ကဗျာ ခင်လွန်း

ခင်လွန်း – ချစ်သူများသို့ ပြန်စာ

ခင်လွန်း – ချစ်သူများသို့ ပြန်စာ
(မိုးမခ) မေ ၂၄၊ ၂၀၁၅

ကဗျာမရေးဘူးလား
ဘယ်လိုကဗျာရေးရမလဲ
ကဗျာ ဘယ်လိုရေးရမလဲ

No Exit လမ်းမှာနေတယ်
ကဗျာ ဘယ်လိုရေးရမလဲ
ဘယ်လိုကဗျာရေးရမလဲ

တဖက်ပိတ်လမ်းလေးဟာပေါ့
လမ်းမှားဝင်လာသူတွေအတွက်
ထွက်ပေါက်မရှိဘူး
တမင်ဝင်လာရင်လည်း ထွက်ပေါက်ဟာ
ဝင်ပေါက်ပါပဲ
ဝင်လာရင် ၀င်လာတဲ့အတိုင်း
ပြန်ထွက်ရတာချည်း။

အိမ်မျက်စောင်းထိုးက ချယ်ရီပင်ပျိုလေး
စိတ်ရှည်ရှည်မှတ်ထားတတ်ရင်
လမ်းထဲဝင်လာတဲ့ကားကို
နံပါတ်ကအစ မောင်းသူရော စီးသူတွေပါ
မမှတ်မိစရာမရှိ
စာပို့သမားအစ ကြော်ငြာသမားအလယ်
ဆွယ်တရားဟောတဲ့ ဘာသာရေးသမားနဲ့
အပြုံးတွေ ဝေနေအောင်ဆင်လာတဲ့ မဲဆွယ်သမားတွေအဆုံး
စီစီတီဗွီမလိုဘဲ
အလွယ်တကူ မှတ်နိုင်တာပဲ။

ဝင်လမ်းဟာ ထွက်လမ်းဆိုတော့
ဘာမဆို နှစ်ကြိမ်အဖတ်ခံရပေါ့။

ဒီလမ်းသားတွေကတော့
တယောက်နဲ့တယောက် နှစ်ခါမမြင်လောက်အောင်
တံခါးချပ်တွေမှန်သမျှ
အလုံပိတ်ထားသူများအဖြစ် နေထိုင်ပါတယ်။

ကဗျာရေးဖို့ဆိုရင်
ရှေ့အိမ်က
သူ့ခြေတုကြီးတဖက်ကို
ဧည့်ခန်းမှာ တခမ်းတနားထောင်ထားတတ်တဲ့
ရွှေမုဆိုးဟောင်း မစ္စတာ ဒေးဗစ်လော်ဆင်ပြောသလို
“ငါက ရှေ့တိုးရင်လဲ ဒီတဖက်ပဲ
နောက်ဆုတ်ရင်လဲ ဒီတဖက်ပဲ မရွေးရတော့ဘူးပေါ့ ” တဲ့

ကဲ ဒီမှာ
ကဗျာရေးဖို့ဆိုရင်တော့ ….။

ခင်လွန်း
မေ ၂၁၊ ၂၀၁၅
နံနက် ၈ နာရီ ၁၅။
ဟက်မင်တန်မြို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts