ရသဆောင်းပါးစုံ သူတို့အာဘော်

မောင်မောင်စိုး – တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး – အပိုင်း (၆)

မောင်မောင်စိုး – တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး – အပိုင်း (၆)
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅

(စ) နယ်စပ်အရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပြဿနာ

၁။ နှစ်ဖက်ဆွေးနွေး အဖြေရှာရေး
ကိုးကန့်စစ် စဖြစ်ကထဲက နှစ်ဖက်တွေ့ဆုံဆွေးနွေးအဖြေရှာရန် တရုတ်တို့က တိုက်တွန်းခဲ့သလို နယ်စပ်တလျှောက် မ တည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် မြန်မာအစိုးရကမူ ကိုးကန်နှင့် ဆွေးနွေးရေး ပယ်ချထားသည်။ တရုတ်အစိုးရကတော့ လက်မလျော့ အလျှဉ်းသင့်လျှင် သင့်သလို တွေ့ဆုံဆွေးနွေးအဖြေရှာဘို့ တိုက် တွန်းသည်။

ထို့ပြင် သူတို့ဖက်စတင်သည့် ပျော့ပြောင်းမှုကိုပြသည့်အနေနှင့် ဖုန်ကြားစင်းအားဆက်သွယ်ပြီး အပစ်ရပ်ဘို့ ဖိအားပေး ခဲ့သည်။ သို့နှင့် ၂၀၁၅ ဇွန်လ ၁၀ ရက်နေ့ ကိုးကန့်အဖွဲ့မှ တဖက်သတ်အပစ်ရပ်ကြောင်းကြေငြာသည်။ ကိုးကန့်တို့အနေနှင့် စတင်တိုက်ခိုက်များ လုပ်တော့မည်မဟုတ်ဘဲ ခုခံကာကွယ်မှုသာလုပ်သွာမည်ဟု ဆိုသည်။ ထိုကြေငြာချက်ထုတ်သည့်နေ့ သည် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့ အလည်အပတ်ခရီးစတင်လိုက်သည့်နေ့ဖြစ်သည်။

ဇွန်လ ၁၁ နေ့တွင် ဤကြေငြာချက်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူများက ပြောဆိုသည်။ ဇွန် ၁၂ ရက်တွင် တာဝန်ပြီးဆုံး၍ မြန်မာပြည်မှပြန်လည်ထွက်ခွာမည့် တရုတသံအမတ် ယန်ဟို့လန်က ကာချုပ်မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး တရုတ်အနေနှင့် ဖုန်ကြားစင်းအား ရှာပြီး ဖိအားပေး
တောင်းဆိုကာ အပစ်ရပ်စေခဲ့ကြောင်း ကိုးကန့်ပြဿနာအားနိုင်ငံရေးနည်းအရ ဖြေရှင်းရန်တောင်းဆိုခဲ့ပါသည်။ ထိုနေ့မှာပင် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကိုကန့်ပြဿနာအား အပစ်ရပ်ပြီး နိုင်ငံရေး နည်းအရဖြေရှင်းကြရန် တိုက်တွန်းခဲ့ပါသည်။

ဇွန်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဌာန ဒုဝန်ကြီးဖြစ်သူ ဦးသန့်ကျော်က လက်ရြှိပဿနာကို ဖုန်ကြားစင်းတို့ စတင်ခဲ့သည်ဖြစ်၍ ဖုန်ကြားစင်းမှ တာဝန်ယူရမည်ဖြစ်ပြီး လက်နက်ချရန် တောင်းဆိုခဲ့ပါသည်။ ကိုးကန့်ဒေသတွင်လည်း ဇွန် ၁၂ ရက်နေ့စပြီး ကိုးကန့်စခန်းအချို့ကို မြန်မာစစ်ဖက်မှတိုက်ခိုက်သဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုပါသည်။ အခြေအနေသည် တရုတ်တို့မျှော်လင့်သလိုဖြစ်မလာဟု ဆိုရပေမည်။

၂။ ကိုးကန့်ပြဿနာအစ
ကိုးကန့်ပြဿနာကို စသည်မှာ အာဏာပြန်လိုချင်သော ဖုန်ကြားစင်းတို့က စသည်ဟု မြန်မာအစိုးရကသဘောထားသည်။ကိုးကန့်တို့ကမူ ၂ ဖက်သဘောတူထားသော ငြိမ်းချမ်းရေးကို ဖျက်ပြီး၂၀၀၉ တွင် အစိုးရတပ်က အင်အားသုံးမောင်းထုတ်ခံရ
သဖြင့် ယခု သူတို့အိမ်သူတို့ပြန်လာခြင်းဖြစ်သည်ဟု ဆိုသည်။ အကဲခတ်အချို့ကမူ ကိုးကန့်ပြဿနာကို တရုတ်ကစသည်ဟုဆိုကြသည်။ ၂၀၀၉ တွင် မူးယစ်နှင့်လက်နက်ကိစ္စကြောင့် ကိုးကန့်ကိုအရေးယူရန် မြန်မာအစိုးရကိုတောင်းဆိုခဲ့သူမှာ တရုတ်အစိုးရ အရာရှိများဖြစ်သည်။ တောင်းဆိုခဲ့သည်မှာ တကယ့်မူးယစ်နှင့်လက်နက်ကိစ္စကြောင့်လော (သို့မဟုတ်) ဖုန် ကြားစင်းတို့ ထိုစဉ်က ဂျပန်နှင့် ပူးပေါင်းလွန်းခြင်းကြောင့်လောဟု တွက်ဆကြသည်။ ထိုစဉ်က ကိုးကန့်ဒေသတွင် ဖုန်ကြား စင်းတို့မှ ဂျပန်အကူအညီနှင့် ဘိန်းအစားထိုးသီးနှံအဖြစ် ပန်းဂျုံစိုက်ပျိုးရေး ပြုလုပ်နေချိန်ဖြစ်သည်။

မည်သူကစသည်ဖြစ်စေ။ ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်မှသာ ရလဒ်ကောင်းထွက်ပေမည်။ တရားခံရှာနေရုံနှင့် မပြီးပေ။

၃။ တရုတ်နယ်စပ် စစ်ရေးတင်းမာမှု

တကယ်တော့ ကိုးကန့်စစ်ပွဲစ၍ မကြာမှီမှာပင် ကိုးကန့်တို့ဘက်မှ တရုတ်ကြေးစားစစ်သားများ ဝင်ကူနေသည် ဟုလည်းကောင်း၊ တရုတ်မှစစ်လက်နက် ပစ္စည်းထောက်ပံ့သည်ဟုလည်းကောင်း၊ တရုတ်နယ်ထဲမှ ဝင်တိုက်သည်ဟုလည်း ကောင်း မြန်မာတို့ဘက်မှ စွပ်စွဲသည်မှ၍ တရုတ်နှင့်မြန်မာစစ်ခေါင်းဆောင်များကြား မကြည်လင်မှုများစသည်ဟု ဆိုရပေ မည်။

ကိုးကန့်စစ်ပွဲ ဖြစ်ပြီးမကြာခင် မြန်မာဘက် ဗုံးတစ်လုံး တရုတ်ဘက်သို့ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသားများ သေဆုံးဒဏ်ရာရမှု ရှိခဲ့သည်။ တရုတ်ထိပ်တန်းခေါင်းဆောင်များက မြန်မာအား ပြင်းထန်စွာ သတိပေးကန့်ကွက်ခဲ့သည်။ အစပိုင်းတွင် မြန်မာဖက်ကငြင်းဆန်သော်လည်း နှစ်နိုင်ငံပူးတွဲစစ်ဆေးမှုပြီးနောက် မြန်မာဖက် ဝန်ခံခဲ့ရသည်။ ထိုစဉ်မှ စ၍ တရုတ်မှ လေတပ် မြေပြင်တပ်နှင့် လေယာဉ်ပစ်ဒုံးများအပါ နယ်စပ်သို့ စတင်ပို့ဆောင်ခဲ့သည်။

နောက်ပိုင်းတွင်လည်း မြန်မာစစ်တပ်မှပစ်ခတ်သည့် အမြောက်ဆံများကျသည်ဆိုကာ ကန့်ကွက်မှုများ အကြိမ်ကြိမ်ရှိခဲ့သော်
လည်း မြန်မာဖက်မှငြင်းဆန်ခဲ့သည်။ ဤသို့ တဖြည်းဖြည်း ပို၍တင်းမာလာပုံရသည်။ မေလ ၃၀ ရက်နေ့က တရုတ်ရဲနှင့် စစ်တပ် အစောင့်မရှိသည့် တရုတ်နယ်မြေအတွင်းသို့ မြန်မာစစ်အင်အား ၂၀၀ ခန့်ဝင်ရောက်ခဲ့သည်မှအစပြု၍ ကိုးကန့်နှင့် ကပ်ရက် တရုတ်နယ်မြေထဲတွင် တရုတ်ကြည်းတပ်နှင့် လေတပ်တို့ပူးပေါင်းစစ်ရေးလေ့ကျင်ရန် တရုတ်သမတ ရှီကျင် ကိုယ်တိုင် အမိန့်ထုတ်လိုက်သည်။ တရုတ်နယ်မြေအတွင်းသို့ မြန်မာတိုက်ပွဲများ ကျူးကျော်ဝင်ရောက်မလာစေရန်နှင့် တရုတ်နယ်မြေအတွင်း အမြောက်ဆံဗုံးဆံ ကျရောက်သည်များနှင့်ပတ်သက်၍ မြန်မာဘက်က လုပ်ဆောင်မှုပျက်ကွက်တာကိုတုန့်ပြန်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဇွန်လ ၁ ရက်နေ့ ချင်တူး စစ်ဒေသထုတ်ပြန်ချက်အရ ကြည်းလေ ပူးပေါင်းစစ်ရေးလေ့ကျင်မှုကို ဇွန်လ ၂ ရက်မှ စတင်မည်ဖြစ်ကြောင်း ရက်အကန့်အသတ်မရှိကြောင်း လေယဉ်ပျံသန်းမှုတားမြစ်ထားပြီး ပစ်မိန့်ပေးထားကြောင်း စစ်လေ့ကျင့်ရာနယ်မြေအတွင်း မော်တော်ယာဉ်သွားလာခွင့်ပါ တားမြစ်ထားကြောင်း ကြေငြာလိုက်သည်။ ယင်းစစ်လေ့ကျင့်မှုသည် မြန်မာပြည်မှ တိုက်ပွဲများ တရုတ်ပြည်သို့ ထပ်မံလွင့်စင်မှုကို နောက်ထပ်သည်းမခံတော့ကြောင်း ဖော်ပြခြင်းဖြစ်သည်ဟု တရုတ်သတင်း ဌာနများက ဖော်ပြကြသည်။ ဤစစ်လေ့ကျင့်မှုအား ကျည်အစစ်ဖြင့် လေ့ကျင်မည်ဖြစ်သည်။

စစ်လေ့ကျင်မှုသတင်းထုတ်ပြန်ရာတွင် မြေပြင်လက်နက်ကြီးပစ်ခတ်သည့်နေရာကိုရှာဖွေပြီး လေယာဉ်မှ ပြန်လည်တုန့်ပြန်တိုက်ခိုက်ခြင်းကို ၈ စက္ကန့်အတွင်း အောင်မြင်စွာလေ့ကျင့်နိုင်ခဲ့သည်ဟုဆိုသည်။ မြန်မာဘက်မှ အမြောက်ဆံများကျခြင်းကို တိုက်ရိုက်ရည်ညွှန်းပုံရသည်။ ဤသို့ဖြင့် လက်နက်အပြည့်အစုံဖြင့် အသင့်ဖြစ်နေသော တရုတ်ကြည်းတပ်နှင့်လေတပ်တို့ တရုတ်-မြန်မာနယ်စပ်အနီး အချိန်အကန့်အသတ်မရှိ တပ်စွဲနေရာယူထားသောအခြေအနေတရပ် ပေါ်လာပေတော့သည်။

၎ ။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေ
သမတ ဦးသိန်းစိန်က သူ့လက်ထက်တွင် တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်နိုင်အောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။
တပြည်လုံးငြိမ်းချမ်းရေးအကောင်ထည်ဖော်ရေးကော်မတီ UPWC ဖွဲ့စည်းဆောင်ရွက်သည်။

နော်ဝေးနှင့်ဥရောပ၏အကူအညီဖြင့် MPC မြန်မာ့ငြိမ်းချမ်းရေးစင်တာ ဖွဲ့စည်းသည်။ သို့သော် MPC သည် အစိုးရနှင့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် ညှိနှိုင်းပေးသည့်စေ့စပ်ပေးနိုင်သည့် သြဇာရှိသည့်အဖွဲ့အစည်းတရပ်အဖြစ်သို့ ရောက်မလာခဲ့ပေ။ UPWC မှ အစိုးရလူကြီးများ၏ ရုံးလုပ်ငန်းဆောင်ရွက်ပေးသည့်အဆင့်မျှသာရှိပြီး အစိုးရပေါ်လစီကို အကောင်ထည်ဖော်ပေးသူမျှသာဖြစ်သည်။

တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရာတွင် ဝ (UWSA)၊ မိုင်းလား (NDAA)၊ ရှမ်းတောင် (RCSS) ရွက်ဆစ်တို့နှင့်သီးခြားစီ ဆွေးနွေးပြီး ကျန်တိုင်းရင်းသားအဖွဲ့များကမူ နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAOs ကိုယ်စားလှယ် အဖွဲ့ NCCT ဖွဲ့ပြီး အစိုးရ UPWC နှင့် ဆွေးနွေးသည်။

နောက်ဆုံးဆွေးနွေးပွဲကို မတ်လအတွင်း ရန်ကုန်မှာကျင်းပရာ နောက်ဆုံးအသေးစိတ်အချက်အလက်များကို သဘောတူ ညီမှုရရှိပြီဟု အစိုးရဖက်ကဆိုသည်။ သို့သော် NCCT ကမူ တိုင်းရင်းသားအဖွဲ့များညီလာခံတွင်ပြန်တင်ပြပြီး အတည်ပြုချက် ယူရဦးမည်ဆိုသည်။ ဆွေးနွေးပွဲကာလအတွင်း KIA နှင့်တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။ နောက်ပြဿနာမှာ အပစ်ခတ်ရပ် လက်မှတ်ထိုးမည့် NCA တွင် NCCT က ကိုးကန့် ပလောင် ရခိုင် ၃ ဖွဲ့စလုံးပါစေချင်သည်။ အစိုးရဖက်က လက်မခံ။

မေလထဲတွင် NCCT တွင်မပါသော UWSA NDAA တို့နှင့် KIA တို့ပူးတွဲ ကမကထပြု၍ ပန်ဆန်းညီလာခံကျင်းပသည်။ ကိုးကန့်အပါ ၃ ဖွဲ့တက်ခွင့်မပြုရန် အစိုးရက ကန့်ကွက်ခဲ့သေးသော်လည်း တိုင်းရင်းသားအဖွဲ့များက လက်မခံခဲ့ကြ။ ထို့ နောက် ဇွန်လအတွင်း လော်ခီးလာညီလာခံလုပ်ပြီးနောက် KNU မှ နော်စီဖိုးရာစိန်ဦးစီးသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲစည်းလိုက်သည်။ ထပ်မံဆွေးနွေးပြင်ဆင်ရန် အချက် ၁၅ ချက်ရှိသည်ဟု ဆိုသည်။ NCA လက်မှတ် တန်းထိုးချင်သော အစိုးရခေါင်းဆောင်များ ဘဝင်ကျပုံမရ။  ယခုအချိန်ထိ ဆွေးနွေးပွဲဆက်မည်လော သို့မဟုတ် ဘယ်ပုံခရီးဆက်မည်ဆိုသည် နှင့်ပတ်သက်၍ ရေရေရာရာ အဖြေမထွက်သေးချေ။

တိုင်းရင်းသားအဖွဲ့အများစုက နိုင်ငံရေးအရ တိကျသောသဘောတူညီချက်ရမှ NCA လက်မှတ်ထိုးချင်ကြသည်။ တပ်မ တော်၏ မူ ၆ ချက် လက်နက်ဖြုတ်သိမ်းရေးနှင့် ၂၀၀၈ ခြေဥတို့သည် NCA လက်မှတ်ထိုးရန် အတားအဆီးဖြစ်နေဆဲဟု အကဲခတ်တို့က ဆိုကြသည်။ ဤသို့ NCA လက်မှတ်ထိုးရန်ခက်ခဲနေစဉ်မှာပင် UWSA နှင့် တင်းမာမှုများဖြစ်လာရာ တရုတ် တို့အတွက် နယ်စပ်အရေး စိုးရိမ်ဘွယ်ရာပင်ဖြစ်သည်။

၅။ အလားအလာ
အခြေအနေ အရပ်ရပ်ကို ပေါင်းထုတ်လျှင် လက်ရှိ မြန်မာစစ်ခေါင်းဆောင်များအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ပြဿနာကို ဖြေရှင်းနိုင်မည့်ပုံမပေါ်။ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်မည့်အလားအလာ နဲပါးနေသည်။ ထိုအခါ နယ်စပ် တကျောစစ်ပွဲများကို တားဆီးနိုင်မည့်အလားလာမရှိ။

လက်ရှိ မြန်မာစစ်တပ်အင်အားနှင့်အခြေအနေအရလည်း တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ပြတ်တိုက်နိုင်မည့် အ ခြေအနေမရှိပေ။ စစ်ပွဲဖြစ်ပွားလျှင်လည်း ကြာရှည်မည့်သဘောရှိသည်။ တရုတ်ပြည်ကို များစွာဂယက်ရိုက်မည်ကို သိနေကြ သည်။ ထို့ကြောင့် တရုတ်တို့သည် မြန်မာတို့၏ အချုပ်အခြာအာဏာကို လေးစားအသိမှတ်ပြုသော်လည်း တိုင်းရင်းသား လူမျိုးများအား စစ်ရေးအရ ဖိနှိပ်သည်ကို မမြင်တွေ့လိုဟု ဆိုခြင်းဖြစ်သည်။

ထိုအခြေအနေတွင် တရုတ်ခေါင်းဆောင်များက မြန်မာစစ်ခေါင်းဆောင်များ၏ လုပ်ဆောင်မှုများသည် နယ်စပ်အခြေအနေကို
ထိမ်းသိမ်းနိုင်စွမ်းမရှိဟု ယူဆလာကြပါသည်။ မြန်မာပြည်တွင် တိုင်းရင်းသားပြဿနာအပါ ပြည်တွင်းပြဿနာများကို တည် ငြိမ်အောင် ဖြေရှင်းနိုင်မည့်သူ တရုတ်နယ်စပ်တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနိုင်မည့်သူကို အမြန်ရှာဘို့လိုလာပြီဟု ယူဆလာပုံရသည်။ လက်ရှိအခြေအနေတွင် မြန်မာပြည်တွင် ဤသို့စွမ်းဆောင်နိုင်သူမှာ နှိုင်းယှဉ်ခြင်းအားဖြင့် ဒေါ်အောင် ဆန်းစုကြည်သာရှိသည်။

ထိုအခြေအနေအောက်တွင် တရုတ်တို့အဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ ပြောင်းရွှေ့ရပ်ခံမည်လောဆိုသည့်မေးခွန်း ပေါ်လာပေတော့သည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts