မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၈)

အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၈)
(မိုးမခ) ဇွန် ၆၊ ၂၀၁၅

“ဆရာကြီးမင်းသုဝဏ်ရဲ့  ကဗျာတပုဒ်”

ဒီနှစ်ကတော့ စကတည်းက ဟိုဖက်နှစ်ရဲ့  လက်ကျန်ပြသနာ (၅/၉၀) ကြောင့် အဖွဲ့ ချုပ်အတွင်း စည်းလုံးမှုပြိုကွဲခဲ့တော့ န၀တရဲ့ ဖိနှိပ်မှု ၊ခြိမ်းခြောက်မှု၊ အမျိုးမျိုးကို ဆက်တိုက်ခံလာခဲ့ရတာပဲ..။ ဗိုလ်ခင်ညွန့် ရဲ့  (၁/၉၀)ကြေညာချက်ကို လက်မှတ်ထိုးဖို့ ခြိမ်းခြောက်တုံးက အောက်တန်းကျကျ အညံ့ခံလက်မှတ်ထိုး လိုက်ရတော့နောက်လည်း ဆက်တိုက်ပဲ ..စာနဲ့ခြိမ်းခြောက်တယ်၊ သတင်းစာရှင်းလင်းပွဲတွေကနေခြိမ်းခြောက် တယ်၊ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်ကို ပ ထုတ်ဖို့ကြတော့ ခြိမ်းခြောက်တဲ့အဆင့်တောင်မရောက် သေးဘူး – ဟန်ပြရုံလောက်နဲ့ကြောက်ပြီး တွေ့ ကရာလျှောက်လုပ်တဲ့ အဆင့်ရောက်သွားပြီ။

နယ်တွေမှာလည်း ရုံးတွေဝင်ရှာတာက တမျိုး..။ မြို့ နယ်ကော်မတီပုံမှန်အစည်းအဝေးတွေကိုတောင် ကြိုတင်ခွင့်တောင်းပါလို့ ပြောတာကတမျိုး၊ တချို့ မြို့ တွေမှာ အစည်းအဝေးတွေကို အက်စ်ဘီနဲ့ အမ်အိုင်က လာတက်တာမျိုးတွေတောင် ရှိလာတယ်။ အမ်အိုင်က သူတို့ရုံးကို ခေါ်မေးတာမျိုးတွေလည်း လုပ်လာတယ်။ တကယ်ကျတော့လည်း ဘာမှမဟုတ်။ ဒါပေမဲ့လည်း တချို့ မြို့ နယ်တွေမှာ ဖမ်းတာဆီးတာတွေလည်း ရှိနေတော့ ကြောက်ချင်တဲ့သူကတော့ ကြောက်နေရတာပါပဲ။ မေလရောက်လာလို့  ၉၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နိုင်ခဲ့တာတောင် နှစ်တပတ်လည် တော့မယ်၊ ကိုယ်စားလှယ်တွေအများအပြား အဖမ်းခံနေရတယ်။ ကိုတင်မောင်ဝင်းတို့ ကိုမောင်ကိုတို့ ဆိုရင် ထောင်ထဲမှာကွယ်လွန်သွားကြရတယ်။ နယ်စပ်မှာ ပြေးရင်းလွှားရင်း သေတဲ့သူတွေသေကြရတယ်။ ဟိုဖက်နယ်စပ်မှာ စင်ပြိုင်အစိုးရ အဖွဲ့ ဝင်ဖြစ်ပြီးမှ ပြန်ဝင်လာတဲ့ သူတွေလည်း ရှိနေပြီ။ အားလုံး ကစင့်ကလျားနဲ့ အမိမဲ့သား ရေနည်းငါးလို ဖြစ်နေကြတယ်။

မိုးဦးကျ ရွာသွန်းရမဲ့မိုးကလည်း မရွာပဲ မိုးလေ၀သကိုက နိုင်ငံရေးရာသီဥတုလို ဖြစ်နေတယ်။ မိုးနောက်ကျနေပါတယ်။ ပူလည်း ပူလှပါပြီ..။ ဒါပေမဲ့ မိုးသားတွေကတော့ တက်လာလိုက်။ မိုးတွေမှောင် လာလိုက်။ တိမ်တောင်တိမ်လိပ်တွေမဲတက်လာလိုက်နဲ့။ မိုးတွေကလည်း ခြိမ်းပါတယ်။ပြီးတော့လည်း မရွာပဲ ပိုပြီးသာ ပူအိုက်လာပါတယ်။

ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့  ကမာရွတ်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဆရာကြီး မင်းသုဝဏ်က နိုင်ငံရေးနဲ့  သဘာဝမိုးလေ၀သကို ကျကျနန သရုပ်ဖော်တဲ့ ကဗျာတပုဒ်ကို ခံစားချက် အပြည့်နဲ့ ရေးလိုက်ဟန်တူပါတယ်။ ဒီကဗျာဟာ မဂ္ဂဇင်း တစောင်မှာပုံနှိပ်ပြီးမှ ငွေမှင်သုတ်ခံရတဲ့ ကဗျာပါ။ ကျနော်တို့ ငွေမှင်ကို ဓါတ်ဆီနဲ့ ဖျက်ပြီး ကြိုးစားပမ်းစား ဖတ်လို့ရတဲ့ စာသားကတော့  …

“မိုးဦး ဆုတောင်း …”

အိုက်လှပူလှ ၊နေခက်လှဟု

နေ့ည ညည်းကာ၊ တို့သူငါသည်

ရွာပါမိုးမင်း၊ တမ်းတလျှက်။

တတမ်းတတ၊ နွမ်းလျလျနှင့်

မိုးဝမျှော်ကာ၊ နေကြခါဝယ်

တက်လာတိမ်ပုတ်၊ နောက်တောင်က။

တက်လာတိမ်ပုတ်၊ မိုးဝ အုပ်သော်

မလှုပ်ယှက်သာ၊ ပိုအိုက်လာသည်

ရွာပါမိုးမင်း၊ တမ်းတမြဲ။

တမ်းတခိုက်မှာ၊ မိုးဒေ၀ါသည်

မျက်နှာပေါက်ဆိုး၊ ရှစ်ခေါက်ချိုးနှင့်

ခြိုးခြင်း ဟိန်းဟောက်၊ ခြုန်းခြိမ်းပျောက်သည်

အောက်မှာ ကျွမ်းထိုး၊ တို့အများ

မိုးကြိုးပစ်မှာ ပါလေလား။

မိုးဖြူမစဲ ၊ မိုးမဲမရွာ

ရှေးဆရာတို့ ၊ မိန့်မှာသည့်တိုင်း

တပိုင်းမှန်ကန်၊ တပိုင်းကျန်သည်

မှန်ပါစေတော့၊ ရှေးစကား

မိုးဖြူ ရွာသွန်းပါစေသား

မိုးဖြူရွာပါ့ ၊ ခု မနား

ကယ်ပါ ယူပါ၊ အို … နတ်များ။

(မင်းသုဝဏ်)

အခြေအနေကတော့ မိုးရွာချိန် မရွာတာ အမှန်ပါပဲ။ မိုးကလည်း မိုးကြိုးများ ပစ်ချလိုက်တော့မလား။ တခြိမ်းခြိမ်း မျက်နှာပေါက်ဆိုး ရှစ်ခေါက်ချိုးကြီးကိုလည်း နေ့စဉ်လိုလို တီဗီမှာ မြင်လိုက်ရ၊ သတင်းစာမျက်နှာဖုံးတွေမှာ မြင်လိုက်ရနဲ့ အများပြည်သူမှာ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဒီ့အပြင် ဆက်တိုက်လာနေတဲ့ ခြိမ်းခြောက်မှုတွေကလည်း.. “အောက်မှာ ကျွမ်းထိုး.. တို့အများ … ” ဖြစ်နေပါပြီ..။ ။

(Photo – http://minthuwun.com/ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts