ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – ကောက်ရိုးမီး၊ ဆော်ဒါပုလင်း

ဇွန် ၁၃၊ မြန်မာ ဗီယက်နမ် ဘောလုံးပွဲ (စင်္ကာပူ) ကို ရန်ကုန် မြို့တော်ခန်းမရှေ့ ရုပ်သံမြင်ကွင်းတွင် ရှုစားနေသော ပရိသတ် (ဓာတ်ပုံ – ရန်နောင်(ဗိုလ်တထောင်))
 
ဖိုးထက် – ကောက်ရိုးမီး၊ ဆော်ဒါပုလင်း
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၅
 
သင် အညာမှာ နေဘူးပါသလော။ ပြီးတော့ စပါး ချွေပြီးသော ကောက်လှိုင်းများကို မီးရှို့ပြီး မီးလှုံဘူးပါသလော။ အညာနဲ့ မစိမ်းတဲ့ ကျွန်တော့်ကို နည်းနည်း ပြောခွင့် ပြုစေချင်သည်။ ကောက်ရိုးဆိုတာ မီးတောက်ကလေး အနည်းငယ်ရှိသည့် မီးပုံပေါ် တင်လိုက်သည်နှင့် တစ်ပြိုင်နက် နှင်းငွေ့သာ ခပ်ရွှဲရွှဲကြီး ရိုက်မထားဘူး ဆိုလျှင် ဟုပ်ခနဲ့၊ ဟုပ်ခနဲ့ မီးတောက်သည်။ မီးခိုး အဖြူစွတ်စွတ်များ အူထွက်သည်။ ပြီးတော့ ဘာအစိုင်အခဲမှ မကျန်တော့လောက်အောင် မီးတောက်လဲ မမြင်ရ၊ မီးခိုးလဲ မအူ ဖြစ်တတ်သည်။ ဆူလွယ် နပ်လွယ်စိတ်၊ အစပိုင်း တက်ကြွသလောက် နောက်ပိုင်း ချာ ချာလာသော လူများ၊ စိတ်ဓာတ်များကို ကောက်ရိုးမီး နဲ့ နှိုင်းကြသည် မဟုတ်လား။ 
 
ကောက်ရိုးမီးနှင့် တူသော လူများကို အနီးစပ်ဆုံး ပြပါဆိုလျှင် မြန်မာ ဘောလုံး သမားများကို လက်ညှိုးထိုးချင်သည်။ ငယ်စဉ်က လက်ရွေးစဉ် အသင်းကြီးမှာ အရွေးမခံရစဉ်က သိပ်ကြိုးစားသည်။ အင်တိုက် အားတိုက် ကစားသည်။ ပြိုင်ဖက်ကို လေးလေးစားစားရှိသည်။ အလျှံညီးညီး စိတ်ဇောဖြင့် ဘောလုံးကစားသည်။ နောက် လက်ရွေးစဉ် အသင်းကြီးမှာ စီနီယာဖြစ်လာတော့ လျော့တိလျော့ရဲ။ မီးခိုးလဲ မအူနိုင်၊ မီးတောက်လဲ မရှိ။ လက်နဲ့ အသာလေး တောက်ချလိုက်တာနှင့် ကောက်ရိုးပြာတွေ ဖွာခဲ့ လွင့်ထွက်သွားသလို လာအိုကလဲ နိုင်သည်။ ထိုင်းကလဲ အချဉ်။ ဖိလစ်ပိုင်က မခန့်လေးစား လုပ်တာ ခံရသည်။ 
 
နောက်ပြီး ဆော်ဒါပုလင်းကို သင်သိပါသလော။ ၀ီစကီ၊ ရမ် စသည့် အရက်ဖြင့် ရောသောက်သည့် ဆော်ဒါ ပုလင်း၊ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း ကို နားလှည့်ပါးရိုက် အရက်နဲ့ ထင်ရောင် ထင်မှား ပူဇော်ပသသော ဆော်ဒါပုလင်းကို သင်သိနိုင်သည်။ ဟိုယခင်က မန္တလေး ဒါးတန်း ဘိလပ်ရည် စက်ရုံက ထုတ်သော ဆော်ဒါ အအေးပုလင်းများ ရှိသည်။ ရေခဲနှင့် အေးမြနေအောင် စိမ်ထား။ လက်နှင့် အသာအယာလှုပ်ပြီး ပုလင်းဖုံးကို ဖောက်ခနဲ့ ဖွင့်ပေးလိုက်လျှင် အမြုပ်များ တဖွားဖွား ပုလင်းကို ကိုင်ထားသည့် လက်ပေါ်သို့ စီးကျသည်။ ယခုခေတ် ဖော်မြူလာဝမ်း ပြိုင်ကားပြိုင်ပွဲတွေ၏ ဆုပေးပွဲတွေမှာ တွေ့ရတတ်သည့် အမြုပ်တဖွားဖွားကတော့ ရှန်ပိန်။ ဆော်ဒါထက် ပိုပြီး အချိန်ကြာအောင် အမြုပ်ထွက်နိုင်ဟန်ရှိသည်။ 
 
ဆော်ဒါကတော့ ဖော်မြူလာဝမ်းပြိုင်ပွဲမှ ရှန်ပိန်လို မဟုတ်။ ဖောက်…ရှူး…..။ ဒါဘဲ။ ထပ်ပြီး ရှူးစေချင်လို့ ပုလင်းကို လှုပ်၊ ပုလင်းဝကို လက်နဲ့ ပိတ်ထားတာတောင်မှ ဖောက်ခနဲ့ မမြည်နိုင်တော့။ မဆိုစလောက် တွန်းကန်အားလေး ရသည်။ နည်းနည်းကြာတော့ ဘာတွန်းကန်အားမှ မပေးနိုင်တော့။ ဆော်ဒါ ပုလင်းနဲ့ တူသော စိတ်ဓာတ်တဲ့ ။ 
 
ဆော်ဒါပုလင်းနဲ့ တူသော လူများကို အနီးစပ်ဆုံး ကျွန်တော် စဉ်းစားတော့ မြန်မာ့နိုင်ငံရေးက လူငယ်တစ်ချို့ကို ပြေးမြင်သည်။ ဒါးတန်း ဆော်ဒါပုလင်း ရေခဲစိမ်ထားလျှင် ရေခဲဥလေးတွေ ပုလင်းမှာ တွဲခိုသီနေတာ မြင်နိုင်၏။ ထိုဆော်ဒါ ပုလင်းကို မြင်ကာမျှဖြင့် ရေငတ်လာသည်။ အာခြောက်လာသည်။ စိတ်ဓာတ်တက်ကြွပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် လူငယ်လေးများကို မြန်မာ့နိုင်ငံရေးမှာ မြင်ရတော့ နေပူထဲ စက်ဘီးနင်းလာပြီး ရေဆာဆာဖြင့် ရေခဲစိမ် ဆော်ဒါပုလင်းများကို မြင်ရသလို ခံစားရသည်။ အမောပြေစေမည့် အရာ။ ရင်ကို ငြိမ်းချမ်းစေသော အရာ။ 
 
ဝမ်းနည်းစရာက ဆော်ဒါပုလင်းများက ရေငတ်ပြေစေသေးသည်။ တစ်ချို့ လူငယ်ခေါင်းဆောင် များကတော့ ဖောက်…ရှူး…ဒါထက် သိပ်မပိုချင်။ ပုလင်းကို ဖောက်စဉ်မှာ ဖောက် ဆိုသည့် အသံက အကျယ်ကြီး ကြားရနိုင်သည်။ တွန်းကန်သည့် အားက နည်းနည်းနောနော မဟုတ်။ သို့သော် ခဏကြာတော့ စည်းလုံးညီညွှတ်မှု မရှိ။ လူက ငယ်ငယ်။ မာနက မြင့်မိုရ်တောင်။ ခြေလှမ်းက ကျဉ်းကျဉ်း။ စကားက မဟာသမုဒ္ဒရာ။ နောက်တော့လဲ ဘာတွန်းကန်အားမှ မရှိတော့သော သောက်မကောင်းတော့သည့် ပူသွားသည့် ဆော်ဒါ ပုလင်းတွေနှင့် တူသည်။ 
 
ကောက်ရိုးမီး၊ ဆော်ဒါပုလင်းများဖြင့် ဆန့်ကျင်ဘက် ရှိနေသော အရာများကတော့ လူတွေ၏ လောဘ၊ ဒေါသ၊ မာန်မာနများ။ အမြဲ တောက်လောင်နေသော၊ အမြဲ တွန်းကန်နေသော အရာများ။ သေရင်တောင် ကိုယ်နှင့် အတူ ပါသွားမည့် အရာများ။ ကျွန်တော့်မှာလဲ ရှိသည်။ သင့်မှာလဲ ရှိသည်။ အနည်း အများ ကွာနိုင်သည်။ သင်နှင့် ကျွန်တော့်အတွက် သိပ်တော့ စိတ်ပူဖို့ မလိုဘူး ထင်ပါသည်။ ရှိသင့် ရှိထိုက်သည့် ပမာဏထက် အများကြီး ပိုမလာရင်ဘဲ ကောင်းပြီဘဲ ဆိုကြပါစို့ရဲ့။ 
 
လူတစ်ချို့ကတော့ ဒီလို မဟုတ်။ လောဘ၊ ဒေါသေ၊ မာန်မာနတွေ အပြင် မနာလို ၀န်တိုမှု၊ မစ္ဆရိယစိတ်များဖြင့် ထိုင်ရာက လုံးဝ မထ။ ထူလဲ မထ။ ခြောက်လဲ မထ။ မောင်းလဲ မထ။ အစွမ်းကုန် တောက်လောင်နေသော အတွင်းလှိုက် တောက်လောင်နေသော ရှားမီးနှင့် တူသည်။ လွယ်လွယ်နှင့် ငြိမ်းသွားမည့် မီးတွေ မဟုတ်။ လွယ်လွယ်နှင့် ပြာကျမည့် မီးစာမျိုး မဟုတ်။ ထိုမီးတောက်များကို ရေဖြန်း ငြိမ်းသတ်မည့် လူများကို မီးဖိုကြီးနား ကပ်လို့ မရအောင် ဖန်တီးယူထားသည်။ 
 
ထို ရှားမီးတောက်တွေကို ငြိမ်းသတ်ဖို့ အတွက် ကောက်ရိုးမီး စိတ်ဓာတ်တွေနှင့်တော့ မရ။ ဆော်ဒါပုလင်း စိတ်ထားတွေနှင့် တစ်ချက်လောက်ဘဲ ခပ်ပြင်းပြင်း “ဖောက်” ခနဲ့ မြည်လို့ မရ။ သင့်မှာရော ဘယ်လို စိတ်ထားမျိုး ရှိပါသလဲ။ ကောက်ရိုးမီးလား။ ဆော်ဒါ ပုလင်းလား။ ကျွန်တော်ကတော့ တစ်ခါ တစ်ရုံ ကောက်ရိုးမီး ကို ဆော်ဒါအအေး သောက်ရင်း မီးလှုံနေတတ်သည်။ သို့သော်လည်း ကောက်ရိုးမီးမကောင်းကြောင်း၊ ဆော်ဒါပုလင်း မကောင်းကြောင်း လောက်တော့ ကျွန်တော် သိနေသေးသည်။ သင်ရော သိမယ်လို့ ကျွန်တော် ယုံကြည်သည်။

 

 
ဖိုးထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – ကောက်ရိုးမီး၊ ဆော်ဒါပုလင်း
  1. ဟုတ်ပါတယ်
    အရက်သမားသုံးစကားလုံးတွေဖြစ်နေတာ နားလည်ခွင့်လွတ်ပါတယ်။ အရက်မသောက်တဲ့မြန်မာများ ဆော်ဒါ နားလည်ပါ့မလား

Comments are closed.