Poems မင်းညွှန့်လှိုင်

မ င်း ညွှ န့် လှို င် –ေ နွ ဥ တု သို့ေ တး

 မ င်း ညွှ န့် လှို င် –ေ နွ ဥ တု သို့ေ တး
(မိုးမခ) မေ ၉၊ ၂၀၁၅

[ ၁ ]
ဝေးမယ့်ရက်တွေမှန်းဆဖို့
သစ်ရွက်ကြွေတွေ လိုက်ဖမ်းကြမယ် ။

ဆွေးတဲ့ရက်တွေမှတ်သားဖို့
သစ်ရွက်ကြွေတွေ သိမ်းထားကြမယ် ။

“ကျောင်းတံခါးပိတ် အိမ်မပြန်ချင်ဘူး”
သီချင်းဟောင်းလေးတပုဒ်ဟာ
နွေအိပ်မက်များထဲအထိ
စာမေးပွဲလာလာစစ်နေတုန်းပေါ့ ။

[ ၂ ]
အဲဒီမြို့မှာ နွေမရှိဘူးလို့
အတိအလင်းကြွေးကြော်ထားတဲ့
တောင်ပေါ်မြို့ကလေး “မေ” မှာ ။

စိမ်းသောသစ်ပင်နဲ့
အစိမ်းခွဲခွဲလိုက်ရတဲ့
စိမ်းရွက်တရွက်ရဲ့သက်ပြင်းချသံမှာ
နွေကို
မြင်ဖြစ်အောင်မြင်ခဲ့လိုက်တယ် ။

ကိုယ်ဟာ
အဆိုးမြင်ဝါဒီတယောက်လား ။

[ ၃ ]
သက်တမ်းကုန်သစ်ရွက်များကို
တိတိကျကျနေရာချထားသူ
လှပတဲ့နွေရက်တွေ ။

ချွေးစို့နေသည့်တိုင်
သနပ်ခါးဖွေးဖွေးပါးပြင်ရဲ့
ချစ်မက်ဖွယ်ကောင်းပုံမျိုးပေါ့ ။

[ ၄ ]
ရှောင်မရတဲ့အတူတူ
ဒီအပူကို
မြိန်ရေယှက်ရေစုပ်ယူ ။

ဖူးပွင့်လိုက်စို့
အေးအေးလူလူ ။       ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts