ဖိုးထက် – ထောင်မလဲ သဲကော် ရန်ကုန်၊ မြန်မာ
(မိုးမခ) ဇွန် ၂၊ ၂၀၁၅
တယ်လီဖုန်း နံပါတ်အစိမ်းဖြင့် ဖုန်းအ၀င် ၀င်လာလျှင် ဖုန်းကိုင်ဖို့ ကျွန်တော် အလွန်ကြောက်ပါသည်။ အလုပ်ရဲ့ သဘော သဘာဝအရ ကိုယ့်ကို ခိုင်းမည့်သူ၊ နားပူမည့်သူ၊ လောဆော်မည့်သူများ ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ တစ်မြန်မနေ့ကတော့ ကြိုးဖုန်း နံပါတ်ကြီးဖြင့် ဖုန်းနံပါတ် အစိမ်းတစ်ခု ခေါ်လာသည်။ နယ်မြေကုဒ်အရ ချန်ဂီလေယာဉ်ကွင်း နံပါတ်။ ဘယ်အသိတွေများ ချန်ဂီလေယာဉ်ကွင်းက ခေါ်နေ ပါသလဲ။ ချန်ဂီ လေယာဉ်ကွင်းမှာ အလုပ် လုပ်ခဲ့ဖုးမှန်း သိကြသူတွေက မရှင်းမလင်းတာတွေ၊ လမ်းပျောက်တာတွေ၊ သိချင်တာတွေကို ဖုန်းဆက်ဆက်ပြီး မေးတတ်ကြသည် မို့လား။ အခုလဲ တွန့်ဆုတ်မနေဘဲ ဖုန်းကိုင်တော့ မိုးမခ အယ်ဒီတာ ဘဲကြီး ကိုမောင်ရစ်။
ဒီနေရာတွင် ဘဲကြီးဆိုသည့် အခေါ်အဝေါ်က မခန့်လေးစား သဘောမဟုတ်။ မြန်မာလူမျိုး ဘော်ဒါမိတ်ဆွေတွေကြားမှာ ရင်းရင်းနှီးနှီး ခင်မင်သည့် အစ်ကိုအရွယ် လူကြီးတစ်ယောက်ကို ခင်မင်ရင်းစွဲဖြင့် ရင်းရင်း နှီးနှီး ခေါ်သည့် အခေါ်အဝေါ်။ “ဘဲကြီး” ကိုမောင်ရစ်က ဘဲမဟုတ်ပါ။ လူမှ လူပီသသောသူ။ ပြောင်ပြောင်ရောင်ရောင် ရှိသော လူ။ မိတ်ဆွေတွေအပေါ် ချစ်ခင်တွယ်တာတတ်သောသူ။ ဘမျိုး ဘိုးတူ ရဲဘော် ရဲဘက်တွေ အပေါ် သံယောဇဉ်ကြီး သောသူ။ အခုလဲ ကြည့်ပါအုံး။ သူ့ လေယာဉ် transit ချိန်းသည့် အချိန်လေး မှာ လေယာဉ်ကွင်းထဲက free phone ဖြင့် ဖုန်းခေါ်လာခြင်းသည်။ ဖုန်းပြောရတာ မကောင်း။ စကား ပြောကောင်းစဉ်မှာ ဖုန်းက သတ်မှတ်ချိန် ကုန်ကုန်ပြီး ပြတ် ပြတ်သွားသည်။ ပြောသည့် အကြောင်းအရာတွေက တောင်ရောက် မြောက်ရောက်။ သူ မန္တလေး ရောက်ခဲ့တာလဲ ပါသည်။ သူ့ စီးပွားရေး ကိစ္စတွေလဲပါသည်။ ကျွန်တော်ကတော့ စာတစ်အုပ်ဖြစ်ဖြစ်၊ စာတစ်ပုဒ်ဖြစ်ဖြစ် သူ့မြန်မာနိုင်ငံ ခရီးလေးကို ရေးဖို့ တိုက်တွန်းသည်။
ပြီးတော့ သူပြောသွားသည့် စကားလေးကို ကျွန်တော် သတိရသည်။ မန္တလေးသံယောဇဉ်ကြီးသည့် ကျွန်တော့်ကို ပြောသွားတာက “မန္တလေးက သိပ်အဆိုးကြီးမဟုတ်သေးပါဘူးဗျ။ အလတ်ကြီး ရှိပါသေးတယ်။ ရန်ကုန်ကသာ မရတော့တာ။ ရန်ကုန်ကတော့ နေလို့ကို မကောင်းတော့ပါဘူးဗျာ” တဲ့။ ရန်ကုန်။ နေလို့မကောင်းတာ အခုမှလား။ နေလို့ မကောင်းတော့တာ ကြာပြီ မဟုတ်ဘူးလား။ ခေတ်မှီသလောက် ခေတ်ပျက်သော မြို့။ ဆန်းသစ်သလောက် အဟောင်းတွေ လိမ်ရောင်းကြသော မြို့။ ဟိတ်ဟန်ကြီးသလောက် ထမင်းစားစရာ အသပြာ မရှိတတ်သော မြို့။ ကျွန်တော့်စကားတွေ ရိုင်းနေပါလိမ့်မည်။ ရင့်သီး နေပါလိမ့်မည်။ မစာမနာ ရှိလွန်းနေပါလိမ့်မည်။ သို့သော် ကိုရစ် ပြောသလို ရန်ကုန်က နေလို့ မကောင်းတာ ကြာပြီ မဟုတ်လား။
အခုတော့ ရန်ကုန်က ပိုဆိုးလာသည်။ မိုးရာသီမှာ ရေကြီးသည်။ နွေရာသီမှာ မီးပျက်တတ်သည်။ ဆောင်းရာသီက ဆောင်းမဖြစ်ဘဲ ရှိနေအောင် ပူလောင် နေကြရတတ်သည်။ ကောင်းနိုးရာရာ လုပ်စားကြဖို့ ရန်ကုန်ကိုလာရင်း ရန်ကုန် လမ်းပေါ်က ရေတိမ်ထဲမှာ နစ်သွားတတ်ကြသည်။ ပြီးတော့ စည်းကမ်း မဲ့သော မြို့ကြီး။ ခေါင်းကျက် ခေါင်းစား၊ အမြီးကျက် အမြီးစား မြို့ကြီး။ ကျွန်တော် ပြောတာ မယုံကြည်လျှင် ရန်ကုန်လမ်းတွေပေါ်မှာ ကားတစ်ရက်လောက် မောင်းကြည့်စေချင်သည်။ ဘတ်စ်ကား တိုးစီးကြည့်စေချင်သည်။ ဒါတွေက ရန်ကုန်သူ ရန်ကုန်သားတွေ လုပ်တာလို့ ကျွန်တော် မစွပ်စွဲပါ။ ရောမကို ရောက်လျှင် ရောမလို ကျင့်ရမည်ဆိုသည့် စကားလို တိုးတက်မြန်ဆန်လွန်းသည့် ခေတ်ကြီးကို ခြေတစ်ပေါင်ကျိုး ပြေးလိုက်ကြရင်း ဆင်လိုလို သမင်လိုလို လူတွေ များနေသော လူတွေ များနေသည့် မြို့ကြီး ဖြစ်နေသည်။
မတစ်ထောင် တစ်ကောင်ဖွား ပြည်သူ့ မျက်နှာကိုသာ ကြည့်သည့် ရန်ကုန်စည်ပင်က လူကြီး တစ်ယောက် ဟိုတစ်လောက ရန်ကုန်က အညှီထုပ် တစ်ခုကို ဖြည်ပြပေးသွားသည်။ ဒါက သူပြောလို့ ကျွန်တော်တို့ သိရခြင်းသာ။ ဆရာကြီး ကျန်းမာပါစေ။ ချမ်းသာပါစေ။ ဟောင်ဖွာ ဟောင်ဖွာ လုပ်လွန်းသည့် ခွေးတစ်ကောင်အား နှုတ်သီးကို ခပ်ဆတ်ဆတ်လေး ဖြတ်ရိုက်လိုက်လျှင် ထိုလူကို မြင်တာနဲ့ ဟောင်ဖို့ မပြောနှင့် အမြီး ကုပ်ပြီး ပြေးတတ်သလို အလွန် ဖင်ပိတ်ငြင်း၊ အလွန် မျက်နှာပြောင်သည့် အွန်လိုင်းက မင်းသားကြီးများ ငြိမ်သွားသည်။ လူကြီးကို ခွေးနှင့် နှိုင်းယှဉ်ပြီး မိုက်ရိုင်းတာ မဟုတ်။ တစ်ခါတစ်ရံကြတော့ သိသိကြီးနှင့် ရူးချင်ယောင်ဆောင်သော နှုတ်သီးကို ဖြတ်ရိုက်သော လူများလိုသည် မဟုတ်ပါလား။ ရှိပါစေတော့။ လွန်တာရှိ ၀န်ဒါမိ ပါဘဲ။
ပြီးတော့ ရန်ကုန်မှာ ကျွန်တော် သဘောမကျဆုံး အချက်တစ်ခု ရှိသေးသည်။ မရပ်ရသည့် နေရာတွေမှာ ရပ်ထားသည့် ကားတွေကို ဆွဲကားဖြင့် ဆွဲသည့်ကိစ္စ။ သူများတွေဆီမှာက ကားရပ်ရန် နေရာတွေ၊ ကွင်းပြင်တွေ အပြည့်အစုံ လုပ်ပေးထားပါရဲ့နဲ့ သက်သက်မဲ့ အပျင်းကြီး၊ လူပါးဝသည့် ကားပိုင်ရှင်တွေကို မှတ်လောက် သားလောက် ဖြစ်စေဖို့ ဆွဲကားဖြင့်ဆွဲ။ ခပ်စပ်စပ် ဒဏ်ကြေးလေး ဆောင်ခိုင်း ခြင်း ဖြစ်သည်။ ဒီမှာက ဆွဲကားဖြင့် အဆွဲခံရတိုင်း ကားပိုင်ရှင်တွေကချည်း စည်းကမ်း ပျက်သလော။ သေချာသလော။ သက်ဆိုင်ရာက အစီအစဉ်ကျစွာ ပြည့်ပြည့်စုံစုံ မဖန်တီးပေးနိုင်ပါဘဲနဲ့ မထင် မထင်သလို ဆွဲကားဖြင့် ဆွဲသွားတာ အဆိုပါ တရားဥပဒေ စည်းကမ်းသည် အလုံးစုံမှန်လို့လား။ ပြီးတော့ ထိုဆွဲကားဖြင့် ဆွဲပိုင်ခွင့် ပေးထားသည့် ကုမ္ပဏီက ဘယ်သူပိုင်ရှင်လဲ။ ပွင့်ပွင့်လင်းလင်းဖြင့် ပြည်သူလူထုကို ချပြရဲသလော။ စည်းပျက် ကမ်းပျက် လမ်းဘေးမှာ ယာဉ်ကြောကြီး ပိတ်အောင် တစ်ကိုယ်ကောင်းစိတ်ဖြင့် ရပ်ချင်တိုင်း ရပ်သွားသော စည်းကမ်းပျက် လူများကို ကျွန်တော်က ရှေ့နေ လိုက်ပေးလိုခြင်း မဟုတ်။ ထိုလူများကိုတော့ လူကြီးသား မကလို့ သိကြားမင်းရဲ့သား ဖြစ်ပါစေ မှတ်လောက်သားလောက် ဒဏ်ရိုက်သင့်သည်လို့ ကျွန်တော် သဘောတူသည်။ အခုတော့ လူကြီးကား ဆိုရင် တစ်မျိုး။ သာမန် ပြည်သူလူထု ကားပိုင်ရှင်ဆို တစ်မျိုး။
ရန်ကုန်မှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိသေးသည်။ လျှပ်စစ် ဖြန့်ဝေရေး ကိစ္စဆိုတာ ဒီအစိုးရ မဆိုထားနှင့် နောက်လာမည့် အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရဖြစ်လာလျှင်သော်မျှ သူ့အသက်မှာ ပြင်ဖို့ မဖြစ်နိုင်သော အရာ။ ဓာတ်အား ဖြန့်ဝေရေး ကြိုးကြီးတွေက သစ်ပင်တွေ ကြားထဲမှာ။ အစိုးရ အဆက်ဆက် ငွေတွေ အများကြီး၊ နည်းပညာတွေ တစ်ထောကြီးနဲ့ ရာစုနှစ်ဝက်လောက် တောက်လျှောက် ပြင်သွားနိုင်မှ ဖြစ်မည်။ ရေနှုတ်မြောင်း စနစ်။ အမှိုက်သိမ်း စနစ်။ သယ်ယူ ပို့ဆောင်ရေး စနစ်။ ရှိပါစေတော့။ အများကြီးသာ လျှောက်ပြောနေရလျှင် အားနာဖို့ တောင် ကောင်းသည်။ ရန်ကုန်က မိဘဆိုဆုံးမမှုနဲ့ ကင်းဝေးရာ၊ ကိုယ့်စိတ်ထင်ရာ နေချင်တိုင်းနေ၊ ဖြစ်ချင်တိုင်း ဖြစ်နေသော အမျိုးသမီး တစ်ယောက်နှင့် တူသည်။ ဘ၀င်မြင့်နေသော အမျိုးသမီး။ ထင်တစ်လုံးဖြင့် ဘ၀ကို စိတ်ကြီးဝင် ဖြတ်သန်းနေသည့် အမျိုးသမီးနှင့် တူသည်။ (ဒီနေရာတွင် တောင်တန်း၊ ပင်လယ်၊ လ၊ နိုင်ငံတို့ကို She ဟု နာမ်စား သတ်မှတ်ကြသလို ရန်ကုန်ကို အမျိုး သမီး အဖြစ် တင်စားခြင်းသာ။ အမျိုးသမီးထုကြီးကို စော်ကားလိုခြင်း မဟုတ်။)
မိုးမခ ကိုရစ်ကတော့ “ရန်ကုန်က စည်းကမ်းနဲ့၊ ဥပဒေနဲ့တော့ မရတော့ဘူးဗျ။ အားလုံးကို ပညာတတ်အောင်၊ နားလည်လာအောင် လုပ်ပေးမှဘဲ ဖြစ်တော့မှာ။ ဒါကလဲ အစိုးရ ကိုယ်တိုင်က အရင်ရှိမှ ဖြစ်မှာပါဗျာ” တဲ့။ အစိုးရက ပြည်သူလူထုကို ပညာတတ်စေချင်သလား၊ စည်းကမ်း ရှိစေချင်သလား ကျွန်တော် မသိပါ။ လက်ရှိမှာတော့ သူတို့ မြေးလောက်ရှိသည့် လူငယ်တွေကို ထောင် အနှစ် နှစ်ဆယ်လောက် ချလို့ရသည့် ပုဒ်မတွေဖြင့် တရားစွဲထားသည်။ အငြိုးတကြီး။ သဲကြီး မဲကြီး။ ကျောင်းသားဆိုရင် ရွံကြောက်ကြီး ဖြစ်ခဲ့ကြသည့် မြန်မာပြည် အစိုးရ အဆက်ဆက် လမ်းစဉ်ကို လိုက်ကြဆဲ။ မုန်းလို့ ကောင်းနေဆဲ။
ကိုရစ်က ရန်ကုန်သား။ ရန်ကုန်မှာ ကျောင်းတက်ခဲ့သောသူ။ ရန်ကုန်သားက ရန်ကုန်ကို မနှစ်မြို့တော့လျှင် ကျွန်တော် မန္တလေးသားက ရန်ကုန်ကို အဘယ်မှာ သဘောကျနိုင်ပါတော့ အံ့နည်း။ သူက မန္တလေးက အလတ်ကြီး ရှိပါသေးတယ်တဲ့။ အလတ်ကြီးဆိုတော့ သုံးတော့ သုံးပြီးသားဆိုတဲ့ သဘော။ ပြန်လည် ဆည်ယူကူမလို့ ရသေးသည့် သဘော။ သို့သော် ကျွန်တော်က အသစ်စက်စက် လိုချင်သောသူ။ နှလုံးသားတွေ၊ ဦးဏှောက်တွေ အသစ်ဖြစ်တာ လိုချင်သောသူ။ ရင်ခုန်သံ အဟောင်း၊ အတွေး အခေါ် အဟောင်း၊ ခေါက်ရိုးကျိုး စိတ်ဓာတ်အဟောင်းများနှင့် ဆိုလျှင်တော့ ရန်ကုန်မှာလဲ မနေချင်။ အလတ်ကြီး ရှိသေးသည့် မန္တလေးမှာလဲ မနေချင်။ မန်းတောင်ရိပ်လဲ မခိုချင်တော့။
ထောင်မလဲ သဲကော် နှလုံးသား အသစ်၊ အတွေး အခေါ် အသစ်၊ ရင်ခုန်သံ အသစ်၊ ချစ်ခြင်း မေတ္တာ အသစ်တွေ ဖြင့်သာ ၂၀၁၅ ကိုလွန်ကျော်ပြီး အနာဂါတ်ကို ဆက်ကြလျှင်ဖြင့် ရန်ကုန်မှာ ကျွန်တော် ခေါင်းချဖို့ ၀န်မလေး။ မန္တလေးမှာ သေဖို့လဲ မရဲစရာ မရှိ။ ဒါမှ မဟုတ်လျှင်တော့ အရင်လိုဘဲ စိတ်ဆိုး၊ စိတ်ပုပ်၊ စိတ်ယုတ် များဖြင့် ဆက်ပြီး သွားကြလျှင် မြန်မာနိုင်ငံထဲမှာ သေမှာကိုဘဲ စိုးရိမ်လှသည်။ သံသရာမှာ ဘယ်တော့မှ ပြန်မရောက်ချင်တော့လောက်အောင် စိတ်အနာကြီး နာရမည့် ရန်ကုန်၊ မန္တလေး ပြီးတော့ မြန်မာနိုင်ငံ။
ဖိုးထက်
Actually Mandalay was very bad in terms of traffic and smog. Lots of pollution and I can’t even wear my contact lenses. At least Yangon did not have bikes