်ရှိမဟုတ်သော်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက ရွေးကောက်ပွဲကို အကြောင်းပြုပြီး ပိတ်ဆို့မှုတွေ ၁၀၀ လုပ်လည်း ဂရုမစိုက်ဘူးလို့ပြောပြောချင်းပဲ ဒေါ်လာဈေးက တဟုန်ထိုး ထိုးတက်သွားလို့ ပြန်ချလို့ မရနိုင်သေးတာတွေ့ရပါတယ်။ဒေါ်လာဈေးတက်တော့ ကုန်ဈေးနှုန်းက လိုက်တက်ပါလေရော။

သည်ကြားထဲမှာ ဇွန်လကုန်မှာပဲ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို အကြောင်းပြုပြီး ရန်ကုန်မြို့လယ် သိမ်ကြီးဈေးမှ မြို့တော်ခန်းမအထိ ကျောင်းသားတွေချီတက်ဆန္ဒပြပွဲ လုပ်လာကြတာတွေ့ရပါတယ်။ဇူလိုင် ၇ ရက်နေ့ဆိုရင် ဆဲဗင်း ဂျူလိုင်လေ။ ဘယ်လိုလှုပ်ရှားမှုတွေ ကျောင်းသားတွေ လုပ်ကြမယ် မပြောနိုင်ပါဘူး။

ဇူလိုင်လဟာ ရှော့တွေ အများကြီး ရှိနိုင်တယ်နော်။ ဩဂုတ်လကျတော့ အောင်မယ်လေးလေး….။

လွှတ်တော်အစိုးရသမ္မတကြီးဦးသိန်းစိန်က သူရဲ့ အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ မြန်မာတပြည်လုံးက အုန်းအုန်း ကျွတ်ကျွတ် တစ်ခဲနက် မကျေမနပ် ဆန္ဒပြထုတ်ဖော်နေကြတဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမယ်ဆိုတာ အခုငါးနှစ်ပြည့်တော့မယ်လေ။တရုတ်ဘက်ကလည်း မြစ်ဆုံစီမံကိန်းအတွက် ရင်းနှီးမြှပ်နှံထားမှုဟာ ဘယ်နှစ်ဘီလျံရှိဆိုလားပဲ။ မြစ်ဆုံစီမံကိန်းကို လုပ်ကိုင်ဖို့ ယခင်အစိုးရက ချုပ်ဆိုထားတဲ့ စာချုပ်တွေက ဘာတွေပါတယ်ဆိုတာ ရေရေရာရာမသိရ၊ငါးနှစ်ဟိုဘက်ဘာတွေ ဆက်လုပ်ကြမှာလဲဆိုတာလဲ ဘယ်သူမှ ရေရေရာရာမသိ။

အများပြည်သူ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ကုန်ဈေးနှုန်းပါပဲ။ကုန်ဈေးနှုန်းဆိုတာ တက်တော့သာ ဝုန်းခနဲ ခုန်တက်လိုက်တာ၊ပြန်ကျဖို့ကျတော့  မျှော်လေတိုင်းဝေး ဖြစ်နေပါတယ်။

သည်လို သည်လို ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတဲ့ကြားက  ဘယ်ပြဿနာမှ ကောင်းကောင်းမွန်မွန် ပြေပြေလည်လည်ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အခြေအနေမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက စစ်တပ်က အာဏာသိမ်းမှာ စိုးရိမ်ကြောင်း ပြောလိုက်သေး။ ဘုရား ဘုရား…။

စစ်တပ်က ပထမအကြိမ် အာဏာသိမ်းလိုက်လို့ မြန်မာတစ်ပြည်လုံး မွဲပြာကျ ဆင်းရဲသွားလိုက်တာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်လာခဲ့ရပါတယ်။

နောက်တစ်ကြိမ် အာဏာသိမ်းတော့ အာဏာရှိသူတွေရဲ့ လက်ဝေခံ ခရိုနီတွေအချမ်းသာကြီး ချမ်းသာလာပေမဲ့ ပြည်သူလူ ထုကတော့ ပြာပုံတိုးရတဲ့ ခွေးတွေလို နေစရာမရှိ၊စားစရာမရှိတဲ့အပြင် လယ်သိမ်း ယာသိမ်းခံရလို့ နိုင်ငံရပ်ခြား အိမ်နီးနား ချင်းနိုင်ငံတွေကို ရွှေ့ပြောင်းကူလီလုပ်၊ အမှိုက်ကောက်၊ ကျွန်အရောင်းအဝယ်အလုပ်ခံရတဲ့အဖြစ်ကို ရောက်ခဲ့ရတယ်လေ။

တိုင်းပြည်ကြီး ချောက်ထဲကျမှာစိုးလို့ ကယ်တင်ရတာပါဆိုပြီး ဒုက္ခတွင်းထဲ ဆွဲဆွဲနှစ်ခဲ့တာ နှစ်ခိရှာ နှစ်ခါရှိပါပေါ့။

ရွေးကောက်ပွဲက အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ လုပ်မှာတဲ့။ လေးလပဲ လိုပါတော့တယ်။

နီးလာလေလေ မှုန်ဝါးဝါး ဖြစ်လာတဲ့ ရွေးကောက်ပွဲ မြင်ကွင်းနှင့် မောင်မိုးသူပါ။

မောင်မိုးသူ
မော်ဒန်သတင်းဂျာနယ်၊ အမှတ် ၄၆၅၊ ၃ ဇူလိုင် ၂၀၁၅၊ သောကြာနေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts