Han Thit Naing သတင်းပဒေသာ

အဖြေမထွက်တဲ့ မေ ၂၇ – NLD နှင့် ၈၈ မျိုးဆက်တို့ နိုင်ငံရေးပူးတွဲကြေညာ သတင်းစာရှင်းလင်းမှု ကောက်နုတ်ချက်များ

 
အဖြေမထွက်တဲ့ မေ ၂၇ – NLD နှင့် ၈၈ မျိုးဆက်တို့ နိုင်ငံရေးပူးတွဲကြေညာ သတင်းစာရှင်းလင်းမှု ကောက်နုတ်ချက်များ
ဟန်သစ်နိုင်၊ မိုးမခ၊ ဇွန် ၁၊ ၂၀၁၅
 
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အုတ်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင် မေလ ၂၇ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)တို့၏ နိုင်ငံရေးပူးတွဲကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
 
၎င်းအခမ်းအနားတွင် ပူးတွဲကြေညာစာတမ်းကို ဦးပြုံးချိုမှဖတ်ကြားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းထိန်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့မှ မီဒီယာများ၊ စာနယ်ဇင်းသမားများ၏ မေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးကဖြေကြားရာတွင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ သူတို့ကအရင်ရွေးကောက်ပွဲတွေထက်စာရင် တရားမျှတအောင်လုပ်ပြမယ်၊ သို့သော် ဒီဖွဲ့စည်းပုံထဲမှာပါတဲ့ အချက်တွေကို လုပ်တာဖြစ်တဲ့အတွက် ပါတဲ့အချက်တွေက ဒီမိုကရေစီကျသလားဆိုတော့ ဒီမိုကရေစီမကျဘူး၊ ထွက်လာတဲ့အောက်ကြောင်းဟာ တရားမျှတတဲ့အောက်ကြောင်း မဟုတ်ဖူးဆိုတာ တွက်လို့ရတယ်၊့ ဒါတော့အမှန်ကန်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ၄၃၆ ဆိုတာကိုက ဘယ်လိုမှလုပ်လို့မရအောင်လုပ်ထားတယ်၊ ဒါကိုအသေကိုင်ထားပြီးတော့ အပေါ်ကအချက်တွေကို ဘယ်လိုမှထိလို့မရအောင်လုပ်ထားတာဖြစ်တဲ့အ တွက်ကြောင့် ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပ၊ လွှတ်တော်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်ပူးပေါင်းကြိုးစားသွားမယ် ဟုပြောခဲ့သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုနဲ့ပတ်သက်ပြီး စစ်တပ်ကသဘောမတူရင်ဘယ်လိုလုပ်မလဲဆိုတာကို ၈၈မျိုးဆက် ကိုမင်းကိုနိုင်က “အမှန်က ဒါ သူတို့အတွက်အခွင့်အရေးပဲ၊ သူတို့ဟာ ပြည်သူ့ဆန္ဒကို သဘောတူပြီးတော့ ပြည်သူ့ရင်ခွင်ထဲကို ဒီအခွင့်အရေးယူပြီး ပြန်ဝင်မလား မဝင်ဘူးလားဆိုတာ သူတို့ရဲ့သမိုင်း၊ ဒါကိုပြည်သူတွေက ရင်ဖွင့်ပြီးတော့ ဒီကိစ္စမှာကြိုဆိုထားတာ၊ ဒါဟာ တပ်ရဲ့အကြီးအကဲတစုရဲ့ ဥာဏ်အမြော် အမြင်ပေါ်မူတည်တယ်၊ အောက်ခြေတပ်သားတွေက ဒီကိစ္စမှာ ဘာမှဆုံးဖြတ်ပိုင်ခွင့်လည်းမရှိဘူး၊ ဆွေးနွေး ပိုင်ခွင့်လည်းမရှိဘူး၊ တပ်ကို လက်ရှိကိုင်ထားတဲ့အကြီးအကဲတွေရဲ့ ဥာဏ်အမြော်အမြင်အပေါ်မူတည်ပြီးတော့  အနှေးသော်လည်းကောင်း၊ အမြန်သော်လည်းကောင်းဖြစ်မယ်၊ ကျနော်တို့ကတော့ ဒီဖွဲ့စည်းပုံပြင်ရေးနဲ့ ဖက်ထရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ နံပါတ်တစ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်တော့မှမျက်ခြေ အပြတ်မခိုင်နိုင်ဘူး၊ ကျနော်တို့အစွမ်းရှိသလောက် လုပ်သွားမှာပဲ၊ ရွေးကောက်ပွဲဆိုတာ နည်းလမ်းတခုစ်ဖြစ် တယ်၊ တစ်ခုတည်းသောနည်းလမ်းမဟုတ်ဖူး” ဟုပြောခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နင့်၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်)တို့၏ ပူးတွဲကြေညာစာတမ်းအချုပ်သည် အောက်ပါအတိုင်းဖြစ်သည်။
 
(၁) ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်။ 
 
(၂)၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်းအပါအဝင် လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက်ကြိုးပမ်းသွားရန်။
 
(၃) ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေးရည်မှန်းချက်များအပေါ် အခြေခံ၍ တိုင်းရင်းသားအင်အားစုများနှင့်အတူ တက်ကြွစွာလက်တွဲပါဝင်ဆောင်ရွက်ရန်တို့ကို ပူးတွဲကြေညာလိုက်ပါသည်။

 

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေးပူးတွဲကြေညာစာတမ်းနှင့် မီဒီယာများကို ဖြေကြားရာတွင်လည်း ရှေ့ဆက်လျှောက်လှမ်းမည့် နိုင်ငံရေးများသည် တိကျပြတ်သားသည့် အဖြေထွက်မလာသေးကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းများထံမှ သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts