International News

ပညာရေးအဆင့်မမီလို့ ဆန်ဖရန်စီးတီးကောလိပ် ဖျက်သိမ်းရဖွယ်ရှိ

ပညာရေးအဆင့်မမီလို့ ဆန်ဖရန်စီးတီးကောလိပ် ဖျက်သိမ်းရဖွယ်ရှိ
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၂၅၊ ၂၀၁၃
မြန်မာလူငယ်တွေ တက်ရောက်လေ့ရှိတဲ့ ဆန်ဖရန်မြို့တော်က community college (ဒေသကောလိပ်) တခုဖြစ်တဲ့ CCSF – City College of San Francisco ဟာ အမေရိကန်အနောက်ခြမ်း ကောလိပ်ကျောင်းများ ပညာရေးအဆင့်အတန်း စိစစ်ရေး ကော်မရှင် (Accrediting Commission for Community and Junior Colleges – Western Association of Schools and Colleges) ရဲ့ ပညာရေးစံနှုန်းနဲ့ မကိုက်ညီ နိမ့်ကျနေကြောင်း အစီရင်ခံစာကြောင့် လာမယ့် ဇူလိုင်မှာ ပိတ်ရမယ့် အလားအလာ ရှိနေပါတယ်။ ဒီကော်မရှင်က လွန်ခဲ့တဲ့ ၁နှစ်ကတည်းက ဆန်ဖရန်စီတီးကောလိပ်ကို အဆင့်မမီတဲ့အကြောင်း၊ အချိန်မီ ပြုပြင် ပြင်ဆင်ရန်လိုကြောင်း အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်အချိန်အတွင်း ကောလိပ်အာဏာပိုင်တွေဘက်က တိုးတက်မှု မပြနိုင်သေးတာကြောင့် ကျောင်းကို ဖျက်သိမ်းဖို့ တိုက်တွန်းခြင်း ခံရတာ ဖြစ်ပါတယ်။
အကယ်၍ ကောလိပ်သာ ပိတ်ရမယ် ဖျက်သိမ်းရမယ့်ဆိုရင် လက်ရှိ ကျောင်းသားပေါင်း ၈ သောင်းနဲ့ ဆရာနဲ့ ၀န်ထမ်း ၂ ထောင်ကျော်ရဲ့ ကံကြမ္မာကို ဘယ်လိုမျိုး စီစဉ် ပေးမလဲဆိုတာကို ကောလိပ်အာဏာပိုင်တွေက အဆိုပါ ကော်မရှင်နဲ့ ပညာရေးဌာနတွေကို အခုကတည်းက အကြောင်းကြား တင်ပြရမှာ ဖြစ်ပါတယ်။  လက်ရှိမှာတော့ ဆန်ဖရန်ဘေးဧရိယာမှာ ရှိတဲ့ ကောလိပ်နဲ့ တက္ကသိုလ် ၂၁ ကျောင်းကို အကူအညီတောင်းထားတယ်၊ အဲသည်ကျောင်းတွေက စီးတီးကောလိပ်က ကျောင်းသားတွေကို လက်ခံပေးမယ်၊ စဉ်းစားပေးမယ်လို့ ဆိုပါတယ်။ ယခင်နှစ်ကတည်းက သတိပေးခံထားရတဲ့အတွက် စီးတီးကောလိပ်ရဲ့ နာယကတွေ အကြံပေးလူကြီးတွေကို ဘုတ်အဖွဲ့ကနေ ဖယ်ရှားပြီး ပြည်နယ်အစိုးရက ပညာရှင်တဦးကို ခန့်ထား ကြည့်ကြပ်ခိုင်းခဲ့ပါတယ်။ ခုချိန်ထိ ကျောင်းဆက်ဖွင့်နိုင်ရေးကို စီးတီးကောလိပ်နဲ့ နယ်မြေခံ နိုင်ငံရေးသမားတွေ၊ ပညာရေးသမဂ္ဂအဖွဲ့တွေက အစွမ်းကုန် ကြိုးစားနေဆဲဖြစ်ပါတယ်။
ဆန်ဖရန်စီးတီးကောလိပ်မှာ တမြို့လုံးအနှံ့ ကျောင်းများ၊ ပရ၀ုဏ်များ တည်ရှိပါတယ်။ တက္ကသိုလ်ဝင်တန်းအဆင့် ASSOCIATE DEGREE ဘွဲ့ကြိုလက်မှတ်ပေးတဲ့ ဘာသာရပ်များစွာ သင်ကြားပေးပါတယ်။ အဲသည် ကောလိပ်ကနေပြီး ကျောင်းသားတွေဟာ သက်ဆိုင်ရာ တက္ကသိုလ်တွေကို ၀င်ခွင့်ရအောင် ကြိုးစားပြီး Bachelor Degree ဘွဲ့ ဆက်တက်ကြရတာ ဖြစ်ပါတယ်။ ဗဟိုပညာရေးဌာန၊ ပြည်နယ်ပညာရေးဌာနနဲ့ ပြင်ပအလှူရှင် အဖွဲ့အစည်းများ ထောက်ပံ့တဲ့ ဘတ်ဂျက်နဲ့ လည်ပတ်တဲ့ ပုဂ္ဂလိကမဟုတ်တဲ့ အများဆိုင် ကောလိပ်ဖြစ်တဲ့ အားလျော်စွာ အခုလို ပညာရေးအဆင့်မီမမီ စစ်ဆေးမှုတွေမှာ ဝေဖန်ပြစ်တင်ခံရတာနဲ့ ထောက်ပံ့မှုတွေ ကျဆင်းကုန်တာကြောင့် ကျောင်းကိုယ်တိုင်လည်း ဆက်လက်ရပ်တည်နိုင်ဖို့ ခဲယဉ်းပါတယ်။ ပညာရေးစံချိန်မမီတဲ့ ကျောင်းက ထွက်လာတဲ့ ကျောင်းသားတွေကို တက္ကသိုလ်တွေက လက်ခံဖို့ကလည်း မလွယ်ကူပါဘူး။ လက်ရှိမှာ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း သူတို့စာသင်တန်းတွေက ဆရာ၊ ဆရာမတွေ၊ သင်ကြားမှုတွေကို အားရ ကျေနပ်ခြင်း မရှိကြဘူး၊ အများအပြားက စိတ်ပျက်နေကြတယ်လို့လည်း ဝေဖန်သံထွက်နေပါတယ်။
ကျောင်းကို ဖျက်သိမ်းမယ်ဆိုရင် ကောလိပ်ကျောင်းကို မှတ်ပုံတင်ထားတဲ့ မိခင်အဖွဲ့အစည်းကနေ မြို့တော်ရဲ့ Park and Recreation Department (ပန်းခြံနဲ့ ကစားကွင်း စည်ပင်သာယာဌာန)ကို အပြင်ပေါက်ဈေးထက် ချပြီးတော့ လွှဲပြောင်းရောင်းချရမှာ ဖြစ်ပါတယ်။ အဲသည်ဌာနက စိတ်မ၀င်စားမှ အပြင်ကလူတွေကို ရောင်းချခွင့် ရှိပါတယ်။ ကျောင်းအဆောက်အအုံတွေ ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၈၉၇ သန်း ရှိပါတယ်။ လက်ရှိကောလိပ်ကို ကြည့်ကြပ်သူ ပညာရှင်ကတော့ နောက်ထပ်ကောလိပ်အသစ် ပြန်ဖွင့်ဖို့ ထိန်းသိမ်းထားနိုင်ပါသေးတယ်။
လက်ရှိမှာတေ့ ပညာရေးစံချိန် မမီဘူးလို့  ပြောဆိုခံထားရတဲ့ ကောလိပ်က ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းဝန်ထမ်း၊ ဆရာ ဆရာမတွေဟာ တိုက်ရိုက် ပူပင်သောကရောက်နေကြရတာတော့ အမှန်ပါပဲ။
(Photo – SF Gate)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts