သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ကျွန်တော်တို့လိုသေးတယ်

 

ငြိမ်းချမ်းအေး – ကျွန်တော်တို့လိုသေးတယ်

(မိုးမခ) –  ဇွန် ၇၊ ၂၀၁၅

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ စင်္ကာပူ၊ ၀၆ ဇွန် ၂၀၁၅ နေ့ ပြိုင်ပွဲ ပွဲစဉ်တွေရဲ့ ကနူး ကယက်နဲ့ ရိုးရာလှေအားကစားနည်းတွေမှာ မြန်မာအသင်း ရွှေတွေ လက်လွှတ်လိုက်ရတာ နာတယ်။  အစိုးရ အားကစားဝန် ဆိုသူကတော့ ထုံးစံအတိုင်း ရွှေ (၅) ခု အတွက် ပြိုင်တာ ရွှေ (၁) ခု၊ ငွေ (၁) ခု၊ ကြေး (၁) ခု ဝင်တယ်ဆိုပြီး ကျေနပ်တယ် ဆိုလေရဲ့..။  နှစ်ကုန် ရွေးကောက်ပွဲမှာလည်း သူတို့ကို တတိယတန်းက တနေရာ ပေးမယ် ကျေနပ်နေနိုင်မလား မေးရမယ်။

လမ်းလျှောက်မှာလည်း ရွှေ လွတ်သွားတယ်၊ ငွေပဲ ရလိုက်တယ်။  ကစားသမားတွေကတော့ သေချာ သုံးသပ်နိုင်စွမ်း ရှိပါတယ်။  ပြိုင်ဘက်တွေ သိသိသာသာ ကောင်းလာကြောင်း ဆိုတယ်။  အားကစား အပါအဝင် ပညာ၊ စီးပွား အားလုံးရဲ့ ယှဉ်ပြိုင်မှုတွေမှာ ပြိုင်ဘက်တွေကလည်း ရပ်နေတာ မဟုတ်ဘူး။  သူတို့လည်း ကြိုးစား လေ့ကျင့် တိုးတက်သထက် တိုးတက်အောင် လုပ်နေကြတာ။  

ဆရာအော်ပီကျယ် ကာတွန်းရေး သရော်ဖူးသလို လုပ်ချင်လို့ မဖြစ်ဘူး။  သူများထက် သာရမယ်ကနေ စခဲ့ပေမဲ့ နောက်တော့ မသာရင်နေ ရင်ပေါင်တန်း လိုက်နိုင်ရမယ် ဖြစ်လာရော၊ သိပ်မကြာဘူး ရင်ပေါင်မတန်းနိုင်ရင်နေ သိပ် နောက်မကျစေနဲ့၊ နောက်တော့ နောက်ကျရင် ကျပါစေ၊ နောက်ဆုံး မဖြစ်စေနဲ့ ဖြစ်သွားရတယ်။  အဆုံးသတ် နောက်ဆုံးရောက်ချိန်မှာတော့ ‘ကိုယ့် ထမင်း ကိုယ့် စားပြီး ဘိတ်ဆုံးရောက်နေတာ၊ ဘယ်သူ့ ဂရုစိုက်ရမလဲ အချိုးမျိုး ချိုးချင်လို့ မဖြစ်ဘူး။

အစိုးရ ဆိုတာက ကိုယ့် ထမင်း ကိုယ်စားနေတာလည်း မဟုတ်ဘူး။  ပြည်သူကျွေးတဲ့ ထမင်းကို စားနေရတယ်။  ထိုက်တန်တဲ့ တာဝန်ခံ၊ တာဝန်ယူမှုမျိုး ရှိရပါမယ်။  လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ အနုသုခုမ၊ အားကစား၊ ကာယ၊ စိတ္တ ကဏ္ဍစုံဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး (အုပ်ချုပ်ပုံ စနစ်) မှာ မြစ်ဖျားခံတယ်။  နိုင်ငံရေး၊ အုပ်ချုပ်ရေး စနစ်တွေ ကောင်းဖို့ဆိုတာက အစိုးရ တာဝန်၊ အာဏာယူထားသူတွေမှာ တာဝန် အရှိဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် အောင်မြင်အောင် မလုပ်နိုင်ရင် တာဝန်ခံ၊ တာဝန်ယူ၊ အရှက် သိက္ခာရှိရှိ ထွက်ရုံမှ အပ အခြားမရှိပါ။  ထမ်းဆောင်ရတဲ့ တိုင်းပြည်ဝန် အာဏာကို ယူထားရင် တာဝန်ခံရတယ်ဆိုတာ သိပ်ရိုးရှင်းတဲ့ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံ သဘော အတွေးအခေါ်ပါ။  စစ်ဗိုလ်ချုပ်ဟောင်းများ သိမြင် တာဝန်ယူ၊ တာဝန်ခံ၊ တာဝန်ကျေ နိုင်ကြပါစေ။

၆ ရက်နေ့ပွဲတွေ အကြောင်းပြန်ဆက်ရရင် ခြင်းလုံး (Sepaktakraw) ပြိုင်ပွဲတွေထဲက ဝိုင်းခြင်း မှာ ရွှေ ရတာတော့ သိပ်အံ့သြစရာ မဟုတ်ပေမဲ့ ကစားသမားတွေ တာဝန်ကျေမှုကို ချီးကျူးဂုဏ်ပြုပါတယ်။

ဒီနေ့ ရတဲ့ နောက်ထပ် ရွှေ (၁) ခုကတော့  အမျိုးသမီးဝူရှုးပါ။  မြန်မာအမျိုးသမီးဝူရှုးက အရင်ကတည်းက အစဉ်အလာကောင်းတွေ ရှိခဲ့တယ်။  အခုတော့ အများကြီးတော့ မရနိုင်တော့ဘူး ထင်တယ်။  စင်္ကာပူ တရုတ်အမျိုးသားတွေ ဒီနေ့ ဝူရှုးပွဲတွေမှာ ရွှေ (၃)၊ ငွေ (၁)၊ ကြေး (၁) ယူသွားနိုင်တာ တွေ့ရတော့ ဟိုးအရင် ဆီးဂိမ်းပွဲတွေမှာ ရွှေတွေ အများကြီး နှစ်စဉ် ယူပေးခဲ့တဲ့ မြန်မာ တရုတ်အမျိုးသမီးကို သတိရတယ်။

အားကစားကဏ္ဍ အသီးသီးမှာ တိုင်းပြည်က လူမျိုးစုစုံ ဆီက အားသာရာတွေကို အကောင်းဆုံး စုစည်း အသုံးချ နိုင်ငံတကာမှာ ရင်ပေါင်တန်းနိုင်အောင် လုပ်နိုင်ရမယ်။  မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ၊ ဓလေ့ ထုံးစံ တွေ ရောယှက် တည်ရှိနေခြင်းဟာ ခေတ်သစ်ကမ္ဘာမှာ သိပ်ကို ကြီးမားတဲ့ အားသာချက် အင်အားကြီး တရပ်ပါ။  မတူကွဲပြားခြင်းဟာ ဒီမိုကရေစီစနစ်မှာ အား ပါ၊ ဓားသွေးရမယ့် အရေးမဟုတ်ပါ။  မတူကွဲပြားမှုတွေ၊ အယူဝါဒတွေ၊ လူမျိုးတွေကို ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ရဲ့ အရိပ်အောက်မှာ ဘုံတူညီတဲ့ ရန်မှန်းချက်၊ ပန်းတိုင်၊ အကျိုးစီးပွား အဖြစ် စုစည်းညီညာ ဖြစ်စေပြီး နိုင်ငံတကာစင်မြင့်ကို တက်လှမ်း လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ အနုပညာ၊ အားကစား ကဏ္ဍအသီးသီးမှာ အောင်ပွဲ ခံရမှာပါ။

အခုတော့ စစ်အာဏာရှင်စနစ် သားကောင်တွေဟာ လက်ယာစွန်း အမျိုးသားရေးဝါဒီတွေ အဖြစ် စစ်အရင်းရှင်ခရိုနီခေတ်မှာ အမျိုး၊ ဘာသာ၊ သာသနာကို အသုံးချ တလွဲဆံပင်ကောင်းကြရင်း ကချင်ဆိုလည်း ဆော်ဟ၊ ကိုးကန့်ဆိုလည်း နှက်ဟ စစ်သွေး စစ်သွေးမာန် ထန်လိုက်၊ တရုတ်ဆို မုန်းလိုက်၊ မွတ်ဆလင်ဆို ဆဲလိုက် လုပ်ပြီး အမျိုးသားကြီးပွားတိုးတက်ရေး လုပ်နေလေရဲ့။  မတူကွဲပြား အင်အား သဘောကို မျက်စိ စုံမှိတ် လျစ်လျူရှုရင်း အမုန်းတရားတွေကိုသာ တိုးပွားအောင် လုပ်နေကြတယ်။ 

တကယ် လိမ္မာပါးနပ် တိုင်းပြည်နဲ့ လူမျိုးကို အမှန် ချစ်မြတ်နိုး တိုးတက်စေချင်ရင် မတူကွဲပြားမှုတွေကို စုစည်းချစ်ကြည်နိုင်ဖို့ရာမှာ အားကစားကို ကောင်းကောင်း အသုံးချနိုင်တယ်။  လူမျိုးစုံ သွေးစည်းရေးအတွက် စစ်ပွဲတွေ၊ အမုန်းတွေ၊ သေနတ်တွေ၊ ကျည်ဆံတွေ ကို ကျောခိုင်းပြီး ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ထွန်းစေတဲ့ ငြိမ်းချမ်းတဲ့ အားကစားပွဲတွေ၊ အားကစားကို အခြေပြုတဲ့ ညီညွတ်တဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ တိုင်းပြည် အနာဂတ် ရည်မှန်းချက် တွေ ထားရှိ တည်ဆောက်နိုင်တယ်။   တိုင်းရင်းသား ပြဿနာ အားလုံး အလုံးစုံ ဖြေရှင်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အတူ ပြည်ထောင်စု စစ်စစ် တည်ထောင်ကာ လူမျိုး၊ ဘာသာ မခွဲ လူမျိုးစု အားလုံး သာတူ၊ ညီမျှစိတ်နဲ့ ဥမကွဲ သိုက်မပျက် နေထိုင်နိုင်ဖို့ ကြိုးစားနိုင်ရင် တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ တည်ငြိမ်လာပြီး အဘက်ဘက်က တိုးတက်ဖွံ့ဖြိုးလာကာ နိုင်ငံ့ အားကစား ကဏ္ဍလည်း နိုင်ငံတကာ အဆင့်အတန်းမီလာမှာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ အစိုးရ အဆင့် တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်ဟောင်း ဝန်ကြီး အစ၊ ထိပ်တန်းအရာရှိကြီးများက အစ လူမျိုးရေး ခွဲခြားတဲ့ အမြင်တွေ၊ အော်ဂလီဆန်ချင်စရာ စကားတွေ ပြောနေဆိုနေတော့ Unity in Diversity မတူကွဲပြားစုစည်းမှု အင်အား လုပ်ဖို့ရာ ကျနော်တို့ ခရီးရှည် ချီတက် ရပါဦးမယ်။  ကျနော်တို့ ဒီအဆင့်ရောက်ဖို့ လိုပါသေးတယ်။  ပြောရရင်တော့ မောစရာချည်းပါပဲ။

အခု ရေးသားဆွေးနွေးမှုကို စင်္ကာပူရုပ်သံက အားကစားသတင်းအစီအစဉ် တင်ဆက်သူ အမျိုးသမီးငယ်ရဲ့ စကားတွေကို ပြန်လည် ဖောက်သည်ချရင်း အဆုံးသတ်ပါမယ်။  စင်္ကာပူရီယန်း တရုတ် သတင်းကြေညာသူ ချစ်စရာ အမျိုးသမီးငယ်က ထိပ်ဆုံးမှာ ရွှေတံဆိပ်ဆု ၁၇ ဆုနဲ့ ဦးဆောင်နေတဲ့ စင်္ကာပူပြိုင်ပွဲဝင် အသင်းတွေရဲ့ အောင်ပွဲတွေ အပါအဝင် တနေ့တာ ဆုတံဆိပ်ရမှုတွေကို တင်ဆက်ရင်း အဆုံးမှာ ဆိုသွားပါတယ်။  “…မင်းတို့အားလုံး ပျော်နေမယ်လို့ ထင်ပါတယ်၊ ငါတော့ တကယ် ပျော်တယ်၊ ဒါပေမဲ့ အနိုင်ရသူတွေ အတွက် အောင်ပွဲချည်း ခံမနေပါနဲ့၊ ရှုံးခဲ့သူတွေကိုလည်း အားပေးကြပါ..” တဲ့။ 

တကယ်တော့ ရှုံးခဲ့သူလို့တောင် သူ သုံးနှုန်းမသွားရှာပါဘူး။  ‘ကြိုးစားခဲ့သူတွေ..’ လို့ပဲ သုံးခဲ့ပါတယ်။  ‘Cheer for those who tried..’ ပါတဲ့..။

ကျနော်တို့  ဒီနေရာမှာလည်း ဒီလို အဆင့်ရောက်ဖို့ လိုနေသေးတာပါပဲ။  ကျနော်တို့ ဒီလို လိမ္မာပါးနပ် ပါးပါးလေးနဲ့ထည့် တိုင်းပြည်နဲ့ လူမျိုးပုံရိပ် မြှင့်နိုင်ဖို့ အပြုအမူ၊ အပြောအဆို၊ တင်ဆက်ပုံလေးတွေလည်း လိုနေသေးပါကြောင်း…။

ငြိမ်းချမ်းအေး

ဇွန် ၆၊ ၂၀၁၅

(ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchan81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts