Poems

Saung Yun La – ဖွဲမီး

“ဖွဲမီး”
ဆောင်းယွန်းလ၊ အောက်တိုဘာ ၂၅၊ ၂၀၁၃
အမှတ်တရမဖြစ်တဲ့ အမှတ်တရတွေနဲ့
အမှတ်တရထက်ပိုတဲ့ အမှတ်တရတွေထဲမှာ အမှုမဲ့အမှတ်မဲ့
ဘက်ပဲ့နေတဲ့ လူ့ဘ၀ဖြစ်တည်မှုက မှတ်မှတ်ရရ ၄၅မှတ်တိုင်အောက်မှာ
ဂိတ်ဝင်ထိုးပြီး ပြန်ထွက်မလာတဲ့ ကားကို မုဆိုးမ လင်မျှော်သလို စောင့်နေမိတယ်
နေသာထိုင်သာရှိအောင် နေသာတဲ့အရပ် ပြောင်းထိုင်တော့ ရေထိုးထားတဲ့မိုးတွေရွာတယ်
လူလုံးမကွဲတဲ့ ဆီးနှင်းခဲတွေအောက်မှာ ကံကြမ္မာကို လက်ဝေခံယူရင်း
ဘေးလွတ်ရာနယ်မြေရောက်ရှိရေးအတွက် ဗလာမဲတွေဆွဲဆွဲနှိုက်ရင်း
ဘလာဘလာ ချွဲပြစ်ပြစ်မိုးခါးရေတွေလျှံတက်နေတဲ့ ပင်လယ်ထဲ လေးဘက်ကူးရင်း
ညီအကိုမသိတသိ မနက်ခင်းတွေက တဖြေးဖြေး ကျဉ်းကျဉ်းလာတယ်
အကြံတွေ အသံထက်မြန်တဲ့ အိုင်တီလွန်ခေတ်ကြီးထဲမှာ
အကျန်တွေကို အရည်ခမ်းနေတဲ့ ကြံဖတ်ပေါ်မှာစုပ်ဝါးရင်း
စုံးစုံးမြုပ်နေတဲ့ အပ်တချောင်းကို ဘဲဥအစရှာသလို ကောက်ရိုးပုံထဲမှာရှာရင်း
တရေးတမော နေ့လည်ခင်းတွေက တဖြေးဖြေး ကျဉ်းကျဉ်းလာတယ်
ညတွေ တညပြီးတည လွမ်းလောက်စရာကောင်းအောင် လုံးပါးပါးသွားခဲ့တယ်
မိုးအလွန်မှာ လွန်ဆွဲရင်း နွေအတုမှာ လေထုပြာလွင်လွင်လဲ့လဲ့ကို စောင့်မျှော်ရင်း
ကမ်းပါးစောင်းမှာ တဲတဲလေးတင်ကျန်နေတဲ့ အသက်ဓာတ်ကို ရေတခွက်နဲ့မျှောချဆယ်ယူရင်း
ကြက်အိပ်ကြက်နိုး ညခင်းတွေက တဖြေးဖြေး ကျဉ်းကျဉ်းလာတယ်
ကြွေတွေတလှည့်လှည့်လိုက် ကြက်တွေတခုန်ခုန်လိုက်နဲ့
ကိုယ့်အလှည့်နဲ့ ကိုယ့်အခုန်ရယ်လို့ကို ရယ်စရာမရှိဘူး
သောကကို မစ္စတာဘင်းန်ဇာတ်ကားထဲပစ်ထည့်ထားဖို့ မီးကပျက်နေပြန်တယ်
အကြိတ်အခဲကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ရဲ့ စိတ်ထဲထည့်ဖတ်ဖို့ ၁၂ မီးကမငြိမ်းသေးပြန်ဘူး
ဘာပဲဖြစ်ဖြစ် မှတ်မှတ်ထင်ထင်၂၅နှစ်ဟာ ပြာမဖြစ်သေးတာတော့ သေချာတယ် ။             ။
 ဆောင်းယွန်းလ (အောက်တိုဘာ ၂၃ရက်၊ ၂၀၁၃ခုနှစ်)
  
(သရုပ်ဖော် – အောင်လတ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts