ကဗျာ

ခက်ဦး – လွဲချင်လည်း ရောက်ရောက်နေတဲ့ ခေတ်

 ခက်ဦး – လွဲချင်လည်း ရောက်ရောက်နေတဲ့ ခေတ်
(မိုးမခ) မေ ၂၀၊ ၂၀၁၅

ခေတ် ခေတ် ခေတ်
အစလည်းမရိုး
အလယ် ထိုနည်းလည်းကောင်း
အဆုံး ဗြောင်းဆန်ဦးမယ့်ခေတ်။

ခေတ် ခေတ် ခေတ်
စာရေးဆရာတွေ
တော တောင်နဲ့ မင်းတြားကြီးဘုန်းတော်ဘွဲ့
မဖွဲ့ဆိုတဲ့ခေတ်။

ခေတ် ခေတ် ခေတ်
ကဗျာဆရာတွေ အနုအလှမဖွဲ့
ကာတွန်းဆရာတွေ ရယ်စရာမရေးတဲ့ခေတ်။

ခေတ် ခေတ် ခေတ်
လူသတ်သမားတွေလွှတ်ထား
ကျောင်းသားတွေအကျဉ်းချတဲ့ခေတ်။

ခေတ် ခေတ် ခေတ်
အစိမ်းပုတ်ရောင်ခြုံ အကြီးအကဲများ
သေနတ်ကိုယ်စီခါးထိုး
အိပ်ချင်းဆိုးနဲ့ငိုက်တဲ့ခေတ်။

ခေတ် ခေတ် ခေတ်
အပေါ်ယံခပ်စားတော့ ရေနွေးအမြည်း
အောက်ခြေလှန်တော့ သုံးခွန်ခြောက်
လောက်ကောင်တွေမွှေထိုး
ငြိမ်းချမ်းရေး အပြာရောင်ဇွတ်ဆိုးတဲ့ခေတ်။

ခေတ် ခေတ် ခေတ်
သူ့အလှည့်ငါ့အလှည့် လုကြ
သူ့တစ်ဖဲ့ ငါ့တစ်ဖဲ့ လုကြ
စားပို့နင့်မသေ မိစ္ဆာတွေ
ဝေလေလေအကနဲ့
တခစ်ခစ်ရယ်နိုင်ကြသေးတဲ့ခေတ်။

ခေတ် ခေတ် ခေတ်
အဲ့ဒီ့ခေတ်ပေါ့ ……….
သဝေထိုးနဲ့ခကွေး
မျက်နှာချင်းဆိုင်ပလားဟေ့ဆို
တဝမ်းပူကြီး ထ ထ သတ်လို့
ခြောက်ကပ်ကပ်ကြီးလည်း
ဖြစ်ညှစ် အာခေါင်ခြစ်ပြနေရ
ခေတ်ကခေတ်ကိုဗိုလ်ကျနေတဲ့ခေတ် ။

ခက်ဦး
၁၈ . ၅ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts