စာစုတို ဆောင်းလူ

ဆောင်းလူ – သူမနှင့် ဘ၀ …

 ဆောင်းလူ – သူမနှင့် ဘ၀ …
(မိုးမခ) မေ ၂၉၊ ၂၀၁၅

(က)
သူမ၏ ကိုယ်ခန္ဓာပေါ်တွင် ထိုသူ၏ စိတ်အစာဖြစ်သမျှကို မနားတမ်း ကျဲချခံနေရ၏။ ထိုသူ၏ လက်တို့မှာကား တဆတ် ဆတ်တုန်ခါလျှက် ဟိုဟိုဒီဒီ လူးလွန့်လှုပ်ရှားကာ ဂဏှာမငြိမ်လှသည့် မျက်ဆံတို့သည်ကား တဖိတ်ဖိတ် တောက်တခါ လင်းတလှည့်ဖြင့် …။

ထို့နောက် တစုံတရာကို စဉ်းစားလိုက်…၊ သူမ၏ ခန္ဓာကိုယ်အား မသိမသာ ခိုးငဲ့ကြည့်လိုက်နှင့် အလုပ်ရှုပ်နေဟန်ပြု၏။ အတန်ကြာပြီးနောက် သူမသည် ထိုသူ၏ စိတ်ထင်တိုင်း ကိုယ်ထိလက်ရောက် အပြုအမူအောက်တွင် နုံးနယ်နွမ်းချိလျှက် ..။

ထိုသူသည် စိတ်အေးလက်အေးဖြစ်သွားဟန်ဖြင့် နွမ်းနယ်နုံးချိနေသည့် သူမအား ထပ်ထပ်ခါ မနားတမ်းကြည့်လျှက် … ဖင်တခုလုံး ဖွာလန်စုတ်ပြတ်သတ်နေသည့် ဆေးလိပ်ကြမ်းတလိပ်ကို အသာဖွာလျှက် အသာမှိန်းနေပြန်လေသည် …။ သူမ သည်ကား ထိုသူ၏အနီးတွင် မောဟိုက်နွမ်းနယ်စွာဖြင့် ဟိုတစ သည်တစ …။

တိတ်ဆိတ်ခြင်းနှင့်အတူ အမှောင်ထုသည်လည်း ရုတ်ချည်းလွှမ်းမိုးလာလျှက် .. အလင်းသဲ့သဲ့ကို မျှဝေပေးနေရရှာသည့် ဖယောင်ငုတ်တို၏ မီးစာတို့သည် လေတိုက်တိုင်း ယိမ်းလျှက် .. ညွှန့်လျှက် …။

ထိုအမှောင်အောက်တွင် ခပ်သဲ့သဲ့ထွက်ပေါ်လာသည့် ဟောက်သံနှင့်အတူ အမှောင်ထုသည် တိုးတိုးလာလျှက် …။

(ခ)
အရာအားလုံးတို့သည် ရောနှောလျှက် အရုဏ်ကို နှိုးဆွလျှက်ရှိ၏။

ကွမ်းသွေးတို့ အနည်းငယ်စွန်းပေနေပြီး ၀ါကျင့်ကျင့်အရောင်အဆင်းဘက်သို့ ကူးပြောင်းလျှက်ရှိနေပြီဖြစ်သည့် သူ၏ အပေါ်ဝတ်အင်္ကျီကို ၀တ်ဆင်ရင်း သူမကို အသာငဲ့ကြည့်လိုက်သည်။

နွမ်းလျဟန်ပေါက်နေသည့် သူမအား ဟိုသပ် ဒီမြှူလုပ်လျှက် ဆတ်ကနဲ ဆွဲခေါ်က မြို့ထဲဘက်ကို တွဲခေါ်လျှက် …။

မြို့ပြသည်ကား မြို့ရဲ့ အရောင်အဆင်းဖြစ်သည့် သက်ရှိ သက်မဲ့ ဒြပ်ရှိ ဒြပ်မဲ့တို့ဖြင့် ရှုပ်ပွလျှက် …။

(ဂ)

ထိုသူသည် တောင်တောင်အီအီ လှည့်လည်ကြည့်ရှုပြီး အရောင်အဆင်းမဲ့နေသည့် အဆောက်အအုံ တိုက်အိုကြီးတခုထဲ သူမကို တွဲခေါ်လျှက် ချိုးကွေ့ဝင်လိုက်၏။ ထိုအထဲတွင် သူမကဲ့သို့ သူမများ အများအပြား …။

တချို့သည် ပိန်လှီလျှက် …။
တချို့သည် မျက်တွင်းဟောက်ပက် …။
တချို့သည် ခါးကိုင်းကိုင်း …။
တချို့သည် ၀၀ ဖိုင့်ဖိုင့်
တချို့သည်ကား ဆွံအလျှက် …။

အားလုံး ဟိုတစု သည်တစုနှင့် ပြန့်ကျဲလျှက် …။
တူရာ တူရာတို့သည်ကား တီးတိုး တီးတိုး ….။

သူသည် ထိုသူများကို အသာကျော်လွန်ပြီး ဆင်နားရွက်သဏ္ဌာန်တံခါးကို အသာတွန်းဖွင့်ကာ သူမကိုတွဲခေါ်လျှက် ၀င်လိုက် ၏။ သူမ၏ မျက်စိတဆုံးရှေ့တွင်ကား ထိုသူနှင့် ဆင်တူရိုးမှား အဆင်းသဏ္ဌာန်တူသည့် နောက်သူတဦး …။

သူတို့သည် သူမအား စားပွဲပေါ်တွန်းလွှတ်လိုက်ကာ အမနာပ ဈေးစကား ပြောနေကြသည်ဟု ထင်သည်။
မကြာမီ သူမသည် ထိုနောက်သူတဦးလက်ထဲတွင် အထပ်ထပ် အဖန်ဖန် ဟိုလှန်သည်ကြည့်ခြင်းကို စိတ်အလို ဘ၀င်မကျစွာ ခံနေရပြန်သည်။

(ဃ)

သူတို့သည် သူမတို့အား လုပ်ချင်တိုင်း လုပ်နေကြ၏။ သူတို့၏ ၀ိဝါဒတွေကို သူမတို့ထံမှာ ချယ်သကြ၏။

သူမတို့၏ မျက်နှာများအား ဆွဲဆောင်မှုရှိသည့် အိန်ဂျနလာဂျိုလီ၏နှုတ်ခမ်းမျိုး လုပ်ခိုင်းသလို၊ အော်ဂလီဆန်စရာကောင်း သည့် မွန့်ခ်ျ၏ အော်သံကြီးမျိုးကိုလည်း အော်ခိုင်း၏ ….။

သွေးပျက်ခြောက်ခြားဖွယ်ရာ နျူးကလီးယားမှိုပွင့်ကြီးတွေ ပွင့်စေတတ်သလို၊ ပရက်စလေရဲ့ ညက်ညက်ညောညော ရော့ခ် ဂီတဟန်ကိုလည်း နားဆင်ခိုင်း၏ ….။

နိုင်ငံကျော် ဥဏှောက်မဲ့သူတို့၏ ရှဲဒိုးမိန့်ခွန်းတွေကို ရွတ်ဖတ်ရသလို၊ ဆင်းရဲသားသတ္တ၀ါလေး၏ ထမင်းနင်သံမျိုးကိုလည်း လေ့ကျင့်ထားရ၏ ….။

သူတို့သည် သူမတို့အား အမျိုးမျိုးပြင်ဆင်မွမ်းမံကာ အသိဉာဏ်နုံနဲ့နေသည်ဟု သူတို့ကိုယ်သူတို့ ယူဆထားပုံရသည့် သူ အများအပြားအား သွန်သင်ရန်အသုံးချရန်အတွက် မှတ်ကျောက်တင်နေကြပြန်၏။

မကြာမီ သူမတို့သည် ထိုသူတို့ကြားတွင် ခေတ်နဲ့အညီ အပွတ်အသပ်ခံရင်း ၀ိဝါဒကွဲပြားကာ အဝေဖန်ခံကြရပေဦးမည်။

ဆောင်းလူ (မေ ၂၂၊ ၂၀၁၀)

မှတ်ချက်။
မေ ၂၂၊ ၂၀၁၀ ကတည်းကရေးသားထားသည်ကို တော်တော်များများ ပြန်လည်ပြင်ဆင်မွှမ်းမံထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts