စာစုတို လှကျော်ဇော

လှကျော်ဇော – ကဗျာလေးတပုဒ်

လှကျော်ဇော – ကဗျာလေးတပုဒ်
(မိုးမခ) မေ ၁၆၊ ၂၀၁၅

ကျွန်မတို့မြို့မှာဆေးလာကုနေတဲ့ မိတ်ဆွေတဦးက တနေ့မှာ စာရွက်လေးတရွက်ပေးရင်း ဒီလိုပြောလာပါတယ်။ “ကျွန်တော် ဗျာ အဘိုးကြီး ဆုံးတယ်ကြားကြားချင်း ဒီကဗျာကိုရေးခဲ့မိတယ်။ ပြီးတော့ ခင်ဗျားကို မပေးဖြစ်ခဲ့ဘူး။ ကိုယ့်ဟာကိုယ်လည်း ဘယ်ထဲရေးမိမှန်းမသိဘူး။ သတိရတော့ရှာတာ ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ ဟိုတပတ်ကမှ မိတ်ဆွေတယောက်က သူ့စာစောင်ရှာပေးပါဆိုလို့ ရှာရင်းက စာအုပ်တအုပ်ထဲမှာ ဒါကိုသွားတွေ့တယ်။ အတော်နောက်ကျသွားပြီဖြစ်ပေမဲ့ ခင်ဗျား တို့ကစာအုပ်တွေမပြတ်ထုတ်နေတော့ ကြုံတဲ့နေရာမှာ သုံးပေတော့ …”တဲ့။

အဲဒီသူက ဖေဖေနဲ့ပန်ဆန်းမှာအတူတွဲ အလုပ်လုပ်ခဲ့သူပါ။ကျွန်မတို့တတွေနဲ့က တိုက်ဖော်တိုက် ဖက် ရဲဘော်ဟောင်းများပေါ့။ ဖေဖေကွယ်လွန်ပြီး (၂၀၁၂-အောက်တိုဘာ-၁၀ ရက်) ထုတ်ဝေခဲ့တဲ့ “အရေးတော်ပုံ” ဂျာနယ်ရဲ့ “ရဲဘော်ဦးတင်သို့ ကန် တော့ပန်းကဗျာများ” အခန်းအတွက်ရော ကွယ်လွန်ပြီး တနှစ်ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်ဝေခဲ့တဲ့ “သူတို့ရင်ထဲက ဗိုလ် မှူးချုပ်ကျော်ဇော” စာအုပ်အတွက်ရော သူ့ထံက ကဗျာတွေ စာမူတွေ တောင်းစဉ်က ဘာကဗျာမှ မပို့ခဲ့ပါဘူး။ ဆောင်းပါး တိုလေးတစောင်တော့ရခဲ့ပါတယ်။ ဒါလည်း စာအုပ်ထဲပါပြီးပါပြီ။

သူ့ကဗျာလေးဖတ်ကြည့်တော့ တိုပေမဲ့ ထိထိမိမိလေးရှိလို့ ရုတ်တရက် ရင်ထဲမှာ“နင့်”ခနဲ ဖြစ်ရပြီး ဖေဖေ့ ကိုသတိရသွားမိ တယ်။ ဖေဖေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း စာအုပ်များကလည်း တော်တော်များများ ထုတ်ပြီးနေပြီဖြစ်လို့ လောလော ဆယ်ထုတ်ဘို့အစီအစဉ်လည်း မရှိဖြစ်နေပါတယ်။

ဒါကြောင့်ဘဲ ဒီမိတ်ဆက်စာတိုလေးရေးပြီး ကဗျာလေးကို “ မိုးမခ” မှာ တင်လိုက်ရပါတယ်။ စာဖတ်သူများ သဘောကျ မယ်ထင်ပါတယ်။

အတူနေဘဝ သတိတရရှိနေသူ

ရိုးသား၍ မအသူ။
စေ့စပ်၍ သေချာသူ။
ယဉ်ကျေး၍ သိမ်မွေ့သူ။
နှိမ်ချ၍ စိတ်ရှည်သူ။
သူ့လိုလူ တကယ်ရှိခဲ့သူ။

ရင်တွင်းမျိုသိပ်နိုင်၍
ထိမ်းချုပ်နိုင်စွမ်းရှိသူ။

အဖြီးအဖျန်းကိုသိ၍
အပြုံးပန်းဖြင့်ဖေါ်ပြနိုင်သူ။

အမြော်အမြင်ကြီး၍
အမြဲမပြတ်လေ့လာနေသူ။

တာဝန်ကမပြီး၊
လောကပန်းတိုင်ကိုရောက်သွားသူ

အသက်အရွယ်ကကြီး
အိုမင်းမစွမ်းပေမဲ့
ရည်မှန်းချက်ပန်းတိုင်ကို ၊
ဆုံးခမ်းတိုင်လျှောက်လှမ်းသူ ။

သို့သော် …. သူ
ရှင်စဉ် မွန်မြတ်၊ သေသော် ငရဲမလားသူ
ဗိုလ်ကျော်ဇောလိုလူ … သူ … သူ …သူ။

ချစ်အောင်
(၁၀-၁၀-၂၀၁၂ ကွယ်လွန်ကြောင်းကြားသိရခြင်း ရေးစပ်တဲ့ကဗျာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လှကျော်ဇော – ကဗျာလေးတပုဒ်

Comments are closed.