မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ သားကြီးမောင်ဇေယျ

သားကြီးမောင်ဇေယျ – တရားဥပဒေ စစ်မြေပြင်က ခွပ်ဒေါင်းများ

(ကဗျာဆရာ စံညိန်းဦးရဲ့ ဖေ့စ်ဘွတ်က ယူပါတယ်)

 

သားကြီးမောင်ဇေယျ – တရားဥပဒေ စစ်မြေပြင်က ခွပ်ဒေါင်းများ 

( ၈ )ကြိမ် မြောက် ရုံးထုတ်  (၂၆-၀၅-၂၀၁၅)

(မိုးမခ) ဇွန် ၁၊ ၂၀၁၅

လက်ထိပ်လက်ထိပ်               ဖြုတ်ဖြုတ်

လက်ထိပ်လက်ထိပ်               ဖြုတ်ဖြုတ်

လက်ထိပ်လက်ထိပ်               ဖြုတ်ဖြုတ်

ကျနော် နဲ့ ကိုရန်နိုင် တို့ တရားရုံးရှေ့က မြင်ကွင်းတွေကို ရိုက်ကူးမှတ်တမ်းတင်နေတုန်း တရားရုံးဘေးဖက်က အသံတွေ ဟိန်း ဟိန်း ထွက်လာပါတယ်။

 

ခါတိုင်း ကျောင်းသားတွေ တရားရုံးကို ၀င်လာတိုင်း တိုင် နေကြ ကြွေးကြော်သံ နဲ့မတူသလို အသံဟိန်းထွက်လာပုံချင်းလဲ မတူဘူးဆိုတာ ကျနော်သတိပြုမိပါတယ်။

 

အခု ကျနော်ကြားနေရတဲ့ ကျောင်းသားတွေရဲ့ အသံတွေ၊ မိဘတွေရဲ့ အသံတွေဟာ နာကျဉ်းသံ၊ ဒေါသ သံ တွေ လွမ်းနေပါတယ်။  ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲ ပြီးထွက်လာတဲ့ အသံတွေ ဖြစ်ပါတယ်။

 

ကျနော် တရားရုံးဘေး ရောက်တော့ ကျနော်ထင်ထားတာထက် အခြေအနေက ပိုတင်းမာနေပါတယ်။

 

ကျောင်းသားတွေ ဟာ လက်ထိပ်ခတ်ထားတဲ့ လက်နှစ်ဖက်ကိုမြောက်ရင်း ကြွေးကြော်သံတွေ အော်ဟစ် လာပါတယ်။ တချို့က ကျွတ်နေတဲ့ ပုဆိုးကို မနိုင်တနိုင် မ လို့။ တချို့က  လည်ပင်းမှာချိတ်လို့။ တချို့ က ပါးစပ်မှာ ကိုက်လို့။  ရဲအစောင့်တွေ အတင်း ဒရွတ်ဆွဲခေါ်နေတဲ့ကြားက ကျောင်းသားတွေဟာ စောင့်ကြိုနေတဲ့ မိဘနဲ့ ၀န်းရံတွေဖက်ကိုလှည့်ပြီး အော်ဟစ်တိုင်တည်ပါတယ်။

 

‘ အစိုးရက စစ်တပ် ပုံစံ အတိုင်း လုပ်နေတယ်၊  ကျောင်းသားတွေကို ရန်သူလို သဘောထား နေတယ်’ ကျောင်းသားခေါင်းဆောင် ကိုသီဟ၀င်းတင်က လက်ထိပ်ခတ် ထားတဲ့ လက်နှစ်ဖက်ကို မြောက်ရင်း အော်ပြောပါတယ်။ ရဲတွေ အတင်းဆောင့် ဆွဲ ခေါ်သွားတဲ့ အခါ  ၀ရုန်းသုံးကားပါသွားပါတယ်။ လက်တဖက်က ကိုင်ထားတဲ့ ပန်းစည်း၊ ပန်းပွင့် တွေ လွင့် စင်ကုန်ပါတယ်။

 

မိဘတွေနဲ့ ၀န်းရံတွေ ရဲ့ ဒေါသဟာ ပေါက်ကွဲသွားပါပြီ။ သံဇကာတွေကို ဆွဲဖြုတ်ကြ။ လက်သီးလက်မောင်းတန်းကာ အော်ကြ ဟစ် ကြ။

 

လူစိတ်ရှိပါ

ကိုယ်ချင်းစာပါ

လူတွေကို မစော်ကားနဲ့

 

စတဲ့ ရင်ထဲက နာကျဉ်းသံတွေ ပွင့်ထွက် ဆူညံသွားတယ်။

 

လက်ထိပ်တန်းလန်း၊ ပုဆိုးမနိုင့်တနိုင် မ ရင်း  ရဲတွေ ခေါ်ရာနောက်ကို ဒရွတ်တိုက်ပါသွားတဲ့ သားကို ကိုမြင်ရတဲ့ မိခင်တစ်ယောက်ဟာ အရေးပေါ်ကားထားတဲ့ သံဇကာတွေကို ဒေါသတကြီးနဲ့ ဆွဲဖြုတ်နေပါတယ်။ သူလိုပဲ အခြား မိခင်တွေဟာ ထမီစွန်တောင်စွဲရင်း ရင်ထုမနာ အော်ဟစ်နေပါတယ်။ မျက်ရည်တွေပေါက်ပေါက်ကျလို့။

 

သားရေ အမေရှိတယ် . . .  သားရေအမေရှိတယ်

 

ရဲတွေဆွဲခေါ်ရာကို ဒရွတ်တိုက်ပါသွားတဲ့ သားကို မျက်ရည် ၀ဲဝဲ ကြားက ကြည့်ရင်း  ၀မ်းနည်း ကြေကွဲသံကြီးနဲ့ လှမ်းခေါ် အားပေးနေပါတယ်။

 

 ကမ္ဘာငယ်ကလေး တခု ပျက်နေသလိုပါပဲ။ အခြေအနေက ၀ရုန်းသုန်းကားပါ။ 

 

‘တရားခွင်ထဲရောက်တဲ့ ထိ လက်ထိပ်ခတ်တယ်၊ နောက်   . . . ဆွဲလားရမ်းလားလုပ်လာတဲ့ အတွက် အဲဒီလိုဖြစ်တာ ’

 

ရှေ့နေ ကြီး ဦးရောဘတ်စန်းအောင်က မှတ်ချက်ပေးပါတယ်။

 

ဗကသ ကျောင်သားတွေ၊ ရှေ့နေတွေ၊ နိုင်ကျဉ်းဟောင်းတွေ၊ ဘုန်းတော်ကြီးတွေ၊ ၈၈ မျိုးဆက်တွေ ၀င်ရောက် ထိမ်သိမ်းလိုက်တဲ့ အတွက် အခြေအနေ တည်တည် ငြိမ်ငြိမ် ဖြစ်သွားပါတယ်။

 

ကျောင်းသားခေါင်းဆောင် ကိုသန်းထိုက်က လက်ထိပ်တန်းလန်းနဲ့ 

 

‘အရင် အစိုးရ အတိုင်းပဲ ကျနော်တို့ကို ဖိနှိပ်မယ်၊ နှိပ်ကွပ်မယ် ကျနော်တို့ကလည်း ရင်ဆိုင်မယ် ဖွင့်ချမယ်’

 

အီယူသံတမန်ကလည်း ရဲတွေဟာ အီးယူက သင်ပေးထားတဲ့နည်း အတိုင်း ဖြိုခွဲပါတယ်ဆိုတာကို ကျကျနန နားထောင်ဖို့ တရားခွင်ထဲကို ရောက်နေပါပြီ။

 

တရားလိုရဲမှူးရဲ့ ထွက်ချက်မှာတော့ အဓိက က ရဲတွေဖက်က ထိခိုက်ဒါဏ်ရာရမှုတွေ ရှိတယ်။ ကျောင်းသားတွေဖက်က အကြမ်းဖက်မှုတွေရှိတယ် ထွက်ဆိုသွားပါတယ်။ 

 

ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က အမေရိကန် သမတဟောင်း ဘွစ်(ရှ်)က ပေးလိုက်တဲ့ အာပေးစာ ကို လက်တဖက်က ကိုင်ရင်း သတင်းထောက်တွေကို တရားရုံးခဏနားချိန်မှာ ပြောပြပါတယ်။

 

ဒီနေ့ တရားလို ရဲမှူး ဖုန်းမြင့်  ကိုဆက် စစ် ပါတယ်။ 

 

မတ်လ ၁၀ ရက် နေ့မှာ သူက လူစုခွဲဖို့ လော်စပီကာနဲ့ကြော်ငြာတယ်။ ဒါပေမယ့်ကျောင်းသားတွေဖက်က မလိုက်နာတဲ့ အတွက် သပိတ်အဖွဲ့ကိုဖြိုခွဲတာလို့ ထွက်ဆိုသွားတယ်။

 

ဒါနဲ့ပါတ်သက်လို့ ကျောင်းသားဖက်က ရှေ့နေတွေက ပြန်လှန်မေးခွန်းထုတ်တဲ့ အခါ ဘယ်သူ့ကို ဘယ်လိုဖမ်းတယ်ဆိုတာမပြောနိုင်ခဲ့ဘူး

လို့ တရားလွှတ်တော်ရှေ့နေ ဦး လှမျိုးမြင့်ကဆိုပါတယ်။ 

 

အမှုတည်ဆောက်ရာမှာ မခိုင်လုံတာတွေ အများကြီးပါတယ်။ အက်ဖိုင်အာ FIR  ဖွင့်တဲ့ အခါမှာ လူစာရင်းနဲ့တွဲဖွင့်ရမယ့်အစား အခုမှ သက်သေခံ တင်လာတာတွေရှိတယ်။ လုပ်ထုံးလုပ်နည်း အားနည်းချက်တွေရှိတယ်။  x x x ရဲလိုလားသူတွေဖက်က စပြီး အကြမ်းဖက်တယ်ဆိုတာကိုထိမ်ချန်ပြီးထွက်သွားတာကိုတွေ့ရတယ်။ 

 

လို့ ရှေ့နေ ဦးကြီးမြင့် ကပြောပါတယ်။

 

လောလောဆယ်တော့ကျမတို့ကို လွှတ်ဖို့ မရှိသေးဘူး ။ သေချာပေါက်က ကျမတို့ကို ဘယ်နည်းနဲ့မှ လွတ်ထွက်မသွားအောင် ဆင့်ကာ ဆင့်ကာ စွဲဆိုထားတဲ့ ပုံစံမျိုးတွေတော့ ရှိပါတယ်။ သတင်းထောက်တွေက လက်ရှိတရားစီရင်နေတဲ့ အခြေအနေကို မေးမြန်းရာမှာ မဖြိုးဖြိုးအောင် က ဖြေကြားသွားပါတယ်။ သူ့အမူအရာက အဆိုးဆုံးတွေကို ရင်ဆိုင်ဖို့ အသင့် ပြင်ထားတဲ့ ပုံရပါတယ်။ အသံကလည်း အေးအေးဆေးဆေးပြတ်ပြတ်သားသားပါ။ 

 

ခရိုင်တရားသူကြီးရုံးခန်းမှာ ခရိုင်တရားသူကြီးနဲ့ဒီဗီဘီသတင်းဋ္ဌာန တို့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အသက် လေးဆယ်ကျော် ဥပဓိရုပ် ခန့်ခန့်သန့်သန့် ခရိုင်တရားသူကြီး ဦးကျော်စွာငြိမ်း က 

 

” …ဒီအမှုကိုစစ်ဆေးနေတာက သာယာဝတီတရားသူကြီးပါ။ သာယာဝတီတရားသူကြီး စစ်ဆေးနေတဲ့ အမှုကို အနီးကပ်ဆုံးဖြစ်တဲ့ ကျနော် ခရိုင်တရားသူကြီးတောင် ၀င်ရောက်စွပ်ဖက်မှုမရှိပါဘူး၊ အမှုပေါ်ပေါက်ချက်၊ သက်တွေရဲ့ထွက်ဆိုချက် နဲ့အညီ ဆင်ခြင်တုန်တရားနဲ့လွတ်လပ်စွာတရားစီရင်သွားမှာဖြစ်ပါတယ်။ တဆက်တည်းပြောချင်တာက ကျနော်တင်မဟုတ်ပါဘူး တိုင်းဒေသကြီးတရားလွှတ်တော်ရယ်၊ အနီးကပ်မှာရှိတဲ့ အုပ်ချုပ်ရေး ဋ္ဌာနတွေလည်း စွပ်ဖက်မှုမရှိဘူးဆိုတာ ကျနော့် အနေနဲ့ပြောချင်ပါတယ်။ …”

လို့ အေးအေးဆေးဆေးရှင်းပြပါတယ်။

 

” … အုပ်ချုပ်ရေးဖက်က ၀င်ရောက်မစွပ်ဖက်ဘူးဆိုရင် ဒီအမှုဟာ ဆရာတို့နိုင်မှာပါ  …”

လို့ ကျောင်းသားတွေဖက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးကြီးမြင့် ယုံကြည်မှုအပြည်နဲ့ ဒီဗီဘီ သတင်းထောက် ကိုဥာဏ်ကြီးကို ကပြောပါတယ်။

 

တရားစီရင်ရေးဟာ လွပ်လပ် ပွင့်လင်း မျှတာမှုမရှိဘူးဆိုရင် ၊ ဗြဟ္မာစို တရားလေးပါး နဲ့ကင်းကွာနေမယ်ဆိုရင် လူတိုင်း အသက်နဲ့လဲပြီး ကာကွယ်ရမယ့် အခြေခံ အခွင့်အရေး တခုပဲရှိပါတော့မယ်။ အဲဒီ အခွင့်အရေးကတော့ မတရားတဲ့ ဥပဒေ နဲ့တရားစီရင်ရေး ကိုအာခံဖို့ အခွင့်အရေးပဲဖြစ်ပါတယ်။ 

 

သားကြီးမောင်ဇေယျ

၃၁-၀၅-၂၀၁၅

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts