Poems

စိုးနေလင်း – မျောနေတဲ့ ပင်လယ်

စိုးနေလင်း – မျောနေတဲ့ ပင်လယ်
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၅

မိုင်တိုင် ၆၂ ကို ကျားကုတ်ကျားခဲ ဖြတ်ကျော်အပြီး
ခရီး….ခရီးဘယ်လောက်ပေါက်ပါပြီလဲ…

မှောက်ရက်လဲခဲ့တဲ့ အကြိမ်တွေကတောင် အဖိုးတန်တွေဖြစ်ခဲ့
မြှားကို တည့်တည့်ဖြောင့်ဖြောင့် ပစ်တတ်လာခဲ့
အဲဒီ မက်ဇင်ဂေါ်ကီ* ရဲ့ ဘ၀တက္ကသိုလ်ထဲမှာပဲ စာတတ်ခဲ့
ဒုက္ခတွေကို သဲ့သဲ့ပျပျ ပြုံးပြတတ်လာခဲ့
လာမယ့်ဘေး ပြေးတွေ့ရင်း
ဘ၀ကို ဘယ်တော့မှ မမေ့တတ်ဖို့ တတ်မြောက်ခဲ့
မတ်စောက်တဲ့ တောင်တန်းတွေပေါ့လေ…။

ရေမြေတောတောင် သဲကြမ်းကန္တာရ ဘယ်၍ ဘယ်မျှ…
လမ်းအဆုံးမှာ
ရွာဆိုတာကိုတွေ့နိုင်ပါတော့မလား
မြားစူးတောင်ပံတွေ နွမ်းလျှ ရင်းနွမ်းလျှ
မနေ့ တနေ့ကပဲ
ကြယ်အစင်းစင်း ကြွေကျသွားခဲ့ရပြန်ပြီ။

ကြာပြီပဲ …
ဗာရာဏသီ ကြိုးနဲ့ချည်
မချည်ကောင်းလား ချည်ကောင်းလားနဲ့ပဲ
မြစ်တွေလည်းကော တောင်တွေလည်းပြို တောတွေလည်းပြုန်း
ကောင်းကင်ကို ဆုံးရှုံးခံကြတော့မှာလား

လေးသံကို နားထောင်နေရင်း… ။    ။

*Maxim Gorky
(၆၂ နှစ်ပြည့်မွေးနေ့ အမှတ်တရခံစားမှု)
စိုးနေလင်း

illustration Aung Htet

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts