Han Thit Naing ဓာတ်ပုံသတင်း သတင်းပဒေသာ

မင်္ဂလာဒုံ၊ ဆင်ဖုံတောင်ဘက်ခြမ်း ကျေးရွာကို ဇေကမ္ဘာက ဖျက်ဆီး၊ ရွာသားများကို ရန်ရှာသည့် သတင်းများ

မင်္ဂလာဒုံ၊ ဆင်ဖုံတောင်ဘက်ခြမ်း ကျေးရွာကို ဇေကမ္ဘာက ဖျက်ဆီး၊ ရွာသားများကို ရန်ရှာသည့် သတင်းများ

ဟန်သစ်နိုင်၊ မိုးမခ၊ ဇွန် ၁၄၊ ၂၀၁၅

နေစရာမရှိ၍ ဘုန်ကြီးကျောင်းအတွင်း တည်ခိုနေသော ရွာသားများကို ကြေးစားများကဓါးများဖြင့်ဝင်ရောက်ခုတ်  (ဟန်သစ်နိုင်၊ မိုးမခ၊ ဇွန် ၁၄၊ ၂၀၁၅)

၂၀၁၅ ခုနှစ် ဇွန်လ ၁၃ ရက် နံနက် ၇နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ် ဆင်ဖုန်တောင်ဘက်ခြမ်းကျေးရွာမှ ရွာသားများ ခိုလှုံ တည်းခိုရာ ဒက္ခိဏာရုံဘုန်းကြီးကျောင်းဝင်းအတွင်းသို့  ဇေကမ္ဘာကုမ္ပဏီမှဟု ရွာသားများကယူဆသည့် ကြေးစားလူမိုက် လူအင်အား ၃၀၀ ဝန်းကျင်ခန့် ဝင်ရောက်ပြီး ဓါး၊ တုတ်၊ လေးခွများဖြင့် ပစ်ခတ် ရိုက်နှက်ခဲ့ပြန်သည်။ ရွာသားများအနက် ၃ယောက်မှာ ဓါးဒဏ်ရာများရရှိပြီး ကျန်တစ်ယောက်မှဓါးခုတ်ရာ များပြင်းသော ကြောင့် စိုးရိမ်နေရပြီး မြောက်ဥက္ကလာ ဆေးရုံတွင် အတွင်းလူနာအဖြစ်ရှိနေသည်။ ထိုဘုန်းကြီးကျောင်းတွင်လည်း ရွာသားများအတွက် အကူအညီပေးရန် ပြည်သူ့စေတနာဝန်ထမ်းအဖွဲ့များရောက်ရှိလာပြီး စောင့်ကြည့်ပေးလျှက်ရှိနေသည်။

“ကျနော်တို့အိမ်တွေကို မနေ့က ဝင်ရောက်ဖျက်ဆီးတာ၊ နေစရာမရှိလို့ ဘုန်းကြီးကျောင်းအတွင်းမှာ ခဏနေထိုင်နေတယ်၊ အဲဒါကို ဒီနေ့ထက်ပြီး ကားကြီးတွေနဲ့ လာတယ်၊ လူပေါင်းရာကျော်လောက်ရှိမယ်၊ လက်နက်များ နဲ့ရိုက်နှက် ပစ်ခတ်ခဲ့တယ်၊ ရွာသားတွေလဲ ဆေးရုံရောက် ကုန်တယ်၊ မင်းမဲ့တိုင်းပြည်ပုံစံ ဘာသဘောနဲ့ ဘယ်သူတွေကခိုင်းတာလဲမသိဘူး၊ ရဲတွေကလည်းပြီးမှရောက်လာတယ်” ဟု ၁၂ရက်နေ့က အရိုက်ခံရသူ ကိုဖိုးထောင်မှ ပြောသည်။

မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ တာဝန်မှူး ကိုဝင်းမြင့်က “ကျနော်တို့ရောက်သွားချိန်မှာတော့ အိမ်ခြေ ၄၈ လုံးဖျက်ဆီးခံပြီးပြီ၊ ကျနော်တို့လဲမသိဘူး၊ ဖျက်ဆီးခိုင်းတဲ့ပိုင်ရှင်ဟုဆိုသောဦးထွန်းထွန်းဝင်း ကလည်းအကြောင်းမကြားဘူး ၊ ဇေကမ္ဘာလုံခြုံရေးများလဲအကြောင်း မကြားဘူး၊ သိသိချင်းတော့သွားတယ်၊ ကျနော်တို့ကတော့ နောက်ထပ် မဖြစ်အောင် ရွာသားတွေမနစ်နာဖို့ ဆက်လက်ဆောင်ရွက်သွားပါမယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးကတော့ ပိုင်ရှင်ကိုလာတွေ့ဖို့တော့ပြောထားတယ်” ဟုပြောသည်။

လာရောက်ဖျက်ဆီးသူများကို ပ ၂၃၆/ ၂၀၁၅ ပုဒ်မ၃၃၇၊ ၃၃၈နဲ့ အမှုဖွင့်ထားကြောင်း သိရှိရသည်။

 

 

မင်္ဂလာဒုံမြို့နယ် ဆင်ဖုံတောင်ဘက်ခြမ်းကျေးရွာမှ အိမ်ခြေ ၄၈လုံးကို ဇေကမ္ဘာမှသက်ဆိုင်သူများက ဘူဒိုဇာစက်များဖြင့်ဖျက်ဆီး ( ဟန်သစ်နိုင်၊ မိုးမခ ။ ဇွန် ၁၃၊ ၂၀၁၅)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်  ဆင်ဖုံတောင်ဘက်ခြမ်းကျေးရွာတွင် နေထိုင်သော ကျေးရွာသူ၊ ရွာသားများ၏ နေအိမ် ၄၈ လုံးကို ဇေကမ္ဘာဝန်းမှ သင်ဆိုင်သူများဟုဆိုကာ ဘူဒိုဆာစက်များ၊ လူမိုက်များငှားရမ်းပြီး ဇွန် ၁၂ရက် နံနက် ၆နာရီခန့်က ဖျက်ဆီးခဲ့ကြသည်။

ထိုဆင်ဖုံတောင်ဘက်ခြမ်းသည် ၁၉၉၂ခုနှစ်တွင် သိမ်းဆည်းခံ လယ်မြေများ၊ ရွာမြေများ၊ ဘုန်းကြီးကျောင်းမြေများ ပါဝင်ခဲ့သည်။ ယခုလက်ရှိထိုမြေနေရာများသည် ဇေကမ္ဘာနှင့် အိုးအိမ်အကျိုးတူ ပူပေါင်းဆောင်ရွက်ထားသည့်မြေဖြစ်သည့်အတွက် ကုမ္ပဏီများအများ အပြားကိုရောင်းချခဲ့သည်။ ကုမ္ပဏီများအားရောင်းချခဲ့သော်လည်း ယခုလက်ရှိအချိန်ထိ သိမ်းဆည်းခံလယ်မြေများပေါ်တွင် အဆောက် အဦးများဝင်ဆောက်နေသော်လည်း ရွာမြေများပေါ်တွင် အဆောက် အဦးတစ်ခုမှမရှိသေးသည့်အတွက် ရွာမြေများတွင် ၄င်းရွာသားများ ဆက်လက်နေထိုင်ခဲ့သည်။

 ၂၀၁၅ခုနှစ် ဇွန်လ ၁၂ရက် နံနက် ၆နာရီခန့်တွင် ဇေကမ္ဘာမှ သက်ဆိုင်သူများဟုပြောဆိုခြိမ်းခြောက်ပြီး ဘူဒိုဇာစက်ကြီးများဖြင့် ထိုးခွဲဖျက်ဆီးခဲ့သည်။ အိမ်ခြေ ၄၈လုံး ဖျက်ဆီးခံရသည်။ အရပ်ဝတ်လူများကို တုတ်၊ ဓါး၊ လေးခွများဖြင့် ပစ်ခတ် ရိုက်နှက်ခိုင်းစေခဲ့သောကြောင့် ရွာသားသုံးဦး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် သက်ဆိုင်ရာ ရဲစခန်းများ၊ အုပ်ချုပ်ရေးမှူးများသို့ အသိပေးအကြောင်းကြားသော်လည်း တစ်စုံတစ်ယောက်မှ လာရောက်ထိန်းကွပ်ခြင်းမရှိခဲ့သည့်အပြင် ဇေကမ္ဘာမှဝန်ထမ်းများက အခင်းဖြစ်ပွားရာဘေးပတ်လည်တစ်လျှောက်တွင် ဖျက်ဆီးသူများ အား စောင့်ကြပ်နေပေးလျှက်ရှိသည်။ အိမ်ခြေများဖျက်ဆီးမှုနှင့် ဒဏ်ရာရရှိသူများအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

“မနက် ၆နာရီလောက်တွင် စက်သံတွေ၊ လူသံတွေကြားလို့ ထွက်ကြည့်ကြတယ်၊ စက်ကြီးတွေနဲ့ လူတွေ ကျနော်တို့နေအိမ်နားရောက် လာပြီး ဖယ်ပေးရင်ဖယ်ပေး မဖယ်ပေးရင် လူတွေကိုပါထိုးချမယ်လို့ပြောပြီး သိပ်မကြားဘူး စက်တွေဖြင့်ထိုးတော့ ပစ္စည်းတွေကိုအကုန်လုံး သိမ်းယူချိန်မရလိုက်ဖူး ဖျက်ဆီးသွားတယ်၊ လူတွေလဲ ခွေးပြေး ဝက်ပြေး ပြေးခဲ့ရတယ် ဟု ကျေးရွာအိမ်ဖျက်ဆီးခံရသူ” ကိုဇော်နိုင် ကပြောသည်။

“ကျမတို့အိမ်တွေက ဒုတိယအကြိမ် ၇နာရီခွဲလောက်တွင် ဆက်ဖျက်ခံခဲ့ရတာပါ၊ အဝေးကအိမ်တွေဖျက်နေတုန်း ပစ္စည်းတွေကို ကန်ဘောင်ဘေးချထားတုန်း၊ စက်ကြီးတွေထပ်မံမောင်းလာတယ်၊ လူတွေကလဲအများကြီး တုတ်၊ ဓါး၊ လေးခွများဖြင့် အော်ဟစ်ပြေးလွှားပြီး ပစ်ကွာ၊ ရိုက်ကွာလို့ ခြောက်လှန့်ပြီးအနီးအနားရောက်လာလို့ ကျမတို့လည်း ပစ္စည်းများမသယ်နိုင်ပဲထားခဲ့ရတယ်၊ စက်ကြီးတွေက ကျမတို့အိမ်တွေကို ဖျက်ဆီး၊ ကျမတို့ပစ္စည်းတွေရှေ့မှာ သူတို့က ကျမတို့ပြန်မလာနိုင်အောင် လက်နက်များကိုင်ဆောင်ပြီးစောင့်နေတယ်” ဟု အိမ်ဖျက်ဆီးခံရသူ မအေးသိန်းက ပြောသည်။

 

အိမ်ခြေဖျက်ဆီးခံရသူများသည် ဆင်ဖုံတောင်ဘက်ခြမ်း မှ ဒက္ခိဏာရုံဘုန်းကြီးကျောင်းဝန်းတွင် တည်းခိုနေလျှက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မင်္ဂလာဒုံ၊ ဆင်ဖုံတောင်ဘက်ခြမ်း ကျေးရွာကို ဇေကမ္ဘာက ဖျက်ဆီး၊ ရွာသားများကို ရန်ရှာသည့် သတင်းများ
  1. ဇေကမ္ဘာခင်ရွှေ ကနေ မြေကမ္ဘာခင်ရွှေ လို့ သာ နာမည်ပြောင်းလိုက်ပါတော့ ။

Comments are closed.