မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၅)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Photo – Mizzima News, file photo

အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၅)
“မရိုးသားတဲ့ အထက်အဖွဲ့ အစည်းများ”
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၅

မကြာခင်မှာပဲ ညတညမှာ တိုင်းစည်းရုံးရေးမှူး ဦးပိုက်ခြုံ ကျနော့်အိမ်ကို ရောက်လာပါတယ်..။ နောက်တနေ့ ပြည်မှာကျင်းပမဲ့  ခြောက်မြို့ နယ် ပုံမှန်အစည်းအဝေးကို လာရင်း ၀င်လာတာလို့ ပြောပါတယ်..။ ညစာစားပြီးတော့ သူက စကားစပါတယ်..။ သူနဲ့အတူ ဗိုလ်မှူးဟောင်း မောင်အေးလည်း ပါလာပေမဲ့  ဦးမောင်အေးကတော့ သူ့ဇာတိရွာ ဘိုကုန်းမှာ ညသွားအိပ်ပါတယ်..။ သူကသာ ဒီမှာ ကျနော်နဲ့ဆွေးနွေးစရာ ရှိတာဝင်ပြီး ဆွေးနွေးတာလို့ ပြောပါတယ်..။

အခုဗဟိုမှာ ဗဟိုအလုပ်အမှုဆောင်ကို ပြင်ဆင်ဖွဲ့ စည်းလိုက်တော့ ပဲခူးတိုင်းက စည်းရုံးရေးမှူးနှစ်ယောက် ဗဟိုကို ပါသွားတယ်။ ဒါ့ကြောင့် တိုင်းစည်းရုံးရေးအဖွဲ့ ကိုလည်း ပြင်ဆင်ဖွဲ့စည်းရမယ်..။ ဗဟိုဦးစီးအဖွဲ့  (စီစီ)ကိုလည်း တိုးချဲ့ ဖွဲ့ စည်းလိုက်တယ်..။ ဗဟိုဦးစီးထဲကိုလည်း တိုင်းစည်းရုံးရေးက လူတွေ ပါသွားတော့ တိုင်းစည်းရုံးရေးအဖွဲ့ ထဲကို ပြည်ဇုံ ခြောက်မြို့ နယ်က တယောက်ထည့်ချင်တယ်..။ ဦးအုန်းနိုင်ကိုထည့်ချင်တယ်..။ ဒီတော့ ဦးအုန်းနိုင်ပါအောင် မူတခုအနေနဲ့ မနက်ဖန်ခါ ပြည်ဇုံအစည်းအဝေးမှာ အောက်ခြေက ပဏာမ သုံးဦးစာရင်းတောင်းမယ်..။ ဒီအထဲမှာ ဦးအုန်းနိုင်ပါအောင်လုပ်ပါ..။ ဒီသုံးယောက်စာရင်း ယူသွားပြီး ဗဟိုကျမှ..တယောက်ရွေးတဲ့အခါမှာ ဦးအုန်းနိင်ဖြစ်ရမှာပေါ့လို့ သူက ရှင်းပြပါတယ်..။

သူရှင်းပြတာကို နားထောင်ပြီး တမျိုးကြီးပဲလို့ ကျနော်စိတ်မသိုးမသန့် ဖြစ်မိတယ်..။ ဗဟိုကလာတဲ့သူတွေကို မယုံကြည်ပဲ အထင်သေးနေတဲ့ စိတ်အခံရှိနေလို့လားတော့ မသိပါ.။ ဒါဟာ အောက်ခြေကို ရိုးရိုးသားသား လုပ်တာမဟုတ်ဘူး..။ မလိမ့်တပတ်လုပ်တယ်..။ ဒီလိုမလိမ့်တပတ်လုပ်တဲ့ အထဲ ကိုယ်မပါချင်ဘူး..ဆိုတဲ့စိတ်ဖြစ်ပေါ်လာပါတယ်။ ပြီးတော့လည်းအရင် လွှတ်တော်ရေးရာအဖွဲ့ ဆိုပြီး ဖွဲ့တဲ့သူတွေကို န၀တက ဖွဲ့ခွင့်မပြုတော့ ဦးအေးမြင့်(ကြို့ ပင်ကောက်)၊ ဦးထွန်းကြွယ်(ညောင်လေးပင်)၊ ဦးသောင်းစိန်(ပြည်)တို့ကို တိုင်းစည်းရုံးရေးမှူးများဆိုပြီး ပြောင်းဖွဲ့ တုန်းကတော့ အောက်ခြေကို ဘာမျှမပြောပြပဲ ဗဟိုကနေ သူ့ဖာသာ လုပ်လိုက်တာကိုလည်း စိတ်ထဲမှာ မှတ်မိနေ တယ်..။ ဒါ့ကြောင့် ကျနော်ဦးပိုက်ခြုံကို ပြောလိုက်ပါတယ်..။

“ ခင်ဗျားတို့က ဒီမိုကရေစီပုံစံနဲ့  အောက်ခြေချပြသလေးဘာလေး နဲ့မလိမ့်တပတ်မလုပ်ပါနဲ့.။ အောက်ခြေချပြချင်ရင် ရှင်းရှင်းလင်းလင်းချပြပါ..။ အခုတော့ လုပ်ချင်တာ တွေကျတော့ ဇွတ်လုပ်လိုက်ကြတယ်..။ အခုဟာမျိုးကျတော့လည်း အောက်ခြေချပြသလိုလိုနဲ့  တကယ်လည်းမဟုတ်ပဲနဲ့ ..။ ဒီတော့ ကျနော် ရှင်းရှင်းပဲ ပြောမယ်..။ အခုအခြေအနေမှာ အဖွဲ့ ချုပ်ဗဟိုနဲ့  နယ်အဖွဲ့ အစည်းတွေ ဆက်သွယ်ရေးပုံစံသိပ်မကောင်းလို့ ဒီမိုကရေစီအပြည့်အ၀ မကျင့်သုံးနိုင်ဘူး ဆိုရင်လည်း ဗဟိုချုပ်ကိုင်မှု မူ အရ ဗဟိုကပဲ ကိုယ်နဲ့ တွဲလုပ်လို့ရမဲ့သူကို ရွေးလိုက်ပါ။ ကျနော်တို့ ဘာမှ မပြောပါဘူး..။ လက်ခံပါတယ်..။ ပါတီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ထားတာလဲ ဒီလိုမျိုး လုပ်ဖို့ မဟုတ်လား..။ လုပ်ပါဗျာ..ဗဟိုမူပေါ့..။ ရဲရဲ ပဲ..ဗဟိုချုပ်ကိုင်မှုနဲ့ လုပ်ပါ..။ ဗဟိုကလည်း ချုပ်ကိုင်ချင်သေးတယ်..။ အောက်ခြေနဲ့ ညှိနှိုင်းပါတယ်လို့ ဆင်ခြေကလည်း ပေး ချင်သေးတယ်..။ ဒီသဘောမျိုးတော့ ကျနော် လုံးဝ လက်မခံနိုင်ဘူး..” ဒီလို အပြတ်ပြောပြီး ညအိပ်ယာဝင်ပါတယ်..။

နောက်တနေ့ ပြည်ရောက်လို့ အစည်းအဝေးစတော့ ဗိုလ်မှူးဟောင်းမောင်အေးက သူတို့ နှစ်ယောက်(ဦးမောင်အေးနဲ့  ဦးပိုက်ခြုံ)ကို ဗဟိုဦးစီးကော်မတီ (စီစီ)၀င် အဖြစ် တိုးမြှင့်လိုက်ပြီ..။ ဒါ့ကြောင့် တိုင်းစည်းရုံးရေး အဖွဲ့ မှာ နောက်ထပ်လူလိုတယ်..။ ပြည်ဇုံ ခြောက်မြို့ နယ်က တယောက်ရွေးရမယ်..။ အဲဒါ ပဏာမ(၃)ယောက် ရွေးပေးပါ..။အဲဒီအထဲကမှ တယောက်ကို ဗဟိုက ခန့်မယ်လို့ ပြောပါတယ်..။ မနေ့ညတုန်းက ဦးပိုက်ခြုံ ကျနော့်ကို ပြောတုန်းက စီစီကို တိုင်းက လူတချို့  ပါသွားတယ်လို့သာ ပြောတယ်..။ အခုတော့ သူတို့နှစ်ယောက်လို့ ဦးမောင်အေးက ပြောပြန်တယ်။ ကျနော်တော့ အပေါ်ကလူတွေ လုပ်ပုံကို တော်တော် မယုံသင်္ကာဖြစ်လာပါတယ်..။ လက်သိပ်ထိုးတွေ..၊ ရုတ်တန်း ရမ်းတုတ်တွေ..၊ လက်သင့်ရာ စားတော်ခေါ်တာတွေတော့ ဖြစ်နေပြီလို့  ထင်လိုက်တယ်..။

ဒါ့ကြောင့် ကျနော်က “ ဦးမောင်အေးနဲ ဦးပိုက်ခြုံ စီစီဖြစ်တာ တရားဝင်စာပါသလား..။ ဒီဇုံနယ်က လူသုံးယောက်ပဏာမ ရွေးပြီး အဲဒီအထဲက တယောက်ကို ဗဟိုက ခန့်မယ်ဆိုတာကော တိုင်းရဲ့ ညွှန်ကြားချက် စာပါသလား..”လို့ မေးလိုက်ပါတယ်..။

ဒီတော့ ဦးမောင်အေးက စိတ်တိုသွားပုံ ရပါတယ်..။ “ကျနော်တို့ တိုင်းစည်းရုံးရေးမှူးတွေကို ဒီလောက်မှ မယုံဘူးလား..” လို့ပြန်မေးတယ်..။

ကျနော်က.. “ ၁၉၈၉ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးတဲ့  အချိန် ၊ လူတော်တော်များများလည်း အဖမ်းခံရတာနဲ့  ရှောင်တိမ်းနေရတာတွေကြောင့် ဗဟိုမှာ အားနည်းနေတဲ့  အချိန်မှာ ..ဒီခြောက်မြို့ နယ်ဇုံမှာပဲ တိုင်းတာဝန်ခံ ဦးကိုယုရဲ့  စာလို့ဆိုတဲ့  စာရွက်တိုလေးတခုနဲ့  ..အဲဒီအချိန်က တိုင်းစည်းရုံးရေးမှူးလို့ဆိုတဲ့  ဦးသိန်းလွင်၊ ဦးတင်မောင်အေး၊ ဦးအောင်စောဦးနဲ့  ဦးဇော်မင်းတို့က တိုင်းအရံဖွဲ့ ခဲ့ဖူးတယ်..။ ကျနော်က အဲဒီတုန်းကလည်း ဒါမျိုး မလုပ်ကောင်းပါဘူးဗျာ..လို့ ပြောပြီး ကန့်ကွက်ခဲ့ဖူးတယ်..။ ကျနော်မပါတဲ့  အစည်းအဝေးကနေပြီး တိုင်းရုံးကို ပဲခူးမှာရွှေ့ ဖွင့်ဖို့ အထိ ဆုံးဖြတ်တယ်..။ အဲဒီတုန်းကလည်း ကျနော်အတန်တန် ကန့်ကွက်တဲ့ ကြားက အဲတာတွေကို အတည်ပြုပြီး…ဗဟိုတက်သွားတယ်..။ ဗဟိုကျ ဦးအောင်ရွှေနဲ မပြေမလည်ဖြစ်ပြီး စာတို၊ စာရှည်ညွှန်ကြားချက်တွေ တသီကြီး ထွက်ခဲ့ဖူးတယ်..။ ဒါ့ ကြောင့် အခုလည်း စာမရှိပေမရှိ ဆိုရင် ကျနော်လက်မခံဘူး..” လို့ ရှည်ရှည်ဝေးဝေး နောက်ကြောင်းပြန် ပြောပြပြီး ကန့်ကွက်ပါတယ်..။

ဒါပေမဲ့  အခုအစည်းအဝေး တက်တဲ့သူတွေကလည်း သိပ်မဝေးသေးတဲ ဟိုတုန်းကအကြောင်းတွေကို မေ့ပစ်လိုက်ကြပါတယ်..။ သူတို့က လူသုံးဦး အမည်ရွေးတာလောက်ပဲ..လုပ်ပေးလိုက်ကြတာပေါ့.. ဆိုပြီး… ကျနော်ရယ်၊ သဲကုန်းက ဦးအေးရယ်..၊ ပြည်က တယောက်ရယ် အမည်ပေးလိုက်ကြပါတယ်..။ ကျနော်က လုံးဝလက်မခံပါ..။လက်မခံကြောင်း မှတ်တမ်းတင်ခိုင်းပါတယ်..။ ဒါလည်း မရပါ..။ သဲကုန်းက ဦးအေးကိုယ်တိုင်က ဆရာကြီးရာ..ဒါလောက်တော့ လက်ခံပါဗျာလို့ ဆိုလာလို့  ကျနော်လည်း ရင်ဖွင့်လိုက်ပါတယ်..။

“ခုနင်က ဦးမောင်အေးက မေးတယ်.။သူတို့ တိုင်းစည်းရုံးရေးမှူးတွေကို မယုံဘူးလားတဲ့..။ မှန်ပါတယ်..။ မေးလည်း မေးထိုက်ပါတယ်..။ အဖွဲ့ အစည်းများရဲ့  အထက်နဲ့အောက် ဆက်သွယ်ဆောင်ရွက်ကြတဲ့ အခါမှာ လိုက်နာရမဲ့ ကျင့်ဝတ်များအရ ကျနော်ဟာ မြို့ နယ်တခုရဲ့  စည်းရုံးရေး အဖွဲ့ဝင်တယောက်အနေနဲ့ တိုင်းစည်းရုံးရေးမှူးများရဲ့  ညွှန်ကြားချက်များကို နာခံဖို့နဲ့ သူတို့ကို ယုံကြည်ဖို့ တာဝန်ရှိပါတယ်..။ ဒါကို ကျနော်နားလည်ပါတယ်..။ဒါပေမဲ့…”  ဆိုပြီးတော့ ကျနော်..ခဏ ရပ်လိုက်ပါတယ်..။ ကျန်မြို့နယ်များကတက်လာတဲ့သူတွေရဲ့ အခြေအနေကိုလည်း အကဲခတ်ရင်း ကျနော်ရှေ့ ဆက် ပြောမဲ့ဟာကိုလည်း ပြောသင့်မပြောသင့် စဉ်းစားရင်း ..ကျနော် ဆက်ပြောပါတယ်..။  “ မနေ့ညနေကတည်းက တိုင်းစည်းရုံးရေးမှူးတဦးဖြစ်တဲ့ ဦးပိုက်ခြုံက ကျနော့်အိမ်ဝင်လာပါတယ်..။ မနက်ဖန်ပြည်ဇုံမှာ သုံးယောက်စာရင်းထဲ ပါအောင်သာ လုပ်ပါ..။ ကျနော်တို့ အပေါ်က ဒီသုံးယောက်ထဲက ဦးအုန်းနိုင်ကို ပဲ ရွေးမှာပါတဲ့ ..”

ဦးအုန်းနိုင် ကို ရွေးမယ်ဆိုတော့လည်း ဘာဖြစ်လဲ..။ ရွေးပစေပေါ့..။ကောင်းသားပဲ..ဆိုတဲ့  အသံတွေ ထွက်လာပါတယ်..။ သူတို့ ခုထက်ထိ ဒါကို အလေးမထားသေးပါ..။

“ ဒါဟာ..မရိုးသားဘူးလို့ ကျနော် ခံစားမိတယ်..။ လူများရှေ့ မှာ တမျိုးပြောပြီး ကျနော်တယောက်တည်းကို မျက်စိမှိတ်ပြတာမျိုး..။ ဒီလို ဆက်ဆံရေးရှိတဲ့  စည်းရုံးရေးပုံစံလုပ်တဲ့  တိုင်းစည်းရုံးရေးမှူးများကို ကျနော် သံသယရှိတယ်..။ ဒါကြောင့် ကျနော် ဒီမူကို ကန့်ကွက်ပါတယ်..။ ကျနော့်အမည်ကို ထည့်ထားတာလည်း ကန့်ကွက်တယ်..”

“ ထားပါ..ဦးအုန်းနိုင်ရာ..။လက်ခံလိုက်ပါ..။ ဦးအုန်းနိုင်..တိုင်းမှာ ပါတော့မှ ဒါမျိုးတွေ မဖြစ်အောင် ပြောပေါ့” ဆိုတဲ့  သဘောထားမျိုးတွေ ပြောကြပြန်ပါတယ်..။

ကျနော်က အလေးအနက်ထားတဲ့  အပေါ်မှာ သူတို့က အလေးအနက်မထားပါ..။ ကျနော်သူတို့ကို သဘောပေါက်အောင် မပြောနိုင်ဘူးနဲ့  တူပါတယ်..။ ဒါနဲ့  ကျနော်..နောက်ထပ်ပြီး တဆင့်တက်လိုက်ပါတယ်..။ ။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts