ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သူကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ပါ….

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သူကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ပါ….
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၅

၂၀၁၄ ခုကတည်းက တိုးတိုးတဖွယ်..ကျယ်ကျယ်လောင်လောင် တဖုံ.. တီးတိုး တီးတိုး ပေါ်ထွက်လာလိုက် ပျောက်သွား လိုက်ဖြစ်နေတဲ့ခရီးစဉ်တခုက တိုက်ဆိုင်လို့တော့မဟုတ်  ဒီအချိန်အခါမျိုးမှာမှ တမင်ဖန်တီးပေါ်ထွက်လာပါပြီ၊

တမင်ရည်ရွယ် အကွက်ကျပေါ်လာတဲ့ခရီးစဉ်အတွက် သို့လော သို့လော မေးစရာ မေးခွန်းများများမရှိ .. အတိတ်က အဖြစ် တွေ အခြေခံတွေးမိခဲ့ရင်တော့  အဖြေကတခုတည်းသာ ရှင်းရှင်းလင်းလင်း၊ သဲသဲကွဲကွဲ၊၊

ပထဝီဒေသန္တရ အနေအထားအရဆိုဆို စစ်ရေး မဟာဗျူဟာကျတယ်လို့ ပြောပြော၊ အင်အားကြီး လူဦးရေများတဲ့နိုင်ငံကြီး နှစ်နိုင်ငံကြားအခြေအနေကို အကြောင်းပြပြ ကံကြမ္မာဖန်တီးခဲ့လို့ ဖြစ်တည်ခဲ့တဲ့ မြန်မာနိုင်ငံမှာ… နှစ်ပေါင်း ၆၀ ကျော်ထိ       ပြည်တွင်းစစ်ကြီးက မငြိမ်းသေး  မစဲနိုင်သေး…တောက်လောင်နေဆဲ။ အစဉ်အဆက် ဓါးမိုးအုပ်စိုးခဲ့တဲ့ အာဏာရှင် အပေါင်း  အပါတစုက နိုးနိုးကြားကြား  တက်တက်ကြွကြွနဲ့ နိုင်ငံအရေး.. ပြည်သူအရေး အလေးမပေး ရေရှည်မတွေးတောဘဲ  ကိုယ့် အစုအဖွဲ့အဝန်းအဝိုင်းတခုအတွက်…ဆွေစဉ်မျိုးဆက်အဆက်ဆက် ချမ်းသာကြွယ်ဝဖို့ဘဲ ဂရုစိုက်အလေးပေးခဲ့..၊ ပတ်ဝန်း ကျင် ဒေသန္တရအဖွဲ့အစည်း.. ကမ္ဘာ့မိသားစုအသိုင်းအဝန်းကနေဘေးထွက် တံခါးပိတ် ဝစီပိတ်ကျင့်ကြံပြီး အဆင်ခြင်မဲ့ ထင် ရာဆိုင်းနေ၊ စတာတွေ စတာတွေက နှစ်ရှည်လများကြာလာတော့လည်း ချောင်တချောင်မှာ ပိတ်မိရက်သား၊  ရေနစ်နေတုံး ဆွဲမိဆွဲရာ  ဆွဲမိခဲ့တဲ့ ကြိုးတချောင်းက  တကိုယ်လုံးရစ်ပတ် ချည်နှောင်တုတ်ပြီးရုံမက အသက်ဆက်ရှင်သန်စေမယ့် လည် ပင်းကိုတောင် ရစ်ပတ်ချည်နှောင်ခဲ့ပြီးပကောလား၊

အစဉ်အဆက်ဆက်  သူတပါးထောက်ပံကူညီမစမှုနဲ့ ရပ်တည်လာတာကြာတော့လဲ အယူသက်သက် ကြီးမားလာတာနဲ့အတူ   ပြန်တုံ့ပြန်ရမယ့် အပေးမာဏကလည်း ကြီးမားလွန်းနေပါလား။ အပေးအယူကတော့ အပေးအယူပါဘဲ။ နဂိုကမှ မဟန် တော့တဲ့အခြေအနေအောက်မှာ ယူထားလက်ခံထာတာတွေက အများကြီးဆိုတော့ ပြန်ပေးဆပ်ရမှာက တထွေးတ ပိုက်ကြီး  တနင့်တပိုးကြီးပါဘဲလေ…၊၊

တနိုင်ငံလုံး ကြိုက်ရာလုပ်ငန်း အကွက်အကွင်းသာမက မြေပေါ် မြေအောက် သယံဇာတတွေပါမကျန် စစ်ရေးမဟာဗျူဟာ လိုအပ်ချက်အရ ရေရှည်လုံခြုံရေးကိုပါ ဂရုမစိုက်၊ လိုချင်တာတွေကို တဖက်သတ် နိုင်ထက်စီးနစ် အသာစီးအချက် အလက်နဲ့အတူ ချုပ်ကိုင် တုပ်နှောင်ထားရုံမကသေး အားမရနိုင်သေး။ တိုင်းပြည်ရဲ့ ကံကြမ္မာ၊ ပြည်သူတွေရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် နိုင်ငံခေါင်းဆောင်ကိုတောင်မှ စိစစ်အတည်ပြု မှတ်ချက်ပေးကာမှ ဖြစ်လာရမယ့်ဘ၀မျိုးကို ဘယ်လို ကံကြမ္မဆိုးတွေနဲ့ တိုင်းတာနိုင်ပါ့မလဲ … ? ဘယ်သူမပြု မိမိမှု .. လို့ပဲ ဆိုရလေမလား …။ ကိုယ်စိုက်တဲ့အပင် ကိုယ်တိုင်ပဲ ရိတ်သိမ်းရမယ်လို့လည်း ညွှန်းဆိုရလေမလား … အဖြစ်ကတော့ ရင်နင့်စရာ …။

အရင့်အရင် အမှောင်ချထားတဲ့ခေတ်တွေတုန်းကတော့ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ..ဆိုတဲ့ခေါင်းစဉ်အောက်က နောင် အနာဂတ်အတွက် ကြိုတင်လျာထား စီစဉ်ထားတာတွေ ပွဲထုတ်မိတ်ဆက်ပေးခဲ့တဲ့ အစဉ်လာကအစ အခုနောက်ပိုင်း ပွင့်လင်းမြင်သာတဲ့ခေတ်၊ ကမ္ဘာကြီးကို ရွာအဖြစ် ပြောင်းလဲပေးနိုင်တဲ့ခေတ်မှာတော့ ခြေလှမ်းတွေက ထင်ထင်ရှားရှား ဆင်တကောင်လုံးကို လိုက်ရှာစရာမလိုတော့ …။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက သောင်းပြို ကမ်းပြို တနိုင်ငံလုံးထောက်ခံမဲတွေ သပိတ်ဝင် အိတ်ဝင်နဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းထဲ ပထမဦးဆုံး အပြေးအလွှား လာရောက်တွေ့ဆုံ ဂုဏ်ပြုစကားဆိုခဲ့သူတယောက် ကိုတော့ မှတ်မိကောင်းပါရဲ့။ သာမန်ရိုးရိုးစင်းစင်း ဧည့်ခန်းတခုထဲ ရှေးဟောင်းကုလားထိုင်ကြီးပေါ် မိန့်မိန့်လေးထိုင်ပြီး ပြုံးပြုံးလေးနဲ့ ချီးကျူးဂုဏ်ပြုစကားဆိုလေသူကတော့ တရုတ်နိုင်ငံဆိုင်ရာ သံအမိတ်ကြီးပါပဲ …။ ဒီမိုကရေစီဘိုအေကြီးနိုင်ငံ တချို့က သံတမတ်တွေ လာရောက်တွေ့ဆုံဖို့နေနေသာသာ တွေ့ဆုံစကားပြောမယ့် တန်းစီဇယားမှာ အချိန်မှီပါဖို့ အသည်း အသန်ဖုန်းဆက် ကြိုးစားနေချိန် တရုတ်သံအမတ်ကြီးက ဂုဏ်ပြုစကားချီးမြှင့်ပြီး တဆက်တည်း နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းအကျိုးတူစီးပွားရေး ဆက်လက်တိုးတက်ဖွံဖြိုးရေး အစစ ရှိတာတွေ ဆွေးနွေးပြီးပါပြီ။ အမြင်တွေ ဖလှယ်ပြီးပါပြီ၊၊

ဒီကနေ့ ပြုပြင်ပြောင်းလဲရေးကို ဟန်ပြသက်သက်အယောင်ဆောင်ပြပြီး အစဉ်အဆက်အာဏာရှင် အပေါင်းအပါတစုနဲ့ ခရိုနီတသိုက်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနေတဲ့ အရပ်သားဟန်ဆောင်တဲ့ ဦးသိန်းစိန်အစိုးရနဲ့ အလားသဏ္ဌာန်တူ ဆွေးမျိုးပေါက်ဖော်ကျေးဇူးရှင်ကြီးက တသက်လုံးထောက်ခံအားပေးခဲ့တဲ့ ရပ်တည်ပေးခဲ့တဲ့ စစ်အာဏာရှင်တစုအပေါ် ကျောခိုင်းပြီး အပြောင်းအလဲအဖြစ် ဒီမိုခေါင်းဆောင်ကြီး၊ ပြည်သူတွေရဲ့ လမင်းကြီးအပေါ် ပြောင်းလဲထောက်ခံလိုက်ခြင်းဟာ အပြောင်းအလဲတော့ အပြောင်းအလဲပါပဲ။ အဲဒီအပြောင်းအလဲအောက်မှာ သူတို့နိုင်ငံအကျိုးစီးပွား၊ သူတို့နိုင်ငံသားတွေရဲ့ ရင်းနှီးမြှုပ်နှံထားတာတွေ မထိပါး မဆုံးရှုံးရလေအောင် အခြေခံတွက်ချက်ခဲ့တာဟာလည်း သဘာဝပါပဲ။

ချွင်းချက်အနေနဲ့ မြန်မာနိုင်ငံကလွဲပြီး ဘယ်တိုင်း ဘယ်နိုင်ငံမဆို ကိုယ့်တိုင်းပြည်အကျိုးစီးပွား၊ ကိုယ့်နိုင်ငံသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မပျက်စီး မဆုံးရှုံးရလေအောင် ကာကွယ်ပေးရမှာက အခြေခံအကျဆုံး အလုပ်တာဝန်မို့ လက်ခံနားလည် ပေးနိုင်တာနဲ့ တဆက်တည်း ကိုယ့်တိုင်းပြည်ခေါင်းဆောင်တွေရဲ့ အမြှော်အမြင်ချို့တဲ့ ပရမ်းပတာ အဆင်ခြင်မဲ့လုပ်ရပ်တွေ အခြေခံပြီးသကာလ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးစုတွေရဲ့ အနာဂတ်အတွက် ဦးဆောင်လမ်းပြပေးနိုင်သူကို မှတ်ချက်ချ အတည်ပြုပေးနိုင်တာကတော့ အနည်းငယ်အောင့်သက်သက်ခံစား တွေးမိတာကတဖက်၊ ကိုယ့်ကိုယ်ပိုင်အရည်အသွေး အစွမ်းအစတွေ စုစည်း၊ ရှိသမျှလူတွေ ပြည်သူတွေ ၀ိုင်းဆန့်ကျင်တာတောင် အလေးမထား ဂရုမစိုက် ထင်ရာစိုင်းနေတဲ့ စစ်အာဏာရှင် အပေါင်းအပါတွေအပေါ် ကျောခိုင်းတာကို ၀မ်းသာတာက တဖက်၊ ညီမျှခြင်းချ အဖြေထုတ်ရရင်တော့ ကျေနပ်တယ်လို့ပဲ ဆိုရမလို …။

နှစ်ဦးနှစ်ဖက် အားလပ်ချိန် ညှိနှိုင်းနေဆဲ ဆိုတဲ့စကားလုံးနောက်ကွယ် တိုးတိုးတိတ်တိတ် အံကြိတ်ဖြေရှင်း ညှိနှိုင်းတာတွေ အစာမကြေ ရင်ပြည့်ရင်ခံနေတဲ့ ထိပ်တိုက်ဆွေးနွေးတာတွေ၊ တောင်းပန်တိုးလျှိုး အသနားခံတာတွေ အသုံးမ၀င်တော့တဲ့ ကတိစကားတွေ အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့တဲ့နောက်ပိုင်း အတိတ်မေ့သလိုလို ရွှေထုပ်ကြီး ကျပျောက်သလိုလို အရူးဇာတ် ခင်းလာတော့ ကျေးဇူးရှင်ကြီးက ဘယ်နှေးနေပါ့မလဲ။ သူတို့ပါတီအာဘော်သတင်းစာကြီးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အတိအလင်း ချီးမြှောက်ဂုဏ်ပြု သိက္ခာတင်ပေး အရောင်တင်ပေးလိုက်တော့ တီကောင်ဆားတို့လိုက်သည့်နှယ် ဖြတ်ဖြတ် လူး ဆိပ်ဆိပ်ခါသွားပါလေရောလား။ ဆောက်တည်လို့မရအောင် အိနြေ္ဒထိန်းလို့မရအောင် ဂမူးရူးထိုး အဆင်ခြင်မဲ့ ကိုးကန့် တိုင်းရင်းသားတွေရဲ့ ပြန်လှန်တွန်းလှန်စစ်ပွဲအပေါ် ကိုယ်တွယ်တာကအစ နောက်ပိုင်းအဖြစ်ဖြစ် အစုံစုံတွေတော့ စာရှုသူများ သိပြီးသားမို့ အကျယ်မချဲ့လိုတော့ …။

တိုင်းပြည်အတွက် သမိုင်းစာမျက်နှာသစ်အတွက် အရေးကြီးတဲ့ အချိုးအကွေ့အပြောင်းအလဲ ဖြစ်ကာနီးဆဲဆဲမှာ အားလပ် ချိန်ဆိုတာလည်း မရှိတော့ ညှိနှိုင်းနေဆဲဆိုတာလည်း မသိတော့၊ လာမယ့် ခရီးစဉ်အတွင်း လက်ခံတွေ့ဆုံမယ့်လူအမည်စာ ရင်းကိုတော့ ထုတ်ပြန်အသိပေးပြီးပါပြီ။ အသေအချာ စောင့်ကြည့်သတိပြုရမှာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြိုဆို ဧည့်ခံတဲ့အနေအထားမြင်ကွင်းနဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ အချိန်ကာလကြာမြင့်ချိန်တွေကိုပါပဲ။ အဲဒီနှစ်ချက်ဟာ ဒီခရီးစဉ်တခု လုံးအတွက်သာမက ပြည်သူတရပ်လုံးအတွက်ပါ အဆုံးအဖြတ်အဖြေပါပဲလို့ဆိုရင် လွန်မယ်မထင်။

ပြည်သူအတွက် အသုံးချံပါ့မယ်လို့ ကြွေးကြော်ပြီး ပြုပြင်ပြောင်းလဲရေးကို အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ ကြိုး စားဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အသုံးချဖို့ သက်သက်၊ ကြားဝင်ဖြေရှင်း ခေါင်းခံခိုင်းရုံသက်သက် သဘောမျိုးနဲ့ ခေါ်ယူတွေ့ဆုံခြင်းတော့မဟုတ်၊ ၂၀၁၅ အလွန် နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်တော်တွေ အပေါ် ရှေ့ဆက်အဆင်ပြေပြေ သူမသာ ကိုယ်မနာဆက်ပြီး တည်တံ့အလုပ်ဖြစ်အောင် ခေါ်ယူညှိနှိုင်းဆွေးနွေးပွဲဆိုရင် မလွဲဧကန်။

အတိုချုပ် ဇာတ်ပေါင်းလိုက်တော့ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြခံဥပဒေကြီးက မည်သို့ပင်ရှိစေကာမူ ဒို့တာဝန်အရေးသုံးပါနဲ့ တပ်မတော်ရဲ့ အခြေခံမူ ၆ ချက်က မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတော့ သူ (တရုတ်နိုင်ငံ) ကိုယ်တိုင်ရဲ့ အဆုံးအဖြပါ။ ဟုတ်ပါတယ် သူကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ပါပဲ …။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts