ဗိုလ်ထက်မင်း သတင်းဆောင်းပါး ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ကိုးကန့် MNDAAစခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း(၂)

Burma Army Commander-in-Chierf Snr-Gen Min Aung Hlaing meets with leaders of the United Wa State Army in Lashio, Shan State in April 2014. (Photo: Senior General Min Aung Hlaing / Facebook)

ဗိုလ်ထက်မင်း –  ကိုးကန့် MNDAAစခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း(၂)

(မိုးမခ) မေ ၃၁၊ ၂၀၁၅

၉။ ကိုးကန့်ဒေသတိုက်ပွဲဖြစ်လာတဲ့အပေါ် အမြင်အမျိုးမျိုးရှိကြပါတယ်၊ အတိုက်အခံဒီမိုကရေစီ အင်အားစုတချို့က တပ်ချုပ်ဟာ နိုင်ငံရေးလောကထဲဝင်ချင်တဲ့ ရည်ရွယ်ချက်နဲ့တပ်မတော်သည် အရေးပါတဲ့အခန်းမှာ ရှိနေသေးတယ် ဆိုတာပြချင်တဲ့ ရည်ရွယ်ချက်တွေကြောင့် Strategic Power Game ကစားတာလို့ မြင်ကြတယ်။ အစိုးရနဲ့တပ်ချုပ်၊တပ်ချုပ်အပေါ် အကောင်းမြင်လွန်းတဲ့ တပ်မတော်သားအရာရှိတချို့တို့ကတော့ အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ်မချုပ်ခင် လက်နက်ကိုင်တိုင်းရင်းသားတချို့ဟာ ကိုးကန့်အား နောက်ကွယ်မှ ထောက်ခံပံ့ပိုးပေး၊ စစ်ရေးအရ ဖိအားပေးပြီး အချိန်ဆွဲကာ ဖြစ်နိုင်က နောင်တက်လာမဲ့ အစိုးရကျမှ ဆွေးနွေးနိုင်ရေး အတွက် Strategic Power Game ကစားတာလို့မြင်ကြပါတယ်။

 

 စာရေးသူအပါအဝင် မျိုးချစ်တပ်မတော်အရာရှိတွေကတော့ အမျိုးသားရေးအမြင်မြင်ကြပြီး မျိုးချစ်စိတ်ဓါတ်ဖြင့် မိမိ နိုင်ငံလုံခြုံရေး၊အမျိုးသားအကျိုးစီးပွါး မထိခိုက်စေရေးအတွက် တရုတ်နိုင်ငံအား ဝေဖန်သုံးသပ်ကာကိုးကန့် တိုက်ပွဲရလဒ်တွေ၊ Strategic Power Game တို့အပေါ် သုံးသပ်ပြီး တပ်မတော်ပြုပြင်ပြောင်းလဲရေးနဲ့ တပ်မတော်ပုံရိပ် ကောင်းစေမည့်ငြိမ်းချမ်းရေးမြတ်နိးသူ အဖြစ်တပ်ချုပ်အားလုပ်ကိုင် သွားစေလိုတဲ့ဆန္ဒရှိပါတယ်။ ကိုးကန့်တိုက်ပွဲဖြစ်စဉ်ဟာ ယခင်တပ်မတော် ကြုံခဲ့တဲ့ တိုက်ပွဲတွေနဲ့လုံးဝမတူဘဲ နိုင်ငံကြီးနဲ့ ထိပ်တိုက်တွေ့မှူ၊တပ်မှ အင်အား၊စွမ်းအား ကုန်သုံးနေရမှူ၊နိုင်ငံရေး၊စစ်ရေးရောထွေးဆက်စပ်မှူ၊ တပ်ချုပ် နဲ့ တရုတ်တို့ဟာ Strategic Power Game အပြန်အလှန် ကစားနေတာတွေ့ရပါတယ်။

 

၁၀။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မဟာဗျူဟာမြောက် Strategic Power Game ကစားတာ ဦးစွာဖေါ်ပြပါမယ်။ သူဟာ အစ္စရေး၊သြစတြေးလျ၊နယူးဇီလန်နိုင်ငံမှ သံအမတ်ကြီးတွေကိုခေါ်တွေ့ခဲ့ပါတယ်၊ သံအမတ်ကြီးတချို့က စစ်သည်တွေထိခိုက်ဒဏ်ရာရ သတင်းကြားရတာ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုလာပါတယ်။ အဲဒီနိုင်ငံတွေဟာ အမေရိကန်နိုင်ငံရဲ့ တပည့်ရင်းတွေဖြစ်ပြီး တရုတ်နဲ့သဟဇာတ မဖြစ်နေတာကို ကြိတ်ဝမ်းသာနေပုံရကာ ထောက်ခံတဲ့လေသံ ပစ်ခိုင်းတာဖြစ်ပါတယ်။ 

 

အစ္စရေးဟာ ဟားမခ်အဖွဲ့ရဲ့  ဦးမှင်လှိုင်ခေါင်းစစ်ဆင်ရေး အတွေ့အကြုံရှိတာမို့အမြင်ချင်း ဖလှယ်နိုင်ပါတယ်။ အစ္စရေးက ပိတ်ဆို့ကာလကြုံတွေ့ခဲ့တဲ့ မြန်မာနိင်ငံကို ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ပေးခဲ့ဘူးတဲ့အထိ သံယောဇဉ် ရှိခဲ့ပါတယ်။ ဒါ့အပြင် UWSA လေသံမာလာလို့ လိုအပ်ရင်အင်အား ဖြည့်ထားလို့ရအောင်တပ်ချုပ်ဟာ ပါကစ္စတန်နိုင်ငံ နဲ့ဆာဗီးယားနိင်ငံတွေဆီ ခြေဦးလှည့်ပါတော့တယ်။ 

 

၁၁။ တာလီဘန် နှိမ်နှင်းပေးမယ်ဆိုပြီး အမေရိကန်မှ ထောက်ပံ့ငွေဒေါ်လာသန်း(၁၀)ဘီလီယံ တောင်း၊ အိုစမာဘင်လာဒင်ကို ဖွက်ထားရာမှ အရှက်ကွဲကာ တရုတ်ဆီ ပြေးကပ်တဲ့ လူလည်ခွချက် ပါကစ္စတန်နိုင်ငံထံမှ တပ်မတော်ရဲ့သက်တမ်းကုန်နေပြီဖြစ်တဲ့ F-7 တွေအစား ထိုးနိုင်ဖို့  JF-17 ဂျက်တွေ ဝယ်ဖို့ညှိနှိုင်းကာ တပ်ချုပ်ပြန်ရောက်ပြီးနောက် ဂျက်အပြင်တင့်ကားတွေပါ ပို့လိုက်တယ်လို့သိရပါတယ်။ တာလီဘန်တွေရှိတဲ့ နယ်စပ်တောင်ကုန်းတွေဟာ ကျောက်တောင်သက်သက်ဖြစ်နေတာမို့ စစ်ဆင်ရေး နည်းဗျူဟာနဲ့သုံးရမည့်လက်နက်ကို မေးမြန်းနိုင်တယ်လို့ သုံးသပ်ပါတယ်။ 

 

ဆာဗီးယားနိုင်ငံဆီမှ အဆင့်မြှင့် နည်းပညာများ ပေါင်းစပ်ထားပြီး လှူပ်ရှားပစ်လို့ရတဲ့ ယာဉ်တင် NORA (၁၅၂ မမ)ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ဝယ်ယူထားပြီး ဖြစ်ရာ အဲဒီနိုင်ငံမှ ထုတ်လုပ်တဲ့ လက်နက်များဟာ စွမ်းရည်ထက်မြက်တယ်လို့  သိရပါတယ်။ ၁၉၈၉ခုနှစ်တုံးက မြန်မာနိုင်ငံက ယူဂိုဆလားဗီးယားနိုင်ငံ (နိုင်ငံပြိုကွဲပြီးနောက် အမွေကိုဆက် ခံလာတဲ့နိုင်ငံဟာ ဆာဗီးယားနိုင်ငံဖြစ်လာသည်) မှ ဝယ်ယူခဲ့တဲ့ အမောင်းသင်ဂျက်လေယာဉ် G-4 တွေဟာ  အတော်သင့်အားကိုးရကာ ယနေ့တိုင်သုံးလို့ရသေးကြောင်း သိရပါတယ်၊ ယခုအခါ အဲဒီလေယာဉ်တွေကို  အဆင့်မြှင့်တင်ထားကာ G-4MD အဖြစ် တိကျလမ်းညွန်လက်နက်စနစ်(P.G.M) တပ်ဆင်ထားတယ်လို့ သိရပါတယ်။ အဲဒီလေယာဉ်ရဲ့ အချက်အလက်တွေကို နိုင်ငံရဲ့ လုံခြုံရေးအရ လျှိုဝှက်ထားဖို့လိုအပ်တာမို့  မဖေါ်ပြတော့ပေမဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တဖွဲ့ဖွဲ့နဲ့ တိုက်ပွဲထပ်ဖြစ်လာခဲ့ရင် နယ်စပ်လိုမျိုး ပစ်မှတ်ကို လွဲပြီး မကျမိစေရေး မဖြစ်တော့သလို စရိတ်စကပိုင်းမှာလည်း ခေတ်မှီ MI 35 ရဟတ်ယာဉ် နဲ့  MI 29 ဘက်စုံသုံးဂျက်လေယာဉ်တွေ ကိုသုံး တာထက်စာရင် ပိုမိုသက်သာတယ်လို့ သိရပါတယ်။ လုံခြုံ ရေးအရအင်အားကြီးနိုင်ငံတခုမှ ခေတ်မှီ လက်နက်မျိုးစုံနဲ့အဆင့်မြှင်နည်းပညာဖြင့် ထုတ်လုပ်တဲ့ နာမည်ကြီး တင့်ကားအမျိုးအစားတခုကို စိတ်ဝင်စားနေကာ စကားပြော ညှိနေတယ်လို့ သိရပါတယ်။

 

၁၂။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဝ ကို မူလကတည်းက လိုလားဟန်မတူတာ တွေ့ရပါတယ်။ သူ ကစထ(၂) မှူး ဘဝတုံးက UWSA ဟာ တရုတ်အားကိုးနဲ့ ထောင်လွားနေမယ်ဆိုရင် ဝ ခေါင်းဆောင်တွေကို ဆုငွေထုတ်ထားတဲ့ အမေရိကန်နိုင်ငံထံ ချဉ်းကပ်လိုက်ယုံနဲ့  ပွဲပြီးသွားမယ်လို့ ပြောခဲ့

ဘူးပါတယ်။ ပန်ဆန်း အစည်းအဝေးကပြန်လာတဲံ့ ဝ ခေါင်းဆောင် အိုက်ပန်းဦးစီးတဲံ့ စစ်ယာဉ်တန်းကို တားဆီးကာ မူးယစ်ဆေးဝါးအမြောက်အမြားတွေနဲ့အတူ သူတြိဂံတိုင်း၊ တိုင်းမှူးဘဝကပင် ခပ်တည်တည်ဖမ်းပြရဲသူဖြစ်ပါတယ်။

 

၂၀၁၃ခုနှစ် ကချင်ပြည်နယ်ရှိသစ်များ ခိုးထုတ်နေတာကို တပ်ချုပ်က ဖမ်းခိုင်းရာမှ တရုတ်လူမျိုးတွေရာနဲ့ချီ မိလာရာကစပြီး တရုတ်နဲ့ထိပ်တိုက် စ တွေ့လာပါတယ်။ စရဖ သတင်းစာရှင်းလင်းပွဲ နဲ့ တရုတ်အထူးကိုယ်စားလှယ်လာခဲ့စဉ်က ယူနန်ပြည်နယ်အစိုးရအပေါ် ကျေနပ်မှူမရှိတာ တပ်ချုပ်က မာမာထန်ထန်ဝေဖန်လာပါတယ်။

 

 

၁၃။ မြန်မာလေတပ်အနေနဲ့ ဗုံးမှားကြဲမိတာကြောင့် တရုတ်လူမျိုးများ သေဆုံးကုန်ရာ တရုတ်စစ်တပ် အကြီးအကဲက တပ်ချုပ်အား မောက်မာစွာ ဆက်ဆံခဲ့ပြီး နယ်စပ်မှာ သံချပ်ကာ ဂျက်လေယာဉ် ခြေလျင် တပ်မ စတာတွေ ချလာခြင်းဖြင့် ရန်လိုတဲ့ အပြုအမူ နဲ့တုံ့ပြန်ခဲ့ပါတယ်။ ပွိုင့်(၂၂၀၂) တောင်ကုန်းတိုက်ပွဲ ဖြစ်ခဲ့စဉ်တပ်မတော်က တရုတ်လူမျိုး (၃)ဦး ဖမ်းမိသေးလို့ ရှူပ်ထွေးခဲံ့ရသေးတယ်လို့သိရပါတယ်။ အဲဒီနောက် ယူနန်နယ်ထဲကို အမြောက်ဆန် (၆)လုံး မေလ၁၄၊၁၅ ရက်တွေ မှာနှစ်ကြိမ်ဆက်ကျလာလို့ တရုတ် တစ်ဦးအပါအဝင် မြန်မာလေးဦးဒဏ်ရာရ ဖြစ်စဉ်ကြောင့် မြန်မာသံရုံးက သံမှူးကြီးဒေါ်ချိုချိုထွန်းကို တရုတ်က မကျေမနပ်ခေါ်သတိပေးခဲ့ပါတယ်။ တဖန် တပ်ချုပ်က တရုတ်သံအမတ်ကြီး၊ စစ်သံမှူးကို ခေါ်တွေ့ပြန်ကာ ဒီဖြစ်စဉ်ဟာ ကိုးကန့်အဖွဲ့ ဝါဒဖြန့်ချီတာဖြစ်ကြောင်း၊မိမိတို့ဆီက ပစ်တာမဟုတ်ပါကြောင်း၊ မေလ  ၁၄ရက်နေ့ညပိုင်းမှာ မသိမ်းရသေးတဲ့ ပွိုင့် (၂၀၇၁)တောင်ကုန်းပေါ်မှ ကိုးကန့်တွေဟာ လက်နက်ကြီး နဲ့ မိမိဆီကိုပစ်တာမဟုတ်ဘဲ တရုတ်နယ်ထဲပစ်လိုက်တဲ့ အလင်းတန်းတွေ့လိုက်ရလို့ ချန်ဒူးစစ်ဒေသကို အကြောင်းကြားလိုက်သေးကြောင်း ရှင်းပြပါတယ်။ တဖန်တရုတ်နယ်ထဲကိုေ၇ာက်နေတဲ့ ကိုးကန့်တွေကို  ဖမ်းဆီးဖို့တပ်ချုပ်ကတောင်းဆိုခဲ့ပါတယ်။

 

 နောက်အပိုင်းမှာတော့ တရုတ်ရဲ့ Strategic Power Game ဖြစ်လာပုံနဲ့ သံတမန်ရေးရာလှူပ်ရှားမှူတွေအ ပေါ် သုံးသပ်ချက်တွေ တင်ပြသွားပါမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗိုလ်ထက်မင်း – ကိုးကန့် MNDAAစခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း(၂)
  1. ဗိုလ်ထက်မင်း – ကိုးကန့် MNDAA စခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း (၃) ကိုရှာမတွေ့ဘူး ကျေးဇူးပြု၍တင်ပေးပါအုန်း

Comments are closed.