ကဗျာ

မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၆)

 မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၆)
(မိုးမခ) မေ ၉၊ ၂၀၁၅

လမ်းပေါ်က
သပိတ်တပ်ချီတက်သံတွေ
မိုးလုံး လျှံကျ
ရိုက်ခတ်နိုးထစေခဲ့
စစ်ကျွန်လူထု
နိုးကြွလာခဲ့ကြလေရဲ့။

ကျေးလက်မြို့ပြ အိမ်ခြေ
ရပ်ကွက်တွေက ကြိုဆိုကြ။

ငြိမ်ကုတ် မှိန် ကုတ် နေတဲ့
စာသင်ကျောင်းဟောင်းတွေ
လည်တိုင်မော့ ကြိုဆိုကြ
မှောင်နဲ့မဲမဲ
အိမ်မက်ဆိုးတွေထဲက
နိုးထလာခဲ့ကြ။

ပိတ်ထားတဲ့ ကျောင်းတံခါးဟောင်းတွေ
ပိတ်ထားခံရတဲ့ ဆရာ ဆရာမတို့ရဲ့
ပါးစပ်ပေါက်အဟောင်း
နှုတ်ခမ်း မျက်ဝန်းအဟောင်းတွေ
လမ်းမပေါ်တွေ ငေးကြိုနေကြ
တချို့တံခါးတွေဖွင့်ထွက်
မျက်လုံးပါးစပ်ပေါက်များ
နွေဦးပန်းပွင့်များပမာ
ဖွင့်လှစ် ကြိုဆိုလိုက်ကြ။

ရေသန့်ဘူး အစားအစာ
ဒေသထွက် ကိုင်းထွက်သီးနှံ
ပြုစုဧည့်ခံ
မေတ္တာပို့ ဆုချွေသံတွေ
သေနတ်သံထက်ပြင်းတဲ့
လက်ခုတ် တီးခတ်သံတွေ
လှပ ဂီတသံနဲ့ ကြိုနေကြ
ကျောင်းသား မိန့်ခွန်းကို
ပီတိမျက်ရည်နဲ့ ကြိုဆိုလိုက်ကြပေါ့။

သူတို့ချီတက်ရာ ရပ်ဝန်း
ရွှန်းလဲ့ စိုလန်း
လွတ်လပ်ခြင်းအသစ်
တိုင်းသစ် ပြည်သစ်တခုပဲ။

မောင်စိုးချိန်
ဖေဖေါ်ဝါရီ  ၂၁၊ ၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts