ကဗျာ

လင်းအေးထင် – အလွမ်းသမားနပိုလီယံ

 

 
လင်းအေးထင် – အလွမ်းသမားနပိုလီယံ
(မိုးမခ) ဇွန် ၁၊ ၂၀၁၅
‘နန်းပလ္လင်ဆိုသဟာ ခုံရှည်တန်းလျားကို ကတ္တီပါအုပ်ထားတာပဲ’
ထိုင်ခုံတွေကို ကတ္တီပါစနဲ့ချုပ်ထားတဲ့ လန်ဒန်မြေအောက်ရထားက
နပိုလီယံကို ကိုးကားကြော်ငြာတယ်…၊ 
မြို့ကြီးကို မြစ်ကြီးကို ဟိုး… အတွင်းပိုင်း ခပ်နက်နက်က
တိတ်တဆိတ် ထိုးဖောက်သွားလာခိုက်မှာ ကိုယ်ဟာ ပလ္လင်ပေါ်က မင်းတစ်ပါးပေါ့ အချစ်ရေ့…၊ ထီးပြိုင်နန်းပြိုင်တွေတော့ အများသားကလား…။
ဘုရင်တွေဟာ မျက်လုံးချင်း မဆုံကြဘူး၊ ပြုံးခဲတယ်၊ 
နားကြပ်ကိုယ်စီနဲ့ စုံထောက်ဝတ္ထုဖတ်တယ်…၊ သတင်းစာဖတ်တယ်…၊ 
အိုင်တဲ့ဖုန်းရော မအိုင်တဲ့ဖုန်းရော ကိုယ်စီ ကိုယ်စီ ကလိကြတယ်…၊ 
ကိုယ်လည်း ဘာထူးသလဲ… 
ရှပ်အင်္ကျီ ဘောင်းဘီဟာ ကိုယ်နဲ့အကျပ် သူတို့လိုပဲ၊ 
သူတို့လိုပဲ ဆံပင်က ရေစိုသလို ဂျဲလ်မျိုးနဲ့ ထိုးထောင်ထောင် သားရေဖိနပ် နက်ပြောင်ပြောင်…။ 
ဒါပေမဲ့ ဒီနပိုလီယံဟာ မြန်မာပြည်ကနေ 
အရိုးရော အသွေးရော အသားရော ခံစားတတ်တဲ့နှလုံးသားရော 
မြော်မြင်တတ်တဲ့ဦးနှောက်ပါ အားလုံးခပ်ရင့်ရင့်ဖြစ်ကာမှ ခွာခဲ့ရသူမို့….၊ 
ကိုယ့်နားကြပ်ကြိုးထဲ လူးလိမ့်တွားသွားနေတာ နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်၊ 
သတင်းစာထဲက ပဟေဠိကွက်ကို ဖြည့်စွက်ရင်း အမှောင်ခေတ်ကချစ်သူများကို သတိရမှု ဒီရေတိုးလို့…. 
ဒီနပိုလီယံဟာ အလွမ်းသမားပါ အချစ်ရယ်။ 
လင်းအေးထင်
××××××××××××
မိုးမခ တွင် တင်ဆက်ထားသည့် လင်းအေးထင် (လင်းထင်) ၏ ကဗျာ၊ စာ ဟောင်းများ ပြန်ဖတ်လိုပါက —
၀၁) စူးစမ်းမိတဲ့ငနုံ
၀၂) မန္တလေးကို ရောက်ခဲ့တယ်
၀၃) ဘုရားပေါ်မှာ
၀၄) လွန်ခဲ့တဲ့ (၁၅) နှစ်
၀၅) အပ္ပမာဒေန သမ္မာဒေထ
၀၆) ရုပ်ချည်းရှိတဲ့ ဗြဟ္မာလို
၀၇) အော့ဖ်လိုင်း
၀၈) မဒမ်တူးဆိုး ဖယောင်းရုပ်
၀၉) ဥသြဆွဲ တေးချင်း
(၁၀) တာ့ဂ်ျမဟာ
၁၁) တိုးတက်သော အနုပညာ ဆိုတာ ဘာလဲ
၁၂) ဂိုဂင်နီ
၁၃) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
၁၄) ဘာလဲဟဲ့ ရင်ကြားစေ့ရေး
၁၅) ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ
၁၆) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
၁၇) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား
၁၈) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
၁၉) စစ်အုပ်စုရဲ့ စရိုက် (၄) မျိုး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts