သတင်းဆောင်းပါး

အောင်သဇင် – ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ

 
အောင်သဇင် –  ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ
(မိုးမခ) ဇွန် ၂၉ ၊ ၂၀၁၅
အမေရိကန်နိုင်ငံဟာ သူ့ရဲ့ တရုတ်ပြည်ဝိုင်းပတ်ရေးမဟာဗျူဟာအရ တရုတ်ပြည်ရဲ့ အနောက်တံခါးဖြစ်နေတဲ့ ဗမာ ပြည်ကို အိတ်ထဲထည့်ချင်နေပါတယ်။ ဗမာစစ်တပ်ကို ထိုင်းစစ်တပ်၊ ဖိလိပိုင်စစ်တပ်၊ အင်ဒိုနီးရှားစစ်တပ်တွေလို အပိုင် လုပ်ထားချင်တယ်။ ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်း ဗမာပြည်ကစစ်ပွဲတွေကိုကြည့်ပြီး ဗမာစစ်တပ်ကိုတပည့်မွေးဖို့ စိတ်ပျက် သွားပုံရပါတယ်။ အထူးသဖြင့် ကိုးကန့်စစ်ပွဲဟာ ဗမာစစ်တပ်ကို လုံးဝအထင်သေးသွားစေခဲ့ပါတယ်။ ဗမာပြည်အပေါ် ဆက်လက်အရေးယူဖို့ အမေရိကန်ရဲ့သဘောထားဟာ သမတသိန်းစိန်တို့ရဲ့လုပ်ရပ်တွေအပြင် မင်းအောင်လှိုင် စစ်တပ်ရဲ့ ညံ့ဖျင်းမှုတွေကိုပါ ထည့်တွက်ပုံရတယ်။
 
ယိုးဒယားစစ်တပ်ဟာ စစ်ရေးအရအညံ့စားဖြစ်ပေမဲ့ တရုတ်နဲ့အလှမ်းဝေးနေတော့ ညံ့တာ သိတ်အရေးမကြီးခဲ့ပါဘူး။ ဗီယက်နမ်စစ်တုံးကဆိုရင် ထိုင်းနိုင်ငံကို အမေရိကန်စစ်တပ်တွေအတွက် ကြားထောက်စခန်းအဖြစ်သုံးဖို့၊ အမေရိကန် စစ်သားတွေ ခွင့်ယူပြီး အကြောလျှော့ဖို့ဘဲ သုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ မိုင်ထောင်ကျော် နယ်စပ်ချင်း ဆက်နေတဲ့ ဗမာပြည်ကိုတော့ တရုတ်နဲ့တိုက်ရိုက်ရင်ဆိုင်ရာမှာ အသုံးဝင်မယ်လို့ မျှော်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာစစ်တပ်ဟာ စစ်ရေးစွမ်းရည်ပြည့်ဝတယ်၊ အရှေ့တောင်အာရှမှာ ကွန်မြူနစ်တိုက်ဖျက်ရေးပထမတန်းစားတပ် (Anti-Communist First Class Army) ဖြစ်တယ်လို့ အတိတ်သမိုင်းတွေအရ ကောက်ချက်ချထားခဲ့တာ ဖြစ်တယ်။ အခုတော့ အမေရိကန်အတွက် ဗမာစစ်တပ်ဟာ ဖွတ်အကြီးကြီးထွက်တဲ့ တောင်ပို့မှန်းသိသွားပြီဖြစ်ပါတယ်။
 
တရုတ်နိုင်ငံအတွက်လည်း သူ့ရဲ့ ပုလဲသွယ်မဟာဗျူဟာအရ ခေတ်မှီရေး ၄ ရပ်အတွက် ဥရောပနဲ့ အရှေ့အလယ်ပိုင်း က ကုန်ကြမ်းတွေ၊ လောင်စာတွေ၊ အရင်းအနှီးတွေ စီးဝင်တဲ့လမ်းကြောင်း၊ မိမိထွက်ကုန်တွေ ဈေးကွက်ပို့ရာလမ်း ကြောင်းတွေကိုထိန်းဖို့ ဗမာပြည်ကို အိတ်ထဲထည့်ချင်တာဖြစ်တယ်။ အမေရိကန်ကို တင်းတင်းမာမာတုန့်ပြန်တွန်း လှန်နိုင်မယ့် နိုင်ငံရေး-စစ်ရေးအစွမ်းအစရှိမယ်လို့လဲ အထင်ကြီးခဲ့တယ်။ ဒါကြောင့်လည်း ၁၉၈၉ ကတည်းက ဗမာ ပြည်စစ်ခေါင်းဆောင်တွေကို သိမ်းသွင်းပြီး ဗမာစစ်တပ်ကို တပည့်မွေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကချင်စစ်ပွဲမှာ ပကတိအခြေအနေကို ပထမအကြိမ်မြင်သွားခဲ့ပြီး ကိုးကန့်စစ်ပွဲကျတော့ ဗမာစစ်တပ်ဟာ လုံးဝမွေးရကျိုးမနပ်တာ တွေ့သွားပါတယ်။ 
 
ကိုးကန့်တပ်ဟာ မနေ့တနေ့ကမှပေါ်လာပြီး တပ်သားအများစုဟာ စစ်အတွေ့အကြုံရှိကြပါဘူး။ ဗကပခေတ်တုံးက တိုက်ခဲ့ဖူးတဲ့ တပ်မှူးဟောင်းတွေက အိုနေပြီဖြစ်လို့ ဝင်မပါနိုင်တဲ့အတွက် တပ်တခုလုံးအနေနဲ့ဆိုရင် အစိမ်းသက်သက် ဖြစ်ပါတယ်။ အင်အားကလဲ ဝ တပ်မပြောနဲ့၊ ကချင်၊ ကရင်၊ ရှမ်းတပ်တွေလောက်တောင် မရှိပါဘူး။ လက်နက်ဆိုရင် လဲ ၆၀မမ၊ RPG နဲ့ ပွိုင်ဖိုက်စက်သေနတ်ကြီးလောက်ဘဲ အဆင့်အမြင့်ဆုံးကိုင်နိုင်ရှာတယ်။ အဓိကက စိတ်ဓာတ် အင်အားနဲ့ တိုက်နေတာဖြစ်တယ်။ ၂၀၀၉ တုံးက ဗမာစစ်တပ်ရဲ့ ရက်စက်မှု၊ အခု ၂၀၁၅ စစ်ပွဲအစမှာလဲ ဗမာ စစ်တပ်တွေရဲ့ ရမ်းကားရက်စက်ယုတ်မာမှုတွေကို နာကျည်းမုန်းတီးစိတ်နဲ့ အပြင်းအထန်တိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်။ 
 
အဲဒါကို ဗမာစစ်တပ်မှာရှိသမျှ ခေတ်မှီလက်နက် အကုန်လုံးနီးပါး ထုတ်သုံးပြီး၊ အရံတပ်မအားလုံးနီးပါးနဲ့ ၄ လလောက် တိုက်မှ တောင်ကုန်းလေး ၂ ကုန်းနဲ့ အလောင်းဆယ်ဂဏန်းဘဲရတော့ တရုတ်သခင်ကြီးတွေ အံ့အားသင့်သွားပါတော့ တယ်။ ဗမာစစ်တပ် ထုတ်မသုံးတာဆိုရင်တော့ လေယာဉ်ပစ်ဒုံးတွေနဲ့ ရေတပ်သင်္ဘောတွေဘဲ ကျန်နိုင်ပါတယ်။ ဒါ တောင် နောက်ဆုံးရလိုက်တဲ့ကုန်းကို ကြည်း-ရေ-လေ-တင့်-အမြောက် ပူးပေါင်းစစ်ဆင်ရေးနဲ့ သိမ်းနိုင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတာတွေ့တော့ ရေတပ်က ဘယ်လိုနည်းနဲ့ပါသလဲ မစဉ်းစားတတ်တော့ပါ။
 
ကိုးကန့်စစ်ပွဲတိုက်ခဲ့တာ ၄ လကြာပြီဖြစ်ပေမဲ့ အဓိကကျလှတဲ့ မန္တလေး-လားရှိုး-ကွန်လုံ ထောက်ပို့လမ်းကြောင်းကြီး ကို ဘယ်လိုမှမထိန်းနိုင်တာလဲ ကာချုပ်မင်းအောင်လှိုင်ရဲ့ အရည်အချင်းကို ပြနေပါတယ်။ ကျောက်မဲကနေ ကွန်လုံ အထိလမ်းတလျှောက် စစ်ယာဉ်တန်းတွေ အကြိမ်ကြိမ်ဖြတ်တိုက်တာ ခံရရုံမက အခြေချစစ်ဗျူဟာနဲ့ တပ်ရင်း ၃ ရင်း ရဲ့ နောက်တန်းဌာနချုပ်တွေ ထိုင်ထားတဲ့ ကွတ်ခိုင်မြို့ကိုပါ အထပ်ထပ်အတိုက်ခံနေရတာ တွေ့ရပါတယ်။ ရှမ်းပြည် မြောက်ပိုင်းမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ နောက်တန်းဌာနချုပ်တွေ တခုမှ လုံခြုံရေးမကောင်းတော့ဘူးဆိုတာ လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ သီပေါက ခလရ ၂၃ နောက်တန်းဌာနချုပ်၊ ကွတ်ခိုင်က ဗျူဟာရုံးနဲ့ ခလရ ၂၄၁၊ ၂၄၂၊ ၄၅ နောက်တန်းဌာနချုပ်တွေ၊ ကျောက်မဲနဲ့ သိန္နီမြို့တွင်းမြို့ဘေးလိုနေရာတွေ ရက်သိတ်မခြားဘဲ တခုပြီးတခု မကြုံ စဖူးအတိုက်ခံရတာတွေ၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ သူပုန်တွေ အကြိမ်ကြိမ်အခါခါ အေး အေးဆေးဆေး အခွန်ကောက်သွားတာတွေက သက်သေပြနေတယ်။ 
 
လောက်ကိုင်ဒေသကို ၁၅၅မမ ဟောင်ဝစ်ဇာ၊ ၁၂၂မမ ဟောင်ဝစ်ဇာ၊ ၁၀၅မမ ဟောင်ဝစ်ဇာ၊ ၇၆မမ တောင်ပေါ်ပစ် အမြောက်၊ ၁၂၂မမ အတွဲလိုက်ဒုံး နဲ့ PTL-02 တင့်ကားတွေ၊ BTR-3U နဲ့ EE-9 အားမတ်ကားတွေ သုံးတာလဲ မနိုင်လို့ ဘယ်လာရုစ်ကဝယ်လာတဲ့ ချိန်းတပ်ယာဉ်တင် ၂၀၃မမ ဟောင်ဝစ်ဇာ (၈ လက္မအမြောက်) ပါသုံးဖို့ ကြံခဲ့ပေမဲ့ ရှေ့တန်းမှာ ပစ်တတ်တဲ့လူမရှိ၊ ပစ်ဖူးသူမရှိ ဖြစ်နေတော့ နိုင်ငံခြားပြန်သင်တန်းဆရာတွေကို မိတ္ထီလာကနေ ခေါ်တင် ခဲ့ရတယ်။ ဒါပေမဲ့ မေလ ၁၀ ရက်နေ့က လားရှိုး-ကွန်လုံလမ်းမှာ TNLA က ယာဉ်တန်းကို ဖြတ်တိုက်တော့ အဲဒီ တရုတ်ပြန်-ရုရှားပြန်-မြောက်ကိုးရီးယားပြန်တွေ ပါသွားကြပြန်တယ်။ အခုတော့ ဒီလမ်းကြောင်းကို စကခ ၁၀ က ကလေးမှာချန်ထားတဲ့ နောက်ချန် ၅ ရင်းခေါ်ပြီး စောင့်ခိုင်းနေပြီလို့ ဆိုတယ်။ ဘယ်လောက်အလုပ်ဖြစ်မလဲ မသိ သေး။
 
တဖက်မှာတော့ လောက်ကိုင်မှာ အထိနာ တပ်လုံးပြုတ်သွားတဲ့ တပ်မ ၃၃ က ခမရ ၁၁၁၊ ၁၁၉ နဲ့ ၁၂၀ တပ်ရင်း ၃ ရင်းကိုဘဲ နောက်တန်းပြန်ပို့ပြီး တပ်သားသစ် ၃၀ စီပို့ စုဖွဲ့လေ့ကျင့်ခိုင်းထားတယ်။ ကျန်တဲ့တပ်မတွေ စကခတွေကို တော့ အနားမပေးသေးဘဲ ဆက်ခေါ်ထားလို့ တပ်တွေလဲမကျေမလည်ဖြစ်နေတယ်။ ကိုးကန့်ရောက်တပ်မတွေထဲက ရှေ့တန်းမှာ ၂ နှစ်နီးပါးကြာနေတဲ့ တပ်မ ၁၁ ဘဲ တပ်မတခုလုံး နောက်တန်းပြန်ရတယ်။ ဒါကြောင့် ကိုးကန့်မှာ တပ်မ ၁၀၁၊ ၉၉၊ ၆၆ နဲ့ ကျောက်မဲဘက်က စကခ ၁၊ ကလေးဘက်က စကခ ၁၀၊ သိန္နီက စကခ ၁၆ နဲ့ ဒေသခံ ဒကစ (လောက်ကိုင်း) တို့ စုစုပေါင်း တပ်ရင်း ၆၀-၇၀ ရှိနေသေးတယ်။ သထုံ-ဘီးလင်းဘက်က တပ်မ ၄၄ လဲ ရောက်လာ တယ်လို့ ကြားရသေးတယ်။ 
 
နောက်တန်းမှာ ရက် ၂၀ ပြည့်အောင်မနားရဘဲ လောက်ကိုင်းကို စစ်ဆင်ရေးပြန်ဝင်ရတဲ့ တပ်မ ၆၆ က တပ်မမှူးဖြစ်စ စောမင်း အရမ်းတက်ကြွပြလို့ ရဲဘော်တွေနဲ့အရာရှိတွေ အသက်တွေစတေးခဲ့ရပြီး ၃-၄ ရင်း ဖွဲ့စည်းပုံပျက်ခဲ့တာကို တိုင်းမှူးရာထူး တိုးပေးမလိုလိုနဲ့ ချွေးသိပ်ထားတယ်။ မကြာခင် ယူနီဖောင်းအသစ်တွေဆင်ပြီး နေပြည်တော်မှာ ‘အောင်ပွဲရရှေ့တန်းပြန်ကြိုဆိုပွဲ’ ကြီးကြီးကျယ်ကျယ်လုပ်ပေးမယ်လို့လဲ လေသံလွှင့်ပေးထားတယ်။ ဒါပေမဲ့ တပ်မ ၆၆ ထဲက ကရင်လူမျိုးဗျူဟာမှူး ဗိုလ်မှူးကြီးစောမြင့်ဝင်းအောင်ကိုတော့ ကျောက်စိမ်းမှု၊ ရွှေချောင်းမှုတွေနဲ့ ဖြုတ်ပစ်လိုက် တယ်။ တကယ်တော့ ဗမာတပ်အားလုံးဟာ တွေ့သမျှရွာတိုင်းက ကြက်ဝက်တင်မက ငါးကန်ထဲ ကငါးပါမကျန် အသကုန်လုယက်နေကြလို့ ရွာတွေမှာ အိမ်တွေဟာ အခွံနဲ့ ဟောင်းလောင်းဖြစ်သွားပြီး ထမင်းစားခွက် နဲ့ တူတောင် မကျန်တဲ့အခြေအနေဖြစ်နေတယ်။
 
ကိုးကန့်စစ်ပွဲဟာ ဗမာစစ်တပ်လေ့ကျင့်ခန်းဆင်းတာလို့လဲ အရှက်ပြေပြောနေသေးတယ်။ တကယ်တော့ စစ်ထောင် ကျနေတဲ့ စစ်သားတွေအပါအဝင် ဆွဲလို့ရသမျှ ခြေလျင်တပ် အကုန်ဆွဲတင်ပြီး အသဲအသန်လုပ်ခဲ့ရတာ အားလုံးအသိ ပါဘဲ။ တပ်မတပ်တွေတင် မဟုတ်တော့ဘဲ နမခ (အနောက်မြောက်တိုင်း) က တိုင်းတပ် ၂ ရင်း၊ တပခ (တောင်ပိုင်း တိုင်း) က တိုင်းတပ် ၃ ရင်း၊ ရလခ (အရှေ့ အလယ်ပိုင်းတိုင်း) က တိုင်းတပ် ၂ ရင်းကိုပါ ခေါ်တင်ခဲ့ရတယ်။ 
 
အဲဒါတောင် အထိနာတာများလာတော့ မခံချင်စိတ်နဲ့ မစခ(အမြောက်တပ်မ) ၉၀၂၊ သစခ(သံချပ်ကာတပ်မ) ၇၁ တွေ ပါဆွဲတင်တော့ ကျည်အစစ်နဲ့အမြောက်ပစ်လေ့ကျင့်သလို ဖြစ်သွားတယ်။ ဒါပေမဲ့ ခြေလျင်တပ်တွေဟာ ဒါမျိုး အရင်က မလေ့ကျင့်ခဲ့ဖူးတော့ မလုပ်တတ်မကိုင်တတ်၊ မပေါင်းစပ်တတ်နဲ့ အများကြီးထပ်သေကြပြန်ရော။ ၄ လကြာတိုက်တာ ၇၀၀ နဲ့ ၈၀၀ ကြားသေပြီး စုစုပေါင်း သေ+ဒဏ်ရာ ၁၈၀၀-၂၀၀၀ ရှိသွားတယ်။ MI-35 တစီး၊ BTR-3U သုံးစီး၊ ၁၂၀မမ မော်တာအမြောက်နှစ်လက် ထိသွားခဲ့တယ်။ နောက်ဆုံးအကြီးအကျယ်တိုက်တဲ့ ပွိုင့် ၂၂၀၂ ပွဲမှာတင် တပ်မ ၉၉ က ခွဲမှူးဗိုလ်ကြီးတဦး အပါအဝင် တခွဲကျော်ကျော်ပြုတ်သွားသေးတယ်။
 
တကယ်လို့သာ ကိုးကန့်စစ်ပွဲကို ဖုံကျားဖူးကဦးစီးခဲ့ရင် မင်းအောင်လှိုင်တပ် ဒီထက်အများကြီးပိုပြီး နာနိုင်တယ်။ ဖုံကျားရှင်းရဲ့ညီ ဖုံကျားဖူးဟာ အရင်ကဗကပတပ်မှာ အတော်ဆုံးတပ်မှူးအဖြစ် နာမယ်ကျော်ခဲ့ပြီး အခုတော့ ကျန်းမာ ရေးကြောင့် နားနေရလို့ ဘယ်လိုမှမပါနိုင်ဖြစ်သွားတယ်။ 
 
ကိုးကန့် တပ်မဟာ ၂၁၁၊ ၃၁၁ တို့တပ်စွဲခဲ့တဲ့ကုန်းတွေ၊ အစိုးရတပ် တပ်ရင်းလိုက်ပြုတ်ပြီးမှ ရခဲ့တဲ့ကုန်းတွေကို အခု တဖန် တရင်းလုံး တဗျူဟာလုံး စခန်းထိုင်ထားရတယ်။ အခုခေတ်မှာ စိတ်စခန်း၊ စုစခန်း မပြောနဲ့၊ တပ်ခွဲစခန်းတောင် မထားရဲတဲ့အခြေအနေဖြစ်နေတယ်။ ဒီလိုနဲ့ တိုက်အားတွေ ထပ်လျော့ကုန်တယ်။ စနိုက်ပါကြောက်လို့ ကွန်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့မှာရှိတဲ့ ဗမာစစ်ဗိုလ်တွေဟာ Field Bar (ပုခုံးအပွင့်အမည်း) တောင် မတပ်ဘဲနေကြ တယ်။ အဲ့ဒါကို နိုင်တယ်လို့ ပြောနေတာလား။
 
ဒါကြောင့် ဘယ်လောက်နိုင်တယ် ရှုံးတယ် ဆိုတာ ရှေ့တန်းတပ်တွေက အသိဆုံးပါဘဲ။ ဒီတကုန်းရရင် ၆၆ နဲ့ ၃၃ အိမ် ပြန်နားရမယ်လို့ ပြောခဲ့ပေမဲ့ ကုန်းရတာဟာ စစ်နိုင်တာမဟုတ်ဘူးဖြစ်နေတော့ တပ်တွေ အိမ်မပြန်ရ ဖြစ်နေတယ်။ စစ် မပြီးသေးပါဘူး။
 
(ဒီနေ့ တပ်တွင်းအခြေအနေကို အပိုင်း-၂ မှာ ဆက်ဖတ်ပါ။)

 

အောင်သဇင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အောင်သဇင် – ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ
  1. အောင်သဇင်ဆိုတဲ့သူက ရွှေမန်းနဲ့ဘာတော်လဲ။
    မင်းပြောသလိုဆို တရုတ်(၉ကန့်) ကပဲ အရှေ့မြောက်ဒေသကိုသိမ်းပိုက်ထားသလိုဖြစ်ေ

Comments are closed.