ဝင်းအောင်ကြီး ခေတ်ပြိုင်အတွေ့အကြုံ

ဝင်းအောင်ကြီး – ဘောလုံးပွဲ၊ မြန်မာ့အသံနဲ့ ကျနော်

www.taipeitimes.com

ဝင်းအောင်ကြီး – ဘောလုံးပွဲ၊  မြန်မာ့အသံနဲ့ ကျနော်

(ကျနော်တွေးမိသလို ရေးပါမည်)
(မိုးမခ၊ သူ့ဖေ့စ်ဘွတ်) ဇွန် ၁၂၊ ၂၀၁၅

၁၉၅၉ ခု၊ မြန်မာ့အသံမှာ စက်မှုလက်ထောက်အဖြစ် ကျနော် အလုပ်ရတော့ ပြင်ပကတိုက်ရိုက် အသံလွှင့်ရတဲ့ ( Outdoor Broadcast) တွေထဲ ဘောလုံးပွဲကို အကြိုက်ဆုံး။ ဘောလုံးပွဲက တိုက်ရိုက်အသံလွှင့်သမား လူသစ်များရှာတဲ့အခါ အလားအလာရှိသူများအား ဘောလုံးပွဲခေါ်သွား ပြောခိုင်းပုံ ကျနော်တို့အသံသွင်းပေးရတယ်။ တကြိမ်မတော့ ခွင့်တောင်းပြီး ကျနော်လည်းဝင်ပြောကြည့်ရာ၊ တက္ကသိုလ်နဲ့မီးရထားပွဲ၊ တက္ကသိုလ်ဘောသမား အကုန်လုံးကိုသိနေလို့ အဆင်ပြေသွားတာနဲ့ သင်တန်းတက် လေ့ကျင့် စစ်ဆေးရေးအောင်ကြတဲ့ ဦးဝင်းမြင့်၊ ဦးမောင်မောင်ယဉ်၊ဦးမောင်မောင်သီတို့နဲ့အတူပါခဲ့တာပါ။

 သောတရှင်တွေ မျက်စိထဲမြင်လာအောင် ဘောလုံးပွဲကြည့် လက်တန်းပြောရတာမို့ ထစ်ငေါ့လို့မရ၊ အာဝဇ္ဇန်းရွှင်ရ၊ ဘက်မလိုက်ရ၊ ဘောလုံးသမားကို မလှောင်ရ၊ ဘောလုံးနဲ့မပတ်သက်တာ လုံးဝမပြောရ စသဖြင့် ကျင့်ဝတ်တွေ စောင့်ထိန်းကြရင်း စတင်ခဲ့ရတယ်။ ဒိုင်လူကြီးက ပြစ်ဒဏ်ပေးတာ ဘာ့ကြောင့်ဆိုတာရှင်းပြနိုင်ဖို့ ဘောလုံးဥပဒေနားလည်ရတယ်။ စာရွက်ပေါ် ဘောလုံးကွင်းပုံ၊ ဘောသမားများ နံပါတ်နဲ့နာမည် ကစားတဲ့ နေရာ၊ ဘောလုံး သွားလေရာနောက် မျက်စိကလိုက် ပါးစပ်ကတန်းပြောရတာပါ။ ကန်သွင်းတဲ့ဘောလုံး မ၀င်ဘဲထွက်သွားရင် ဘယ်လိုဘေးထွက်သွားသလဲ ပြောပြရုံဘဲ၊ ပြစ်တင်ခြင်း ချီးကျူးခြင်းက သာတရှင်များအလုပ်။ ဘောလုံးကွင်းမှာ စည်းရှိသလို ကျနော်တို့လည်း စည်းနဲ့ကမ်းနဲ့ လွှင့်နေခဲ့ရာကနေ၊ လက်စွဲရေဒီယိုလေးတွေ ပေါ်လာ၊ ကွင်းထဲကိုယူလာကြတော့ ပေါ့လို့မရတော့၊ မှားရင်မိသွားပြီ။ ဘောလုံးနောက်ကို မျက်စိ ၂ လုံးအပြင် ၀ိုင်းကြည့်ပေးရတယ်။

 နိုင်ငံခြားပွဲဆိုရင်လည်း ဥပမာ၊ ကိုရီးယားလို့ပြောသလိုဘဲ၊ မြန်မာရှေ့က ကျနော်တို့ မထည့်ရဘူး။ ပရိသတ်ကလည်း ဘောလုံးချစ်တတာမို့ သူတို့ကောင်းလည်း လက်ခုပ်တီးတယ်၊ မြန်မာကဂိုးသွင်းရင်တော့ အသံပိုကျယ်တာပေါ့။ ကျနော်တို့သာ သိပ်အူမမြူးဖို့ သတိထားရတယ်။ အဲဒီလိုတိုက်ရိုက်အသံလွှင့်ပေးတာဟာ ဘောလုံးတိုးတက်ဖို့ အများကြီးအထောက်အကူပြုပါတယ်။

 မြန်မာ့ဘောလုံဟာ ဘောလုံးချစ်သူများလက် လုံးဝရှိနေတဲ့ရွှေခေတ်ပါ။ သမိုင်းဝင်မှတ်တိုင်တခုကတော့ ၂ နှစ်ဆက်တိုက် ဗိုလ်စွဲထားတဲ့ ပဲခူးတိုင်း ဖိုင်နယ်တက်လာပြန်လို့ နိုင်ရင်ပြည်ထောင်စု ဒိုင်ကြီးပိုင်ရတော့မယ်၊ ပဲခူးပရိသတ် အောင်ဆန်းကွင်းလျှံရုံမက မြက်ခင်းစပ်အထိရောက် နေကြပြီ။ အသံစလွှင့်နေပြီမို့ ၂ ဘက်အသင်းနဲ့ အကြောင်းပြောတာလည်း ကုန်သလောက်၊ အသံချဲ့စက်ကနေ မေတ္တာရပ်ခံလို့ နောက်ဆုတ်ပေးလည်း မထူးခြား။ ပွဲဖျက်မလား ဘာလုပ်ကြမလဲ၊ ကျနော့ပါးစပ်က ပြောသာနေရ ခပ်ကြောက်ကြောက်။ ပဲခူးတိုင်း ပရိသတ်အသဲစွဲ နာသန်က ကွင်းပတ်လည် လိုက်တောင်းပန်တော့ ပွဲစနိုင်ခဲ့တယ်။ ဒီကနေ့ အနေအထားနဲ့ဆို ကုလားချင်းမိုးမွှန်အောင် ဆဲလိုက်ကြမှာ။ အဲဒီခေတ်က ဘောလုံးသမားတွေထဲ ဆင်မြူရယ်၊ အော်ကင်း၊ ဒီမဲလိုး၊ ပယ်ရီဒွေး၊ စောမြဇင်၊ ထူးဝါး၊ ဟန်ကိုလျံ စတဲ့နာမည်တွေလည်း ပါတာကိုကြည့်ရင် မြန်မာ့ဘောလုံးလောက ဘယ်လောက်ကျယ်ပြန့်စုံလင်တာ မြင်နိုင်ပါတယ်။ ကိုယ့်အသင်း ကိုယ့်ဘောသမားတွေကို မချစ်ဘဲဘယ်နေပါ့မလဲ။

ယနေ့ FIFA ကအကြီးဆုံး ပြစ်မှုလို့သတ်မှတ်ကာ ပြင်ပြင်းထန်ထန် အရေးယူတဲ့ လူလူချင်းခွဲခြားမှု Racist မဖြစ်ရေး သိနားလည်သူများ မထောက်ပြကြပါက ဘောလုံးချစ်သူများ ရှေ့မှောက်ပြန်ရောက်စ မြန်မာလူငယ်ဘောလုံးသမားများ ခမျာ ၀ါးလုံးခေါင်းထဲ ဖရောင်းတိုင်ထွန်းကာ ကစားကြရရှာလိမ့်မယ်လို့ တွေးမိကြောင်းပါ။

၂၀၁၅ ခု။ဇွန်လ ၁၂ ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts