ကဗျာ

မှိုင်း (ဆေး – ၂) – ကျောထောက်နောက်ခံက ပြောပလောက်စရာမရှိဘူး

မှိုင်း (ဆေး – ၂) – ကျောထောက်နောက်ခံက ပြောပလောက်စရာမရှိဘူး
(မိုးမခ) ဇွန် ၁၊ ၂၀၁၅

ဘာမှမရှိတော့ဘူး ….
ရေ၊ မြေ၊ တော၊ တောင်
သဘာဝ
သယံဇာတ ..
ဘာမှမရှိတော့ဘူး …..

ဗြဟ္မစိုရ်တရား
အားကျအတုယူဖွယ် သတ္တိ
စံပြုဖွယ်ရာ ရေရှည် တည်တံ့တဲ့ကိုယ်ကျင့်တရား..
ဘာမှမရှိတော့ဘူး…..

ရုပ်ပိုင်း၊ စိတ်ပိုင်း သွန်သင်ရှေ့ ဆောင်ရာ
ခရီးလမ်းမ ဒါမှမဟုတ် ပန်းတိုင်
ဒါမှမဟုတ် တည်နေရာပြ ဆိုင်းဘုတ်….
ဟုတ်တယ်….
အနာဂတ်ကို ကိုယ့်ဖာသာ တူးဆွကြ
သင်္ခန်းစာတွေက ရှုပ်ထွေးနေတော့
ကိုယ့်အသိတရား ကိုယ်အစာကျွေးကြ
ရှားရှားပါးပါး အတုယူစရာတွေကိုတော့ ချဉ်းကပ်သင့်ပေတာပေါ့
စိတ်ထဲမှာ အစွဲကင်းကင်း ကိုယ့်အတွေ့အကြုံ ကိုယ်ရင်းနှီး
ကိုယ့်မီးအိမ် ကိုယ်ထွန်းညှိ
ကိုယ်နဲ့ဆီလျော်၏ မဆီလျော်၏
ကိုယ့်အမြင် ကိုယ့်အသိနဲ့ ချိန်ဆ
ဘဝဆိုတာ မရေရာပေမဲ့
ကျန်နေသေးတဲ့ အချိန်ကာလတွေမှာ
ကိုယ့်တန်ဖိုးသတ်မှတ်ချက်နဲ့ကိုယ်
အံဝင်ခွင်ကျဖြစ်နေမှ
ကျေနပ်အားရနိုင်မယ် မဟုတ်လား …..။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts