တူမောင်ညို သူတို့အာဘော်

တူမောင်ညို – “ ပုဒ်မ ၆၄” သို့မဟုတ် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတဲ့ ပုဒ်မ


Photo – Irrawaddy

 

တူမောင်ညို  – “ ပုဒ်မ ၆၄” သို့မဟုတ် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတဲ့ ပုဒ်မ 

(မိုးမခ) ဇွန် ၇၊ ၂၀၁၅

 

အကယ်၍ အခုလက်ရှိအနေအထားမှာ (NLD)ပါတီမှ  တစ်ဦးဦးကသာ နိုင်ငံတော်သမ္မတဖြစ်နေရင် ဒီလိုလေထုမျိုး၊ ဒီလို အာဘော်မျိုး “ရန်ကင်း” ရေးလိမ့်မယ် မထင်ပါဘူး။ ကျိတ်ပြီးတောင်သဘောကျနေမယ်လို့ ထင်ပါတယ်။ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်၊ ကိုယ့်ဘာသာချည်ပြီး တုတ်ပြီးဖြစ်နေပြီမို့ မျက်နှာပြောင်တိုက်ပြီးရေးတာပါ။ “ရန်ကင်း”ပဲဖြစ်ဖြစ်၊ “ကင်းမြှီးကောက်”ပဲဖြစ်ဖြစ် ဒီဆောင်းပါး ရဲ့အာဘော်ဟာ ကြံ့ဖွံ့အစိုးရရဲ့တိုက်ရိုက်သဘောထားဖြစ်တယ်။

 

၂၀၀၈ အခြေခံဥပဒေ ၊ ပုဒ်မ ၆၄  က ဘာလဲဆိုတော့၊ “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေး ပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရ”ဟူ၍ပြဋ္ဌာန်းထားပါတယ်။ 

 

နောက်ပြဋ္ဌာန်းချက်တစ်ခုက သမ္မတ၊ ဒုတိယသမ္မတများရဲ့ ရာထူးသက်တမ်းက “ငါးနှစ် ” ဖြစ်ပါတယ်။  [ပုဒ်မ ၆၁ (က) ကို ကြည့်ပါ]

 

ဒီပြဋ္ဌာန်းထားချက်တွေအရပြောရရင် ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းတို့ဟာ သမ္မတသက်တမ်း ငါးနှစ်  ကာလအတွင်း “ပါတီလုပ်ငန်းများ” လုပ်ဆောင်လို့မရပါဘူး။ သူတို့စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေထဲက ပုဒ်မတစ်ခုက သူတို့လူ တွေ  (ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းတို့အတွက်) ကို ချည်ပြီးတုတ်ပြီးဖြစ်နေပါတယ်။ ဒီတော့ သမ္မတသက်တမ်း အတွင်း ပါတီလုပ်ငန်းလုပ်မရပါဘူး။ “၂၀၁၅ ရွေးကောက်ပွဲ” အတွက် မဲဆွယ်စည်းရုံးတာတွေလည်း လုပ်လို့မရပါဘူး။ 

 

လုပ်မယ်ဆိုရင် အခြေခံဥပဒေ၊ ပုဒ်မ ၆၄ ကို ချိုးဖောက်တာပါ။ အကယ်၍ ပါတီလုပ်ငန်းတွေ/ မဲဆွယ်စည်းရုံးတာတွေမှာ ပါဝင် လုပ်ဆောင်တယ်ဆိုရင်တော့  အခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ဗြောင်ချိုးဖောက်ပြီး၊ အုပ်ချုပ်ရေးအာဏာကိုပါ အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ပါတီလုပ်ငန်းတွေ၊ မဲဆွယ်စည်းရုံးတာတွေကို ဒီလူတွေ လုံးဝ မလုပ်ကြတော့ဘူးလား။ ဗြောင်ပေါ်တင် လုပ်လို့ မဖြစ်ပါဘူး၊  ဒီတော့ လက်တစ်လုံးခြားလုပ်နေပါတယ်လို့ဖြေရင် အဲဒီအဖြေဟာ အမှန်နဲ့နီးစပ်တဲ့အဖြေပဲဖြစ်ပါလိမ့်မယ်။ 

 

ဒီလိုဘေးကြပ်နံကြပ်ဖြစ်နေတာကနေ ထွက်နိုင်ရေး အာဘော်ဖန်တီးဖို့  “ရန်ကင်း” နာမည်သုံးပြီး အစိုးရပိုင် “ကြေးမုံ/မြန်မာ့ အလင်းသတင်းစာတွေထဲကနေ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်” ဆိုတဲ့  ပြူးတူးပြဲတဲခေါင်းစဉ်နဲ့ ဆောင်းပါးကို မေလ ၂၃ ရက်မှာ တပြိုင်ထဲဖော်ပြခဲ့ပါတယ်။ 

 

သူတို့လိုချင်တဲ့ အဓိကအချက်က သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေထဲက “ပုဒ်မ ၆၄” ကို ဘယ်လိုချိုး ဖောက်မလဲ၊ ဘယ်လို လက်တစ်လုံးခြားလုပ်နိုင်မလဲ။ ဘယ်နည်းနဲ့ကျော်လွှားမလဲ။  ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သမ္မတနဲ့ ဒုတိယ သမ္မတတွေ မဲဆွယ်စည်းရုံးခွင့်ရရေးသာဖြစ်ပါတယ်။ 

 

တကယ်တော့ “အသားလိုလို့ အရိုးတောင်း” တဲ့ ဆောင်းပါးသာ ဖြစ်ပါတယ်။

 

“ပါတီလုပ်ငန်း” ဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုပေးပါ တဲ့။ 

 

“မဲဆွယ်စည်းရုံးခြင်း”ဆိုတာ “ပါတီလုပ်ငန်း” ထဲပါသလား တဲ့။ 

 

ဟန်မဆောင်နိုင်ရှာတဲ့ “ရန်ကင်း” ဟာ ဆောင်းပါးတနေရာမှာ လိုချင်တာကိုဗြောင်ကျကျပဲထုတ်ရေးပါတော့တယ်။ “ပါတီလုပ် ငန်း စကားရပ်တွင် မဲဆွယ်စည်းရုံးခြင်း ကိစ္စရပ် မပါဝင်နိုင်” တဲ့။ 

 

ဒီလိုရေးတာပြောတာတွေဟာ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ချိုးဖောက်ဖို့/ လက်တစ်လုံးခြားလုပ်နိုင်ဖို့/လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ အစိုးရပိုင်သတင်းစာကနေ ရေလာ မြောင်းပေးလုပ်နေတာ၊  စည်းရုံးမြှူဆွယ်တာပဲဖြစ်ပါတယ်။ ပြင်ဖို့လိုအပ်တယ် ဆိုရင် အခြေခံဥပဒေ၊ အခန်း ၁၂ မှာပြဋ္ဌာန်းထားတဲ့အတိုင်း လုပ်ကြရမှာဖြစ်ပါတယ်။ ပုဒ်မ ၆၄ ဟာ ပုဒ်မ ၄၃၆ (ခ) မှာ အကြုံးဝင်တဲ့ ပုဒ်မ တစ်ခု ဖြစ်ပါတယ်။ 

 

ဖဲသုံးချပ်ဒိုင်နဲ့ အလံရှူးတွေ အတိုင်အဖောက် ညီပါပေတယ်လို့ ပြောရမှာပါပဲ။ “ရန်ကင်း” ရဲ့ နှပ်ကြောင်းကို လေပင့်ပေးပြီး ထောက်ခံသူကတော့ “ဘိုးသက်ရှည်(ဥပဒေ)” ဆိုသူပဲဖြစ်ပါတယ်။

 

 သူရဲ့ “ဒီမိုကရေစီ၏ အနှစ်သာရ ညီတူညီမျှ အခွင့်အရေးရကြပါစေ ” ဆိုတဲ့ဆောင်းပါးကို မေလ ၂၆ ရက်နေ့ ကြေးမုံ/မြန်မာ့ အလင်းသတင်းစာများမှာဖော်ပြထားပါတယ်။ ဘိုးသက်ရှည် (ဥပဒေ) ဆိုသူက “ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ၊ ပုဒ် ၇ (ခ) ကို ကိုးကားပြီး အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်တဲ့ ပုဒ်မ ၆၄ ”ကို ချိုးဖောက်ကျော်လွှားဖို့ သူခိုးလမ်းပြလုပ်ထားပါတယ်။ 

 

တကယ်တော့ စစ်တပိုင်းအုပ်စိုးသူများအတွက် “ဖွဲ့စည်းပုံအခြေခံဥပဒေ”ဆိုတာ သူတို့စိတ်ကြိက်လုပ်ချင်တာ လုပ်နိုင်ခွင့်ရှိတဲ့ အရာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူတို့စီးတဲ့ (jungle boot ) တောစီးဖိနပ်ပါပဲ။ “ဥပဒေက မည်သို့ပင်ဆိုထားစေကာမူ” ဆိုတဲ့ စကား ရပ်အတိုင်းပေါ့။ ချိုးဖောက်ခဲ့တဲ့ လက်တွေ့သာဓကများကို ဖော်ပြပါ့မယ်။ (လွှတ်တော်ဥက္ကဋ္ဌကြီးခေါင်းပေါင်းချွတ်တာကို လည်း ထည့်ချင် ထည့်နိုင်ပါတယ်)။ ငါတို့စိတ်ကြိုက်ရေးခဲ့တဲ့ အခြေခံဥပဒေပဲ ငါတို့ ထင်သလိုလုပ်မယ်ဆိုတဲ့ သဘောပါပဲ။ 

  • “ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဟုတ်/မဟုတ်” ဆိုတဲ့ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပစ်ပယ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးပါ (၉) ဦးအား ထုတ်ပယ်ခဲ့မှု၊ 

  • ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၁ (က) မှာ “ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ် ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့်ဥပဒေအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်းသည်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ကာ “ယာယီသက်သေခံလက်မှတ်” (white card) ကိုင်ဆောင်သူများ၏ဆန္ဒမဲပေးပိုင်ခွင့်ကို ရုပ်သိမ်းသည့်ကိစ္စ (ထို “ဝှိုက်ကဒ်” ကို ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေ၊  အပိုဒ် ၁၃ (၁) (ဂ) အရ ဥပဒေနဲ့အညီ ထုတ် ပေးခဲ့တာဖြစ်ပါတယ်။ လက်တွေ့အားဖြင့်လည်း “ဝှိုက်ကဒ်”ကိုင်ဆောင်ထားသူများဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်)၊ အထွေထွေရွေးကောက်ပွဲ (၂၀၁၀ နိုဝင်ဘာ ၇) နှင့် ကြားဖြတ်ရွေးကောက်ပွဲ (၂၀၁၂ ၊ ဧပြီ ၇) တွင် မဲဆန္ဒပေးခဲ့ကြသူများလည်းဖြစ်ပါတယ်။ ယခုအခါ ထိုအချက်များကို ဗြောင်လစ်လျူရှု၍ ဝှိုက်ကဒ်များကို ရုပ်သိမ်း ခြင်းဖြင့် မဲဆန္ဒပေးခွင့်ကို ဖျက်သိမ်းခဲ့ပါတယ်။ 

  • သက်ဆိုင်ရာမဲပေးမည့်သူမရှိဘဲ။ ထိုသူအစား  “စက်ခလုပ်နှိပ်မဲပေးမှု” ကို တပ်မတော်သားကိုယ်စားလှယ်များအနေနဲ့ “သဘောရိုး”ဖြင့်ဆောင်ရွက်ခဲ့တာဖြစ်တယ် ဆိုတဲ့“ဖြောင့်မတ်ပါသည်ဆိုသောနာကကြီး” ရဲ့ ဗြောင်အကျဆုံး ဘက်လိုက် အကာအကွယ်ပေးမှု၊ 

အစိုးရပိုင်သတင်းစာတွေထဲကနေ “ရန်ကင်းနဲ့ဘိုးသက်ရှည် (ဥပဒေ)”တို့က အတိုင်အဖော်ညီညီ နှပ်ကြောင်းအာဘော် ဖန်တီး ပေးခဲ့ကြပြီးပါပြီ၊ လွှတ်တော်ရဲ့ တာဝန်ပဲကျန်ပါတော့တယ်။ ဒီတော့မကြာခင်လွှတ်တော်ထဲမှာ သူတို့သမ္မတတွေ “၂၀၁၅ ရွေးကောက်ပွဲ” မတိုင်မီကြိုတင် “မဲဆွယ်စည်းရုံးနိုင်ရေးအတွက်”  ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတဲ့ “ပုဒ်မ ၆၄” ကို ဘယ်လို ချိုးဖောက်ဖို့/ လက်တစ်လုံးခြား လုပ်ဖို့ ဘယ်ပါတီက၊ ဘယ်အမတ် အဆိုတင်ဖို့ မဲကျမယ် ဆိုတာကို စောင့်မျှော်ကြည့်ရှုကြပါစို့။ 

ညွန်း

  • ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) 
  • (၂၃-၅-၂၀၁၅)ကြေးမုံသတင်းစာ/ မြန်မာ့အလင်းသတင်းစာ 
  • (၂၆-၅-၂၀၁၅)ကြေးမုံသတင်းစာ/ မြန်မာ့အလင်းသတင်းစာ 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts