သတင်းပဒေသာ

ချင်းပါလက အမှုဆောင်သစ် ဖွဲ့စည်း

ချင်းပါလက အမှုဆောင်သစ် ဖွဲ့စည်း
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

ချင်းဗုဒ္ဓသာသနပါလကအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ခြင်းအခမ်းအနားကို ၂၀၁၅ ဇွန်လ ၂၈ ရက်နေ့ နေ့ခင်း ၁ နာရီတွင် အမှတ် ၇၄ မြေညီထပ် ကျွန်းတောလမ်း စမ်းချောင်း၌ကျင်းပခဲ့ရာ ချင်းရဟန်းသံဃာ
တော်များနှင့် ချင်းဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား အဖွင့်သြဝါဒကထာကို အရှင်နန္ဒမာကမြွက်ကြားရာတွင် အဖွဲ့၏ ဆောင်ရွက်ပြီးခဲ့သမျှကို ပြန်လည်သုံးသပ်ကြည့် လျှင် အောင်မြင်သည်ဟုဆိုနိုင်ကြောင်း၊ သို့သော် လူ့သဘာဝအရ  ၉၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ခြင်းကို ဂုဏ်ယူဖို့ မေ့နေတတ် ပြီး အထစ်အငေါ့ဖြစ်ခဲ့သော ၁၀ ရာခိုင်နှုန်းကိုသာ သတိရနေတတ်ကြောင်း၊ ထို့ကြောင့် အောင်မြင်ခဲ့မှုများကို ဂုဏ်ယူဖို့ တိုက်တွန်းလိုကြောင်း၊ နောင်တွင် ရုံးအဖွဲ့ကို စနစ်တကျဖွဲ့၍ လုပ်ငန်းများကို သေသေချာချာဆောင်ရွက်ဖို့လိုကြောင်း၊ လစဉ် မဟုတ်လျှင်တောင် နှစ်လ တကြိမ်ပုံမှန် တွေ့ဆုံစည်းဝေးဖို့ လိုကြောင်း၊ သို့မှသာ ပိုမိုရင်းနှီးကြမည်ဖြစ်ကြောင်း၊ ရင်း နှီးပြီး ပြောမနာ ဆိုမနာဖြစ်မှသာ အလုပ်တွင်မည်ဖြစ်ကြောင်း၊ မရင်းနှီးပါက လုပ်စရှိမှသာ ချက်ခြင်းခေါ်လို့ မရနိုင်ကြောင်း စသည်ဖြင့် သြ၀ါဒပေးခဲ့သည်။

အရှင်စန္ဒကုမာရက ချင်းပါလကအဖွဲ့ အောင်မြင်ရေးတွင် ချင်းရောင်ခြည်ထုတ်ဝေခြင်းနှင့် နယ်အနှံ့ကွင်းဆင်း၍ ဆွေးနွေး ဟောပြောခြင်း၊ ထို ၂ ခုအရေးကြီးကြောင်း၊ အဖွဲ့၏လုပ်ငန်းများအတွက် စွမ်းအားရှိသရွေ့ ပါဝင်မည်ဖြစ်ကြောင်း မိန့် ကြားသည်။  အဖွဲ့ဥက္ကဌ ဦးတင်အောင်က သူငယ်စဉ်က ဗိုလ်မှူးကျင်သည် လူငယ်များအား  အရေးတယူစကားပြောခဲ့ခြင်းကို သတိရကြောင်း၊ ယခုမှသာ ထိုကိစ္စအရေးကြီးမှုကို သဘောပေါက်လာကြောင်း၊ လူကြီးနှင့်လူငယ်အကြား နားလည်မှုတည် ဆောက်ခြင်းဖြင့် စည်းလုံးမှု အောင်မြင်မှုကိုရနိုင်ကြောင်းပြောကြားသွားသည်။

ချင်းပါလက အဖွဲ့အမှုဆောင်သစ်ကို ပြန်လည်ဖွဲ့စည်းရာ ဥက္ကဌ ဦးတင်အောင်၊ ဒုဥက္ကဌ ဦးနိုင်းဘူနှင့် မိုင်လှလှဝင်း၊ အတွင်းရေးမှူး ဆလိုင်းရွှေလင်း၊ တွဲဘက်အတွင်းရေးမှူး ဆလိုင်းတင်စိုးနှင့် မိုင်အုန်းအုန်းညွှန့်၊ ဘဏ္ဍာရေးမှူး ဆလိုင်း တင်ထွန်း၊ တွဲဘက်ဘဏ္ဍာရေးမှူးများမှာ ဆလိုင်းရိုးမောင်နှင့် မိုင်သိင်္ဂီထွန်း၊ ပြန်ကြားရေးမှူါ် ဆလိုင်းးနောစော်၊ တွဲဘက် ပြန်ကြားရေးမှူးများမှာ ဆလိုင်းသီဟထွန်း၊ ဆလိုင်းစိုးမိုးဟိန်း၊ ဆလိုင်းကျော်လင်င်းဦးတို့အပါအ၀င် အမှုဆောင်များဖြင့် ဖွဲ့စည်းလိုက်သည်။

ချင်းပါလကအဖွဲ့ကို ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက် နေ့က စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဝန်ဆောင် သံဃာတော်များ၊ ဝန်ဆောင်သီလရှင်များ၊ အဖွဲ့နာယကလူကြီးများကလည်း ချင်းပါလကအဖွဲ့ကို လိုအပ်သလို
လမ်းညွှန်ဦးဆောင်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း။ ဧရာဝတီတိုင်းတို့တွင် ချင်းဗုဒ္ဓဘာသာဝင်များနေထိုင်လျှက်ရှိပြီး အရေအတွက် ၂ သိန်း ၆ သောင်းဝန်းကျင်အထိရှိနိုင်ကြောင်း ချင်းပါလကအဖွဲ့က သုံးသပ်ထားသည်။ ချင်းပါလကအဖွဲ့၏ရည်ရွယ်ချက် ၅ ချက်တွင် ချင်းလူမျိုးတို့၏ သာသနာ ရေးသမိုင်းကြောင်းနှင့် မျက်မှောက်ခေတ်သာသနာရေးအခြေအနေများကို အမှန်အတိုင်း ထုတ်ပြန်အသိပေးနိုင်ရန်ဟူသောအချက်လည်း ပါဝင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts