ရသဆောင်းပါးစုံ သူတို့အာဘော်

စိုးနေလင်း – ငါတို့သမိုင်း အရိုင်းမခံ

စိုးနေလင်း – ငါတို့သမိုင်း အရိုင်းမခံ
(မိုးမခ) မေ ၂၄၊ ၂၀၁၅

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက တက်လာခဲ့ကြတဲ့ ဖဆပလ ပထစနဲ့ စစ်အစိုးရအဆက်ဆက် ပြောလာခဲ့ကြတဲ့ စကားကတော့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတခုဖြစ်တယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့အဓိကအစားအစာဖြစ်ပြီး နိုင်ငံခြား ကို အဓိကတင်ပို့တဲ့ ပို့ကုန်ဖြစ်တဲ့ ဆန်စပါးကို စိုက်ပျိုးကြတဲ့ တောင်သူလယ်သမားတွေဟာ မြန်မာနိုင်ငံရဲ့လူဦးရေရဲ့ (၈၀)ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် တောင်သူလယ်သမားထုကြီးရဲ့အခန်းကဏ္ဍဟာ အရေးကြီးသလို တောင်သူလယ်သမား တွေရဲ့ အခွင့်အရေးနဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး ပညာရည်မြင့်မားတိုးတက်ရေး ကျန်းမာရေးစောင့်ရှောက်မှုတွေဟာလည်း အလွန်အရေးကြီးပါတယ်။

ဒါပေမယ့် ကျနော်တို့မြန်မာနိုင်ငံရဲ့တောင်သူလယ်သမားတွေရဲ့ဘ၀အခြေအနေ အခွင့်အရေးနဲ့ လူနေမှုအဆင့်အတန်း၊ ပညာရေး ကျန်းမာရေးစောင့်ရှောင့်မှုအခြေအနေတွေကို ပြန်ပြီးလေ့လာကြည့်မယ်ဆိုရင် ကိုလိုနီကျွန်ခေတ် လယ်သမားဘ၀ နဲ့ လွတ်လပ်ရေးရပြီးကာလအခြေအနေဟာ ဘာမှထူးထူးခြားခြား ကွာခြားလှတာ မတွေ့ရပါဘူး။ တခါ တိုင်းပြည်ရဲ့နိုင်ငံ ရေးကို ဦးစီးဦးဆောင်လုပ်ကြတဲ့သူတွေရဲ့ စည်းလုံးညီညွတ်မှုမရှိခဲ့တာ၊ ပါတီစွဲ ဂိုဏ်းဂဏစွဲတွေ၊ အာဏာကို အလွဲသုံးစား လုပ်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ်မီးကြောင့် အဓိကဓားစာခံဖြစ်ရ၊ ဘ၀တွေဆုံးရှုံး ထိခိုက်နစ်နာခဲ့ကြရသူ တွေဟာလည်း အများစုလယ်သမားတွေပဲ ဖြစ်ကြပါတယ်။ ဒီအချက်တွေဟာ အထူးသက်သေပြနေစရာမလိုတော့တဲ့ သမိုင်းစာမျက်နှာတွေပေါ်မှာ တင်ကျန်ရစ်ပြီးဖြစ်တဲ့အချက်အလက်တွေဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ တိုင်းပြည်အာဏာကို အရသာတွေ့သွားပြီးဖြစ်တဲ့ ဗိုလ်နေ၀င်းက ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့တရားဝင် “ပထစ” အစိုးရလက်ထဲက တိုင်းပြည်အာဏာကို အာဏာသိမ်းလုယူပြီးတဲ့အချိန်ကစပြီး လယ်သမားတွေကို “တောင်သူလယ်သမားဦးကြီးတွေ” ဆိုပြီး တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးတွေ တခမ်း တနားကျင်းပ ဟန်ရေးပြခဲ့ပေမယ့် လယ်သမားတွေခမျာတော့ ဆန်စပါးနဲ့ တခြားကောက်ပဲသီးနှံတွေကို လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်မရသလို လွတ်လွတ်လပ်လပ်လည်း ရောင်းချခွင့်မရကြပဲ အစိုးရ မဆလပါတီနဲ့ စစ်တပ်ရဲ့ ပေးသမျှယူ ခိုင်းသ မျှလုပ်ပေးရတဲ့ အဖိနှိပ် အချယ်လှယ်ခံ အခိုင်းခံ အပြစ်ဒဏ်ပေးခံဘ၀နဲ့ နင်းပြားအဆင့်က မတက်ခဲ့ပါဘူး။ နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ခံစစ်အာဏာရှင်စနစ်ကို ကျောင်းသား အလုပ်သမား လယ်သမားနဲ့ ပြည်သူလူထု ကြီးတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့တဲ့ ၁၉၈၈ လူထုဒီမိုကရေစီရေးတော်ပုံကြီးကို စစ်တပ်က ပစ်ခတ်နှိမ်နင်း ချေမှုန်းခဲ့ပြီးအာဏာသိမ်းတက်လာခဲ့တဲ့ စစ်အစိုးရအဆက်ဆက် လက်အောက်ရောက်တဲ့အချိန်မှာတော့ “နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုတဲ့အဖြစ်မျိုး ဆီပူအိုးထဲက မီးပုံထဲပြုတ်ကျရသလိုအဖြစ်မျိုးနဲ့ တောင်သူလယ်သမားတွေ တွေ့ကြုံခံစား ခဲ့ရပြန်ပါတယ်။

တောင်သူလယ်သမားတွေရဲ့အခွင့်အရေး လူနေမှုအဆင့်အတန်း လူမှုရေး ကျန်းမာရေး ပညာရေးတွေဟာ တိုးတက်မြင့်မား မလာတဲ့အပြင် ပိုပြီးဆိုးဝါးချွတ်ခြုံကျလာခဲ့ရတယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိပြီးဖြစ်ပါတယ်။ လယ်သမားတွေဟာ စစ်အာဏာရှုင်တွေ၊ စစ်တပ်နဲ့ သူတို့ရဲ့လက်ဝေခံ စီးပွားရေးသမားတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် အခိုင်းခံ အနှိပ်စက်ခံ ကျွန်ပြုခံနေကြရတဲ့အဆင့်ကို ရောက်ခဲ့ရပါတယ်။ မြင်သာမြင်ရ မစားရတဲ့ တောကပြိတ္တာတွေဖြစ်ခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့အတိုင်းဆိုရင် လယ်သမားတွေ လွတ်လပ်ရေးမရကြ သေးပါဘူး။

တကယ်တော့ ကျနော်တို့မြန်မာနိုင်ငံပြည်သူလူထုတရပ်လုံး လွတ်လပ်ရေးမရကြသေးပါဘူး။ ဒီတခါ ကျနော်တို့ပြည်သူလူထုတရပ်လုံးရဲ့လွတ်လပ်ရေးအတွက် ရင်ဆိုင်တိုက်ခိုက် ဆန့်ကျင်တော်လှန်နေရတဲ့အစိုးရကတော့ အင်္ဂလိပ်နယ်ချဲ့မဟုတ် ဂျပန်ဖက်ဆစ် မဟုတ်ပါဘူး။ အမျိုးသားစစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်အစိုးရဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်ကို ဒီကနေ့ မတရားအုပ်ချုပ်နေတဲ့စစ်အစိုးရဟာ အင်္ဂလိပ်နယ်ချဲ့အစိုးရနဲ့ ဂျပန်ဖက်ဆစ်အစိုးရတွေထက်ပိုပြီးရက်စက်ကြမ်း တမ်းပါတယ်။ ကောက်ကျစ်စဉ်းလဲပါတယ်။ အဲဒီလိုအာဏာရှင်အစိုးရမျိုးဟာ သူ့အလိုလို အမြင်မှန်ရ သဘောထားပြောင်းပြီး တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့အလိုဆန္ဒကိုလိုက်လျော အာဏာစွန့်လွှတ်ရိုးထုံးစံ မရှိပါဘူး။ ကျနော်တို့တိုင်းပြည်ရဲ့ အင်အားအကြီးမားဆုံးလူတန်းစားဖြစ်တဲ့ လယ်သမား တောင်သူလယ်သမားတွေအပါအ၀င် အလုပ်သမားလူတန်းစား ကျောင်းသား သံဃာ အရပ်ဖက်ပြည်သူ့ဝန်ထမ်းတွေနဲ့ အခြေခံပြည်သူလူထုကြီးတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုအင်အား၊ ပေါင်းစည်းမှုအင် အားနဲ့ တညီတညွတ်တည်း ဆန့်ကျင်အုံကြွတွန်းလှန်ကြမှသာ စစ်အာဏာရှင်အစိုးရဆိုးကို ဖြုတ်ချဖယ်ရှားနိုင်ပါလိမ့်မယ်။

ကျနော်တို့မြန်မာနိုင်ငံက တောင်သူလယ်သမားတွေဟာ သမိုင်းမညှိုးခဲ့ကြပါဘူး။ နေမ၀င်အင်ပါယာကြီးကိုထူထောင်နိုင်ခဲ့တဲ့ အင်္ဂလိပ်နယ်ချဲ့အစိုးရဖိနှိပ်အုပ်စိုးမှုကိုတောင် ခေါင်းငုံ့အညံ့မခံ ဆန့်ကျင်တော်လှန်ရဲခဲ့တဲ့သမိုင်း ရှိခဲ့ပါတယ်။ ဂဠုန် ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမားသူပုန်တွေ နယ်ချဲ့အင်္ဂလိပ်စစ်တပ်ရဲ့သေနတ်လှံစွပ်တွေကို ဓားလှံလေးမြား တွေနဲ့ရှိတဲ့ သေနတ်လက်နက်ကလေးတွေနဲ့ အံတုတော်လှန်နိုင်ခဲ့ကြပါတယ်။ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ အစိုးရအဖွဲ့နဲ့ အုပ် ချုပ်ရေးယန္တရားကို တုန်ခါလှုပ်ယမ်းသွားစေနိုင်ခဲ့ပါတယ်။ နယ်ချဲ့အစိုးရဟာ ဆရာစံကို ကြိုးပေးသတ်ဖြတ်နိုင်ခဲ့ပေမယ့် တောင်သူလယ်သမားတွေရဲ့တော်လှန်ရေးဝိညဉ် တော်လှန်ရေးစိတ်ဓာတ်ကိုတော့ မသတ်ဖြတ်နိုင်ခဲ့ပါဘူး။ တတိုင်းပြည် လုံးကို ကူးစက်ပြန့်နှံ့သွားခဲ့တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို မတားဆီး မနှိမ်နှင်းနိုင်ခဲ့ပါဘူး။ တော်လှန်ရေးမီးတောက်ကို မငြိမ်းသတ်နိုင်ခဲ့ပါဘူး။

အင်္ဂလိပ်အဘိဓာန်မှာ “ဘွိုင်းကောက်” ဆိုတဲ့ဝေါဟာရတလုံး တိုးချဲ့ထည့်သွင်းခဲ့ရတာဟာ အိုင်ယာလန်ပြည် “ကောင်တီမေ ယို” က လယ်ယာမြေအဖွဲ့ချုပ်ရဲ့ဦးဆောင်မှုနဲ့ အိုင်းရစ်မြေမဲ့ ယာမဲ့ ဆင်းရဲသားတောင်သူလယ်သမားတွေက မြေရှင်ကြီး လော့ဒ်အန်းရဲ့ကိုယ်စားလှယ်ဗိုလ်ကြီးဟောင်း ချားလ် ကန်နင်ဂမ် ဘွိုင်းကောက် (Charles Cunningham Boycott) ရဲ့ ဖိစီးနှိပ်စက်မှုတွေကို ဆန့်ကျင်ငြင်းဆန်ခဲ့ကြလို့၊ သူနဲ့ သူ့သခင်မြေပိုင်ရှင်ကြီးရဲ့စေခိုင်းမှုတွေကိုငြင်းဆန်ပြီး သူတို့ကို လူမှု ဆက်ဆံရေးနယ်ပယ်ကနေ ၀ိုင်းပယ်ဖယ်ကြဉ်ထားခဲ့လို့ ဈေးမရောင်း စာမဝေ အိမ်မှာ အလုပ်မလုပ်ပဲ လူ့အဖွဲ့အစည်းက ကြဉ်ထားခဲ့လို့ နောက်ဆုံးမြေပိုင်ရှင်ကြီးရော၊ စစ်တပ်တွေပို့ပေးခဲ့တဲ့ အင်္ဂပ်အစိုးရရော ချားလ်ဘွိုင်းကောက်ရော လက်လျှော့ အရှုံးပေးခဲ့ရလို့ ဖြစ်ပါတယ်။ ချားလ်ဘွိုင်းကောက်ရဲ့နာမည်ကယူလိုက်တဲ့ ဘွိုင်းကောက်ဆိုတဲ့စကားလုံးရဲ့ မူလအစအဓိပ္ပါယ် ဟာ “၀ိုင်းပယ်ဖယ်ကြဉ်ထားမှု” ဖြစ်ပါတယ်။ မြန်မာတွေကတော့ သပိတ်မှောက်ခြင်းလို့ အနက်ဖွင့်သုံးစွဲလာခဲ့ကြပါတယ်။

စစ်အာဏာရှင်အစိုးရကို မြေပိုင်ရှင်ကြီးနေရာကထား သူတို့ရဲ့ လက်ကိုင်တုတ်တပ်သားတွေ၊ အလိုတော်ရိတွေ ကျောရိုး ဒေါက်တိုင်တွေကို မြေရှင်ကြီးရဲ့ကိုယ်စားလှယ် ချားလ်ဘွိုင်းကောက်အဖြစ်သဘောထားပြီး ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့လူမှုဆက်ဆံရေးဘ၀ကနေ ၀ိုင်းပယ်ဖယ်ကြဉ်ထားလိုက်ကြရအောင်ပါ။ ပူးပေါင်းဆောင်ရွက်ဖို့ကို ခေါင်းခါပါ။ အဆက် အဆံလုပ်ဖို့ကို ခေါင်းခါပါ။ အရောင်းအ၀ယ်လုပ်ဖို့ကို ခေါင်းခါပါ။ စစ်အာဏာရှင်အစိုးရအသိုင်းအ၀ိုင်းနဲ့ လက်ကိုင်တုတ် အလိုတော်ရိ ဒေါက်တိုင်  ပြည်သူ့သစ္စာဖောက်တွေအားလုံးကို ပြည်သူလူထုတရပ်လုံးက “နိုး” လို့ တညီတညွတ်တည်းခေါင်း ခါဆန့် ကျင်နိုင်ကြရင် စစ်အာဏာရှင်အစိုးရ ကြာရှည်မခံနိုင်ပါဘူး။ ပြည်သူလူထုကို ဒူးထောက်အညံ့ခံလာရမှာ အသေအချာ ပါပဲ။ ညီညွတ်ခြင်းသည် အင်အားဖြစ်ပါတယ် ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts